ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဧပြီလ၂၀ ရက်နေ့က နှစ်ဖက်တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်သဖြင့် အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဧပြီလ၂၀ ရက်က မင်းပြားမြို့နယ် ရာမောင်တံတား အနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဝကျေးရွာ အုပ် စု၊ မင်းရွာ၊ ထောင့်ချေရွာ၊ မြစ်နားရွာ စသည့်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသည့်အတွက် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
ထိုသို့ လက်နက်ကြီးကျ၍ သေဆုံးသည့် အမျိုးသမီးမှာ မြစ်နားကျေးရွာနေ ဒေါ်သန်းသန်းဝေ ဆိုသူ ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူများမှာ ထောင့်ချေကျေးရွာမှ အသက် ၄၀ အရွယ် ဦးမောင်အေးသန်း၊ ဇနီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်ဦးဆန်းရီ၊ သမီး ဖြစ်သူ အသက်၂၀ အရွယ် မသန်းဦးကြည်တို့ မိသားစု ၃ ဦးနှင့် ယင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးထွန်းမောင်၊ အ သက် ၄၅ နှစ်အရွယ် ဒေါ်သိန်းတင်အေးတို့ ဖြစ်ကြောင်း သိရသည်။
မင်းရွာကျေးရွာမှ ဒဏ်ရာရှိသူ ဦးစိန်းအေးချမ်း အပါအဝင် ၄ ဦးမှာ အနည်းငယ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် အတွက် ကျေးရွာအတွင်း ကုသမှုခံယူခဲ့ရကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီး တဝိုက် တောင်တန်းများတွင် တပ် မတော်နှင့် AA အဖွဲ့ တို့ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်က တိုက်လေယာဉ်များဖြင့် လာရောက် ဗုံး ကြဲတိုက်ခိုက်မှုများ ရှိကြောင်း ဒေသခံ ရွာသားများက ပြောသည်။
ဖားပျော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြထွန်းက“တိုက်ပွဲက မနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ ဒီနေ့ ဖားပျော်ရွာ အနီး ဝန်းကျင် တောင်တန်းတွေကို တပ်မတော်က ဂျက်တိုက်လေယာဉ်တွေနဲ့ လာတိုက်တာ ကမ္ဘာပျက်သလိုပဲ နားတွေ မခံနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်လကတည်းက ဖားပျော်ကျေးရွာ အတွင်းရှိ နေအိမ်များ မီးလောင်သွားခဲ့သည့်အတွက် ကျေးရွာသား များမှာ နီးစပ်ရာ ကျေးရွာများသို့ ဝင်ရောက်ခိုလှုံခဲ့ရသေးသည်။
ဧပြီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါ မင်းပြားမြိုနယ် ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန် – စစ်တွေ ကားလမ်းပေါ်၌ ဟိုက်ဂျက်ကား တစီး ပစ်ခတ်ခံရသည့်အတွက် ကားပေါ်တွင် လိုက်ပါလာသူ ၂ ဦးတွင် ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ နယ်မှ အမည်မဖော်လိုသော အစိုးရ ဝန်ထမ်းတဦးက“ကျည်ထိတဲ့ကားက ရန်ကုန်ကနေ စစ်တွေ ဘက်ကို လာတယ်လို့ သိရတယ်။ ပိုးသတ်ဆေး ကုမ္ပဏီတခုက ဘဏ်တွေကို ပိုးသတ်ဆေး လာဖြန်းတာလို့ အကြမ်းဖျင်း သိရတယ်။ ၁ ယောက်ကတော့ ဆုံးသွားတယ်။ နောက်တယောက်ကတော့ အခု ဆေးရုံကို ပို့ထားတယ်။ သတိမရသေးဘူး” ဟု ဧရာဝတီသို့ မနေ့က ပြောသည်။
အဆိုပါ ကားအပစ်ခံရသူများ၏ မှတ်ပုံတင်များကို စိစစ်ချက်အရ သေဆုံးသွားသူ အသက် ၃၀ အရွယ် ကိုနွယ်နွယ်မောင် မှာ ကျောက်ဖြူမြို့နယ် အတွင်းက ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ ကိုဟိန်းထက်ဦးမှာ လယ်ဝေးမြို့နယ်က ဖြစ်သည် ဟုလည်း ကနဦး သိရှိရကြောင်း စုံစမ်း သိရှိရသည်။
ဧပြီလ ၂၀ ရက်နေ့ကလည်း ရာမောင်တံတား အနီးဝန်းကျင်တွင် COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးရန် နမူနာ သယ်လာ သည့် ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) မှ ယာဉ်တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း ကျည်ထိ ဒဏ်ရာဖြင့် ယနေ့ နံနက်တွင် ဆုံးပါးသွားခဲ့ပြီး ကျန်းမားရေး ဝန်ထမ်း ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုပစ်ခတ်မှုမှာ တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲကြသော်လည်း ကုလသမဂ္ဂ အဖွဲ့(UN) အနေဖြင့် ဖြစ်စဉ် အမှန်ကို စုံစမ်းလျက် ရှိကြောင်းလည်း ယနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မင်းပြားတွင် WHO ကား ပစ်ခတ်ခံရ၊ ဝန်ထမ်း ၁ ဦး သေဆုံး