ရခိုင်ပြည်နယ်မှ COVID-19 စောင့်ကြည့်လူနာများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ သယ်ဆောင်သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ယာဉ် တိုက်ခိုက်ခံမှုကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် စစ်ဆေးအရေးယူပေးရန် ကုလသမဂ္ဂ(UN) အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres က တောင်းဆိုလိုက်သည်။
Mr. Antonio Guterres အနေဖြင့် ပြင်ထန်စွာဒဏ်ရာရရှိခဲ့သူအား အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် ဆန္ဒပြု ကြောင်းနှင့် သေဆုံးခဲ့သူ၏ မိသားစုထံသို့လည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး တိုက်ခိုက်မှုအပေါ် ပွင့်လင်းမြင် သာစွာ စုံစမ်းစစ်ဆေးပေးရန်နှင့် ကျူးလွန်သူများအား ဥပဒေအရ အရေးယူပေးရန် တောင်းဆိုခဲ့ ကြောင်း ကုလ သမဂ္ဂအဖွဲ့က ထုတ်ပြန်ခဲ့သည်။
COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရအား ကူညီနေသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ယာဉ်သည် စစ်တွေမြို့မှ ရန်ကုန်သို့ ဧပြီ ၂၀ ရက်နေ့က ထွက်ခွာလာစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား အကျော်၊ ရာမောင်ဇက်ဆိပ် အနီးတွင် လက်နက်ကိုင် အဖွဲ့တခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင်သည့် WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်မှာ ကွယ်လွန်ခဲ့ကာ စစ်တွေမြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ကြီးကြပ် (၂) ဦးအောင်မျိုးဦးတွင် ဒဏ်ရာများရရှိခဲ့သည်။
တိုက်ခိုက်ခံရသည့် နေရာပတ်ဝန်းကျင်တွင် တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး WHO ယာဉ် တိုက်ခိုက်ခံရသည့်ဖြစ်ရပ်အပေါ် တပ်မတော်နှင့် AA တို့အပြန်အလှန် စွပ်စွဲလျှက်ရှိသည်။
ဧပြီ ၂၁ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီးတွင် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ဆေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစီးမှာ ထပ်မံပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ ဦးနွယ်နွယ်မောင်မှာ သေနတ်ထိမှန်ကာ ကွယ်လွန်ခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မောင်ဟိန်းထက်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။
COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အစိုးရမှ ကြိုးပမ်းနေချိန်တွင် လူသားချင်းစာနာထောက်ထားမှု တာဝန်ထမ်းဆောင်နေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မော်တော်ယာဉ်အား တိုက်ခိုက်ခြင်းအား ရှုံးချကြောင်း၊ စုံစမ်းစစ်ဆေးမှုများနှင့် ရှုံ့ချဖွယ်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ COVID-19 သံသယ/စောင့်ကြည့်လူနာများ၏ နမူနာ (Swab) များ ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရေးအတွက် လေကြောင်းလိုင်းများ ပြန်ဖွင့်မှသာ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက် တာ သာထွန်းကျော်က ပြောသည်။
ဒေါက်တာ သာထွန်းကျော် က “Swab တွေကို လေကြောင်းလိုင်းတွေ ရပ်နားထားတော့၊ WHO ကို အကူအညီ တောင်းပြီး ရန်ကုန်က ဓာတ်ခွဲခန်းကို ပို့နေရတာပါ၊ ဓာတ်ခွဲနမူနာက ယူပြီး ၄၈ နာရီအတွင်း ဓာတ်ခွဲစစ်ရမှာ ဖြစ်တဲ့အတွက် သူတို့ယူလာတာတွေ ပြန်ပြီးသုံးလို့မရတော့ပါဘူး၊ လေကြောင်းလိုင်တွေ စတင်ဖွင့်ရင် လေ ကြောင်းနဲ့ပဲ နမူနာများပို့ဖို့ စီစဉ်နေတဲ့ အခြေအနေပါ” ဟု ပြောသည်။
COVID-19 ဖြစ်ပွားသည့် ကာလအတွင်း လေကြောင်းလိုင်းများ ရပ်နားထားလျှက်ရှိရာတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) အနေဖြင့် ပြည်တွင်း၊ ပြည်ပ လေယာဉ်ခရီးစဉ်များအား ဧပြီ ၃၀ ရက် နေ့အထိ ခေတ္တရပ်နားကြောင်း ကြေညာထားပြီး ကမ္ဘောဇ လေကြောင်းလိုင်း (Air KBZ)အနေဖြင့် ပြည်တွင်းခရီးစဉ် အချို့အား ပြေးဆွဲ ပေးလျှက်ရှိရာတွင် ရန်ကုန်-စစ်တွေ-ရန်ကုန် ခရီးစဉ်အား ဧပြီ ၂၃ ရက်နှင့် ၂၉ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ဧပြီ ၁၈ ရက်နေ့က ကြေညာထားသည်။
လက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ COVID-19 စောင့်ကြည့်လူနာ ၄ ဦးရှိသည့်အတွက် သီးခြားခွဲထားကာ ကုသလျှက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း COVID-19 ပိုးရှိသူ အတည်ပြုလူနာ မရှိသေးကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ စစ်ဆေးမှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာ ရေး ဓာတ်ခွဲခန်း (NHL) တခုတည်းတွင်သာ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ပြီး မန္တလေးနှင့် ရန်ကုန်တွင် ဓာတ်ခွဲ ခန်း တခုစီ ထပ်မံတိုးချဲ့ရန် ဆောင်ရွက်လျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
You may also like these stories:
COVID-19 အစုပြုံလိုက် ကူးစက်ခံရလျှင် ကုသရန် ပြင်ဆင်ထားဟု ရန်ကုန်တိုင်းအစိုးရ ပြော
ကျန်းမာရေး ဝန်ထမ်းများကို အထူးခံစားခွင့် ပေးမည်ဟု အတိုင်ပင်ခံပြော