အစိုးရထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး သင်္ကြန်ပွဲ ကျင်းပခြင်း အပါအဝင် လက်ထက်ခွင့် မတင်ပဲ အိမ်ထောင်ပြုထားသည့် ရဲတပ်သား တဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု တာချီလိတ် မြို့မရဲစခန်းမှ သိရသည်။
တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ညီညီဌေး က “အကုန်လုံးကိုတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေ ပုဒ်မ ၂၅/၃၀ (က) နဲ့ အရေးယူထားပါတယ်။ ရဲတပ်သားကိုတော့ ကျနော်တို့ ရဲစည်းကမ်းနဲ့ တပေါင်းထဲ အရေးယူထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပါလျှက်နဲ့ လက်ထပ်ခွင့်ကို မတင်ဘဲ အထက်ကိုလည်း တင်ပြမှုမရှိဘဲ အိမ်ထောင်ပြု ထားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. Crush Bar ပိုင်ရှင်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ရဲတပ်သား တို့သည် ထိုင်းနိုင်ငံသားများနှင့် အတူ လူစုလူဝေးမလုပ်ရဆိုသည့် ဒေသန္တရ အမိန့်ကို ဖောက်ဖျက်ကာ ကခုန်ရေကစားခဲ့ခြင်းကို ဧပြီလ ၁၂ ရက်နေ့က လူမူကွန်ရက်တွင် live လွှင့်ခဲ့သည်။
ထိုအကြောင်းအရာကို တွေ့ရှိသဖြင့် တာချီလိတ်ရဲစခန်းမှ တာဝန်ရှိသူများသည် စည်းကမ်းဖောက်ခဲ့သူများကို သွားရောက်ဖမ်းဆီရာတွင် ရဲတပ်သား အပါအဝင် စုစုပေါင်း ၁၂ ဦးကို ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်တွင် တာချီလိတ်မြို့၌ လူစုလူဝေးပြုလုပ်ခြင်းအပြင် KTV၊ Bar၊ Club များပိတ်ထားရန် တာချီလိတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။
ထို့ကြောင့် စည်းကမ်းဖောက်ဖျက်သူ ၁၂ ဦးလုံးကို တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က တရားလိုပြုလုပ်၍ စည်းကမ်းဖောက်ဖျက်သူများကို တာချီလိတ်မြို့မရဲစခန်းတွင် ဒေသန္တရအမိန့်၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
တာချီလိတ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် က “သူကို ရဲစခန်းထိန်းသိမ်းရေးအရ စစ်နေတယ်။ တရားစွဲတာကတော့ မလုပ်ရသေးဘူး။ အခုမှ ရဲစခန်းမှာ ရမန်ယူပြီး စစ်ဆေးနေတုန်းပါ။ လူကများတော့ သူတို့ရှေ့ဆက်ဖော်ထုတ်မလား၊ မဖော်ထုတ်ဘူးလားဆိုတာ ကျနော်တို့ကလည်း စောင့်ကြည့်နေတာပဲ” ဟု ပြောသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရအမိန့်များထုတ်ပြန်ကာ တားမြစ် ထားခြင်းဖြစ်သည်။
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ်နှင့် ၃၀ (က) အရ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆိုထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၂၁ ဦးရှိသည့် အနက် ရှမ်းပြည်နယ်မှ ပိုးတွေ့လူနာ ၆ ဦးလည်း ပါဝင်သည်။
ဆက်စပ် သတင်းလင့်
ဥပဒေ ချိုးဖောက်ကာ ရေကစားခဲ့သူများကို ဖမ်းဆီးအရေးယူ