ဧရာဝတီတိုင်း ဒေသကြီး၌ ထုတ်ပြန်ထားသည့် ညမထွက်ရ ဒေသန္တရ အမိန့်ကို မလိုက်နာဘဲ အပြင်ထွက်သူ၂၄ ဦးကို သက်ဆိုင်ရာ မြို့နယ်တရားရုံးများက ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်တားဆီးရေး အတွက် ဧရာဝတီတိုင်း ဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ တိုင်းအတွင်းရှိ မြို့နယ်၂၆ မြို့နယ်မှ ကော်မတီများက ဧပြီလ ၁၈ ရက်၌ ညမထွက်ရသော ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်အရ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ပြည်သူများ အပြင်မထွက်ရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အမိန့်ကြေညာသည့် ဧပြီလ ၁၈ ရက်မှ ၂၁ ရက်နေ့အတွင်း အမိန့်ကို ဖောက်ဖျက်သူ၂၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် မြို့နယ် တရားရုံးများသို့ ဦး တိုက် လျှောက်ထားကာ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ဧရာဝတီတိုင်းမှာ ကိုဗစ်ရောဂါ ကာ ကွယ်ရေးအတွက် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။ ဒါကို မလိုက်နာဘဲ အမိန့်ကို ဖောက်ဖျက်ပြီး အပြင်ထွက်တဲ့ အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အုပ်ချုပ်ရေးဌာနက တရားစွဲဆိုခဲ့ရာမှာ သက်ဆိုင်ရာ တရားရုံးတော်များက ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း၌ ညမထွက်ရ အမိန့် စတင်ထုတ်ပြန်သည့် ဧပြီလ ၁၈ ရက်ညပိုင်းတွင် တိုင်းအတွင်းရှိ မြို့နယ်၂၆ မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များက ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအထိ လှည့်ကင်း၊ ရပ်ကင်းများ ဆောင်ရွက်၍ ဖမ်းဆီးခဲ့ရာ ရန်ကုန် တိုင်း၊ အလုံနှင့်လှိုင်သာယာမြို့နယ် တို့မှ ဟင်္သာတမြို့သို့ လာရောက်သူ ၅ ဦး၊ ဟင်္သာတမြို့နယ်မှ ဒေသခံ ၁၂ ဦး၊ မြန် အောင်မြို့နယ်မှ ၅ ဦး၊ ဘိုကလေးမြို့နယ်မှ ၁ ဦး၊ ညောင်တုန်းမြို့နယ်မှ ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဖမ်းဆီးထားသူများကို နောက်တနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက တရားလိုပြုလုပ် တရား စွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးများက ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပြီးနောက် အပြစ်ဒဏ် ချမှတ်ခံရသူများကို ဟင်္သာ တထောင်၊ မအူပင်ထောင်နှင့် ဖျာပုံ အကျဉ်းထောင်များသို့ နေ့ချင်း ပို့ဆောင်၍ အကျဉ်းချခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရ သည်။
ရာဇသတ်ကြီးပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ်ပြန် ကြေညာသောအမိန့်ကို သိလျက်နှင့် ဖီဆန်ပါက ထို သူအား အလုပ်မဲ့ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်။
ပုသိမ်မြို့မှ ဝါရင့် အထက်တန်းရှေ့နေ ဦးဇော်ဝင်းအောင်က “ကိုရိုနာ ရောဂါက ကူးစက်မှု အရမ်းမြန်တာကလည်း တ ကြောင်း၊ အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေလည်း ရှိနေတာကြောင့် ပြည်သူ တွေ လုံခြုံရေးနဲ့ ရောဂါကူးစက်မှု တားဆီးရေးအတွက် ညမထွက်ရ အမိန့်က ထုတ်သင့်ပါတယ်။ ပြည်သူများကလည်း ဒီအမိန့်ကို ပေါ့ပေါ့ဆဆ မထားသင့်ဘဲ အလေးထားလိုက်နာသင့်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရ ဒေသန္တရ အမိန့်မှာ ဌာနဆိုင်ရာ တာဝန်ဖြင့် သွားလာသူများ၊ ကျန်း မာရေးကိစ္စ ဆောင်ရွက်သူများနှင့် နာရေးကိစ္စ ဆောင်ရွက်သူများကို ကင်းလွတ်ခွင့် ပြုထားပြီး နာရေးဖြစ်ပါက ရပ်ကွက်၊ ကျေရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာဖြင့် သွားလာခွင့်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်ဆေးရုံ၊ ဟင်္သာတ ဆေးရုံ၊ လပွတ္တာဆေးရုံနှင့် မြောင်းမြ ဆေးရုံတို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက်ကုသမှုများ ရှိခဲ့သော်လည်း ဓာတ်ခွဲ စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် လက်ရှိအချိန် အထိ ဧရာဝတီတိုင်း၌ ပိုးတွေ့သူ မရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ဧပြီလ ၂၁ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူ ၁၂၁ ဦး တွေ့ရှိထားပြီး အဆိုပါ လူနာ များအနက် လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကွတ်ခိုင်တွင် ည မထွက်ရ အမိန့်ထုတ်