မန္တလေးတွင် ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သူများအား ရိုက်နှက်ဆုံးမရန် ဒေသဆိုင်ရာ အမိန့် ယနေ့အထိ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဧရာဝတီကို ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာအမိန့်အနေနဲ့ ထုတ်ထားတာ မရှိပါဘူး။ ကျနော် သိထား သလောက်တော့ ရိုက်လိုက်တဲ့သူက ရဲတပ်ဖွဲ့ဝင်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူမှုတွေ လုပ်ဖို့ တာဝန်ရှိဌာနက ဆက်ဆောင်ရွက်ပါလိမ့်မယ်”ဟု ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောဆိုသည်။
မန္တလေးတိုင်းတွင် COVID-19 ကာကွယ် ထိန်းချုပ်ရေး အတွက် ဧပြီ ၁၇ ရက်မှစတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီ အတွင်း မည်သူမဆို လုံလောက်သော အကြောင်း ပြချက်မရှိဘဲ ပြင်ပသို့ ထွက်ခြင်း မပြုရန်နှင့် မလိုက်နာပါက တည်ဆဲ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရ က ဒေသန္တရ အမိန့်အဖြစ် ဧပြီ ၁၆ ရက်က စတင် ထုတ်ပြန် ထားသည်။
ဧပြီ ၂၁ ရက် ညပိုင်းက မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၆၂ လမ်းမပေါ်တွင် ညဘက် နယ်မြေလုံခြုံရေး ဆိုင်ရာ စစ်ဆေးရေး ဆောင်ရွက်နေသည့် အဖွဲ့မှ ရဲတပ်ဖွဲ့ဝင် တဦးက ညပိုင်း အပြင်ထွက်လာသည့် လူငယ်အမျိုးသားတဦးအား တုတ်ဖြင့် ရိုက်နှက်သည့် ဗီဒီယိုဖိုင် ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါ ဗီဒီယိုနှင့်ပတ်သက်၍ တာဝန်ရှိသူက ထိုသို့ပြည်သူတဦးအား ကိုယ်ထိလက်ရောက် ရိုက် နှက်ဆုံးမခြင်း အပေါ် မန္တလေးမြို့ခံများကြား ဝေဖန်မှုများရှိပြီး ၎င်းလုပ်ရပ်အား ထောက်ခံ ကြသူ ရှိသလို ကန့်ကွက် ရှုတ်ချကြသည်ကိုလည်း တွေ့ရသည်။
ချမ်းမြသာစည် မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက“ရိုက်တဲ့ရဲက ကန် တော်နဒီ ဆေးရုံမှာ တာဝန်ကျတဲ့ ရဲပါ။ အရိုက်ခံရတဲ့ ကောင်လေးကို ပထမက ကန်တော်နဒီ ဆေးရုံနားမှာ တွေ့လို့ အိမ်ပြန်ဖို့ ပြောပြီးသား။ ဒါကို အခုဗီဒီယိုမှာပါတဲ့ နေရာ (ရပ်ရွာ တာဝန်ရှိသူ တွေက လုံခြုံရေး စစ်ဆေးနေတဲ့ နေရာ) မှာလည်း သူ့ကို ထပ်တွေ့တော့ အကျိုးအကြောင်း မေး တဲ့အခါ အဆင်မပြေလို့ ရပ်ရွာက တာဝန်ရှိတဲ့သူတွေက ရဲအကူအညီ လှမ်းတောင်းလို့ ကန်တော် နဒီမှာ တာဝန်ကျတဲ့ ရဲက အဲဒီနေရာကို လာပြီး စစ်မေးတဲ့အခါ အဆင်မပြေတာ လေးတွေ ဖြစ်သွားတဲ့ အပေါ် အခုလို လုပ်လိုက်ပုံရပါတယ်”ဟု ဧရာဝတီကို ရှင်းပြသည်။
ဦးမြင့်အောင်မိုးက ဆက်လက်ပြီး“ဘာပဲဖြစ်ဖြစ်ပါ အစိုးရက ထုတ်ပြန်ထားတဲ့အမိန့်တွေကို မလိုက်နာရင် ဥပဒေနဲ့ အရေး ယူလို့ရတဲ့ အပေါ်မှာ အခုလိုပြုမူတာကိုတော့ လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ကော၊ မြို့ခံ တယောက် အနေနဲ့ပါ မကြိုက်ပါဘူး။ မဖြစ်သင့် ဘူးလို့ဘဲ မြင်ပါတယ်။ အခုကျ အစိုးရက စနစ်တကျ စီမံခန့်ခွဲနေတဲ့ ကြားက လူပြောစရာ ဖြစ်ရတာပေါ့လေ”ဟု ပြောဆိုသည်။
မန္တလေး မြို့ခံတဦးဖြစ်သူ ကိုရဲအောင်စိုးက နှစ်ဦး နှစ်ဖက် ပြေပြေလည်လည် ဆက်ဆံသင့် ကြောင်း၊ သောက်စား မူးယစ် နေ၍ ပြောဆိုရ ခက်ခဲသည့် အခြေအနေဆိုပါက ထိုက်သင့်သည့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်သင့်ကြောင်း ပြောဆို သည်။
ကိုရဲအောင်စိုးက“ဒီလိုရိုက်နှက်ဖို့လဲ အမိန့် ထုတ်ထားတာမဟုတ်တော့ တာဝန်ရှိတဲ့ အဖွဲ့အစည်း ကရော၊ လိုက်နာရ မယ့် ပြည်သူဘက်ကရော နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ဆက်ဆံသင့်ပါ တယ်။ သောက်စား မူးယစ်နေပြီး ပြောမရတဲ့ အနေအထား ဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တဲ့ အရေးယူမှုတွေ လုပ်ရမှာပေါ့”ဟု ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်းတွင် ဧပြီ ၂၁ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပိုးတွေ့လူနာ ၁ ဦးရှိ၍ ကန်တော်နဒီ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ အသွားအလာ စောင့်ကြည့်မှု ခံယူနေသူ (Facility Quarantine) အရေအတွက် ၄၀၀၀ နီးပါးရှိကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
Mask တပ်ရန်ပြောသော ယာဉ်ထိန်းအား ဓားဖြင့်ပြန်ခုတ်သည့် အမျိုးသား သေဆုံး