ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ မြန်မာ့ စီးပွားရေးဘဏ်ဝင်းထဲသို့ ယနေ့ ညနေ ၅ နာရီဝန်းကျင်က လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲသည့်အတွက် ဘဏ်ဝန်ထမ်း ၁ ဦး အပါအဝင် ကလေး၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူများမှာ ဘဏ်ဝန်ထမ်း စာရေးဖြစ်သူ ဒေါ်နွယ်နွယ်ထွန်းနှင့်အတူ သူမ၏ ၄ နှစ်အရွယ် သမီး ၁ ဦးနှင့် ဘဏ်ဝန် ထမ်း ဦးသိန်းနိုင်၏ သားဖြစ်သူ ၁၀ နှစ်အရွယ် မောင်ကျော်နိုင်ဝင်းတို့ ဖြစ်ကြောင်း ပလက်ဝ မြို့ခံများက ပြောသည်။
ပလက်ဝမြို့ခံ တဦး က “ဒီနေ့ ညနေ ၅ နာရီလောက်မှာ မြို့လယ်တည့်တည့်ဘဏ်ထဲက ဝန်ထမ်း အိမ်ရာကို လာကျတာ။ အလောင်းတွေက ကြည့်လို့တောင် မရတော့ဘူး။ တစစီ ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြို့ခံများကတော့ ပလက်ဝမြို့ တဖက်ကမ်း တောင်ကြောများတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) အဖွဲ့တို့ ယနေ့ တနေ့လုံး တိုက်ပွဲဖြစ်ပွားနေရာမှနေ ထိုသို့ မြို့ပေါ်သို့ လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ပြောသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးစိုးထက်ကတော့ ပလက်ဝမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်ဝင်းထဲသို့ လက် နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဝန်ထမ်း အမျိုးသမီး ၁ ဦး အပါအဝင် ကလေး၂ ဦး သေဆုံးသည်မှာ မှန်ကန် ကြောင်း အတည်ပြုသည်။
ဝန်ကြီး ဦးစိုးထက်က “ဘဏ် နောက်ကျောဘက်ကို လက်နက်ကြီးကျလို့ အားလုံး ၃ ဦး သေတယ်ဗျ။ တိုက်ပွဲက မြို့ အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ယနေ့ မနက် ၉ နာရီ ဝန်းကျင်ကလည်း ပလက်ဝမြို့ တဖက်ကမ်း မီးလက်ဝ ကျေးရွာနှင့် ရုပ်ဝကျေးရွာကြားတွင် တည်ရှိသည့် စိုက်ခင်းထဲသို့ လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် စိုက်ခင်းထဲ ဟင်းခူးနေသူ ၄၈ နှစ်အ ရွယ် ဒေါ်သန်းသန်းဝင်းမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်းလည်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။
သေဆုံးသူ ဒေါ်သန်းသန်းဝင်း၏ အစ်မ ဒေါ်မသန်းရွှေ က “ဒီနေ့ မနက် ၉ နာရီလောက်မှာ အဒေါ့်ညီမလေးက စိုက်ခင်းထဲ ဟင်းခူးနေတာမှာ လက်နက်ကြီး လာကျတာ။ ဒဏ်ရာက ဝမ်းဗိုက်အထက်ပိုင်းမှာ လာမှန်တယ်။ ဆုံးသွားပါတယ်။ သူ့ အလောင်းကိုတော့ ဒီနေ့ ညနေပိုင်းမှာပဲ သဂြိုဟ်လိုက်ပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ဒေါ်သန်းသန်းဝင်းမှာ ပလက်ဝမြို့ပေါ် မြို့မ ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး သူမတွင် သားသမီး ၃ ဦး ကျန်ရှိခဲ့ကြောင်းလည်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။
လက်ရှိ အချိန်အထိလည်း အဆိုပါ ပလက်ဝမြို့နယ် အနီးဝန်းကျင်တွက် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် အတွက် မြို့ခံများမှာ အလွန် စိုးရိမ်နေရကြောင်းလည်း သိရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အစပ် တွင် တည်ရှိသည့် မီးဝဗျူဟာကုန်းတွင် တပ်မတော်နှင့် AA အဖွဲ့တို့ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြရာ ရက် ပေါင်း ၄၀ ကျော်ထိ ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ မီးဝဗျူဟာကုန်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ပြီး ကျောက်တော်-ပလက်ဝလိုင်း စက်လှေများမှာ ယနေ့ အထိ ရပ်တန့်သွားခဲ့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ဒေသခံပြည်သူများမှာ စားနိရိက္ခာ အခက်ကြုံတွေ့နေရ သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ချင်းတိုင်းရင်းသားများ အပါအဝင် ရခိုင်တိုင်းရင်းသားများလည်း နေထိုင်ကြပြီး မြို့နယ်တခုလုံး၏ လူဦးရေမှာ ၁ သိန်းကျော် ရှိကြောင်းလည်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့