ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့သည့် လူနာနံပါတ် ၁ ကို ၅ ကြိမ်မြောက် စစ်ဆေး ရာတွင် Positive သာဖြစ်နေဆဲဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ဧရာဝတီ သို့ ပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက် က “လူနာနံပါတ် ၁ က ၅ ကြိမ်ရှိပြီ Positive ပဲ။ ဧပြီလ ၂၀ ရက်က ပို့တာက အဖြေ မသိရသေး ပါ။ သူ့အမေကတော့ ၃ ကြိမ်နဲ့ နောက် သူနေခဲ့တဲ့အိမ်က လူကို ၂ ကြိမ် စစ်ဆေးပြီးတာ။ သူတို့က ကျန်းမာတယ်။ ဘာမှ မဖြစ်ဘူး” ဟု ပြောသည်။
တီးတိန်တွင် ပြည်နယ်အစိုးရက သတ်မှတ်ထားသည့် Lockdown နေရာများသည် ဧပြီလ၂၁ ရက်တွင် ပြည့်ပြီဖြစ်သော် လည်း လူနာထပ်တိုးနေသည့် အတွက် Lockdown ကာလထပ်မံ တိုးသွားရန် ဆုံးဖြတ်ကြောင်းလည်း ဝန်ကြီးက ဆက် လက် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါပိုးရှိသူကို တီးတိန်မြို့နယ်တွင် မတ်လ ၂၃ ရက်က စတင် တွေ့ရှိရာမှ ဧပြီ လ ၂၂ ရက်အထိ ရောဂါပိုးရှိသူ ၅ ဦး (လူနာနံပါတ် ၁၊ ၂၃၊ ၃၁၊ ၇၈၊ ၁၁၃) အထိ ရှိလာပြီး၊ ထိုလူနာများကို တီးတိန်ဆေးရုံ၌ သီးသန့်ထားရှိ ကုသမှုပေးနေသည် ဟု သိရသည်။
လူနာ တွေ့ရှိခဲ့သည့် တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ကျေးရွာနှင့် လွယ်ဘွာလ်း ရပ်ကွက်ရှိ မာန်ဂင့်လမ်း၊ ကမ်းဟောက်လမ်း၊ ဒေါ်မန်ငိုက်ဇင့် နေအိမ်၊ ဦးဆုံဒိုခမ် နေအိမ်တွင် နေထိုင်သူများအနေဖြင့် ပြင်ပသို့ သွားလာခြင်း မပြုရန်နှင့် ပြင်ပမှ လူများ သည်လည်း အဆိုပါ နေရာများသို့ ဝင်ရောက်ခြင်း မပြုရန် တီးတိန်၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဧပြီလ ၁၉ ရက်က ထုတ်ပြန်ထားသည်။
COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့၏ ထုတ် ပြန်ချက်အရ အသက်ရှူလမ်းကြောင်းမှတဆင့် အဓိက ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အိမ်အတွင်း၌ နေ ထိုင်ခြင်း၊ တဦးနှင့်တဦး ထိတွေ့မှု မရှိရန် ရှောင်ရှားရန်လည်း လိုအပ်ကြောင်း တီးတိန်မြို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သတိပေး တားမြစ်ထားသည်။
ထိုသို့ Lockdown ကာလထပ်မံ တိုးမြှင့်လိုက်ခြင်းကြောင့် ကပ်တဲလ်ရွာ အပါအဝင် သတ်မှတ်နေရာများတွင်လည်း စား စရာ ပြတ်လပ်လုနီးပါး ဖြစ်နေသည်ဟု ကပ်တဲလ်ရွာမှ ဆရာဝန် ဒေါက်တာ ဖြိုးကျော်က ဆိုသည်။
၎င်းက “အခု ဆေးရုံမှာက ICU အခန်းမရှိတော့ လူနာက အောက်ဆီဂျင်လိုတာမျိုးဆို ဆေးရုံမှာ မရှိဘူးလေ။ ဒီရောဂါရဲ့ ပုံစံကလည်း အသက်ရှူလို့ မရတဲ့ပုံစံ။ တကယ်လို့ လူနာတွေက အရေးပေါ် ဖြစ်လာမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအ နေမှာ ရှိတယ်” ဟု ပြောသည်။
တီးတိန် ဒေသခံများ အနေဖြင့်လည်း အသက်ကြီးသည့် လူနာများနေပြီး ယခုအတိုင်း ဆက်လက်တိုးနေမည် ဆိုပါက အစိုး ရ အနေဖြင့် မည်သို့ စီစဉ်ဆောင်ရွက်မည်နည်းဟု မေးခွန်းထုတ်ကာ စိုးရိမ်မှုရှိနေကြောင်း တီးတိန် ဒေသခံ ဆလိုင်းအားပီ က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးစိုးထက်က “ဒေသခံတွေကတော့ တောင်ယာလုပ်ဖို့ နောက်ကျတယ်တို့၊ ရေတို့၊ မီး တို့ ပြဿနာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီပြဿနာတွေ ထက်စာရင် ရောဂါက ပိုပြီး အရေးကြီးတယ်လို့ သူတို့ကို ရှင်းပြထားတာရှိတယ်။ ရောဂါကူးစက်မှု မဖြစ်အောင် ဒါလေးတော့ လိုက်နာပေး ရမယ်လို့ ကျန်းမာရေး ဝန်ထမ်း တွေကို ရှင်းပြခိုင်းတာတော့ သိပ်ပြီး ပြဿနာမရှိပါဘူး” ဟု ပြောဆိုသည်။
အကယ်၍ သီတင်းတပတ်အတွင်း ရောဂါပြန့်ပွားမှု မရှိပါက Lockdownကို ဖြေလျှော့သွားမည်ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် တီးတိန်မြို့နယ်သို့ ပြည်ပမှ ဝင်ရောက်လာသူ ၂၂၉ ဦး အနက် ၆၀ ဦးသည် Home quarantine ဝင်နေပြီး ကျန်သူများက တီးတိန်မြို့ရှိ အထက်တန်းကျောင်း၌ Quarantine ဝင်နေသည်ဟု သိရသည်။
ကမ္ဘာတဝန်း၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ဧပြီလ ၂၂ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် ကူးစက်သူ ၁၂၇ ဦး၊ ပြန်သက်သာသူ ၇ ဦး၊ သေဆုံးသူ ၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ဆက်စပ်ဖတ်ရှုရန်
Case 1 လူနာ တည်းခိုခဲ့သည့် ကလေးမြို့က အိမ်ရှင်တွင် ပိုးတွေ့
ကပ်တဲလ်ရွာ Lockdown ကာလ ၇ ရက် ထပ်တိုး
COVID-19 ကူးစက်ခံရသူများအပေါ် စာနာစိတ်ထားရန် နိုင်ငံတော်အတိုင်ပင်ခံပြော