ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသော နိုင်ငံပိုင် ဟိုတယ် ၂၆ လုံး၏ ဟိုတယ်၊ မြေ ငှားရမ်းခ ပေးသွင်းခြင်းကို ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ၆လကြာ ရွှေ့ဆိုင်းပေးလိုက်ကြောင်း ဧပြီလ ၂၁ ရက်က ထုတ်ပြန်လိုက်သည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တဦးက “ကျမတို့ ဌာနမှာ နိုင်ငံပိုင် ဟိုတယ် ၂၆ လုံးရှိတယ်။ ပြန် ပြီး အပ်တဲ့ ဟိုတယ်ကလွဲလို့ အားလုံးက ငှားထားတာ ဖြစ်တယ်။ ဒီငှားရမ်းခတွေကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်။ ပြန် အပ်တာက အကြမ်းဖျင်း ၃ လုံးလောက် ရှိတယ်။ ဒါတွေကို အစိုးရပေါ်လစီအရ သက်ဆိုင်ရာ Project Bank ကို သွင်းပြီး တော့မှ တင်ဒါခေါ်ဖို့တွေ ဘာတွေ လုပ်နေတယ်။ ကိုဗစ်-၁၉ ကြောင့်တော့ ပြန်အပ်တာ မဟုတ်ဘူး။ သက်တမ်း ပြည့်လို့ ပြန်အပ်တာ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ ပေါင်းများစွာ၌ COVID-19 ရောဂါ ကူးစက်မှု များပြားလာသောကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်ရောက် တည်းခိုခြင်းမရှိဘဲ ခရီးသွား လုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း တွေ့ရှိရသဖြင့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရန် နိုင်ငံပိုင်ဟိုတယ် ငှားရမ်း လုပ်ကိုင်သူများက ဌာနသို့ ပေးသွင်း ရမည့် ဟိုတယ်၊ မြေ ငှားရမ်းခများကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟိုတယ်ငှားရမ်းခများမှာ တလုံးနှင့် တလုံး တူညီမှု မရှိသောကြောင့် ဈေးနှုန်းကိုပြော၍ မရကြောင်း ယခုအချိန်တွင် လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဝန်ကြီးဌာနမှ ပံ့ပိုးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် ဟိုတယ်/ခရီးဝန်ကြီး ဌာနပိုင် ဂိုဒေါင်များ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းမှု အခကြေးငွေများကိုလည်း လက်ရှိတွင် ပြန်လည်စိစစ်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကျော်ဦးက “ဒီကာလမှာ ကျနော်တို့တွေက အလုပ်လည်း မဖြစ်ဘူး။ ငှားရမ်းခကို ပေးနေရတာကျတော့ အရမ်းကြီး ထိခိုက်နစ်နာတယ်။ ပြီးတော့ ဝန်ထမ်းတွေလည်း လစာပေးရတယ်။ ဘဏ်ချေးငွေ အတိုးနှုန်းက သက်သာတာလည်း မရှိတော့ ဖိစီးမှုက ပိုများတယ်။ ငှားရမ်းခကို လုံးဝ ကင်းလွတ်ခွင့်ပေးရင်တော့ လုပ်ငန်းရှင်အတွက် အသက်ရူပေါက် ရတာပေါ့။ နိုင်ငံတော်ကလည်း အကုန်လုံး မျှကြည့်ရတာ ဖြစ်တဲ့အတွက် လုံးဝကင်းလွတ်ခွင့်ပေးဖို့လည်း မဖြစ်နိုင်ဘူးထင်တယ်”ဟု ပြောသည်။
လတ်တလောတွင် နိုင်ငံတော်မှ အခွန်အခ ကောက်ခံမှု ၄ လ၊ ၅ လ၊ ၆ လ ရွှေ့ဆိုင်းပေးခြင်းများလည်း ရှိနေပြီး ယင်း အချက်များသည်လည်း ဟိုတယ်လုပ်ငန်းရှင်များအတွက် ထူးခြားမှု သိပ်မရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဘာကြောင့်လည်း ဆိုတော့ ဝင်ငွေရှိလို့ အခွန်ဆောင်ရတာက ပြဿနာ မရှိဘူး။ ဝင်ငွေမရှိလို့ ရွှေ့ဆိုင်းတယ်ဆိုတာလည်း မထူးခြားဘူး။ တဖြေးဖြေး အရှိန်ရမှ လုပ်ငန်းက လည်ပတ်သွားမှာ ဖြစ်တယ်။ ဒါကြောင့် နည်းနည်းလေး ထိရောက်မှု အားနည်းတယ်။ အစိုးရကတော့ တနိုင်ငံလုံးကို ကြည့်ရတဲ့အတွက် ဒါတော့ ဖြစ်နိုင်တယ်လို့ အကောင်းဆုံး လုပ်တယ်လို့တော့ ယူဆရတောပေါ့။ မဖြစ်တာနဲ့စာရင် ဖြေလျှော့မှု နည်းနည်းရှိတယ်လို့ ယူဆရတာပေ့ါ”ဟု အမြင်ကို သုံးသပ်ပြောပြသည်။
လက်ရှိတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများကိုလည်း တနှစ်ကင်း လွတ်ခွင့် ပြုထားပြီး ခရီးသွားကဏ္ဍ အခွန်အခများကိုလည်း ခြောက်လ ဆိုင်းငံ့ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညိုနှိုင်းနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ဧပြီလ ၁၇ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားထားသည်။
ခရီးသွား လုပ်ငန်းများ ရပ်နေချိန်တွင် ကျွမ်းကျင် ဝန်ထမ်းများကို ဆက်လက် ထိန်းထားနိုင်ရန်အတွက်လည်း နိုင်ငံတော်မှ အတိုးနှုန်း သက်သာသော ချေးငွေများလည်း ထုတ်ပေးနေခြင်း အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော အခြေခံ လက်လုပ် လက်စားများအတွက် ခရီးသွားဝန်ဆောင်မှု သင်တန်းများ မကြာမီ ဖွင့်လှစ်မည်ဖြစ်ကာ ယင်းသင်တန်း တက်ရောက်သူများကို အစိုးရက နေ့တွက်လုပ်အားခ ပေးရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ဟိုတယ်နှင့် တည်းခိုခန်း သုံးထောင်ကျော်နှင့် ခရီးသွားလုပ်ငန်း သုံးထောင်ကျော်မှ ဝန်ထမ်း ၁ သိန်းခွဲကျော်နှင့် ဧည့်လမ်းညွှန် ၁ သောင်းနီးပါး ထိခိုက်ခဲ့သည့် အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော အနှေးယာဉ်များ၊ လှေများ၊ အငှားယာဉ်များ၊ စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ အစရှိသည်တို့မှ ဆက်စပ်လုပ်သား ၁ သိန်းခွဲကျော်တွင်လည်း အဘက်ဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောဆိုထားသည်။
၂၀၁၉ ခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအားလုံးမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်း ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ဆက်စပ်လင့်
အလုပ်လက်မဲ့ ဖြစ်ပွားနိုင်ခြေက ရန်ကုန် တမြို့တည်း ဦးရေ သိန်းနဲ့ ချီရှိလာနိုင်တယ်
ကိုဗစ်ပေးတဲ့ ပုဂံ ဒေသခံတွေရဲ့ သောက