Covid-19 ကြောင့် ကုန်ဈေးနှုန်းများ ထိခိုက်မသွားစေရန် အတွက် နိုင်ငံတော် အစိုးရအနေဖြင့် အရန်ဆန်နှင့် ဆီ ကို ဝယ်ယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန (စီးပွား/ကူးသန်း) လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အရန်ရိက္ခာအဖြစ် ဆန်တန်ချိန် ၅ သောင်း နှင့် စားအုန်းဆီ တန်ချိန် ၁ သောင်း ၂ ထောင် ကို ဝယ်ယူရန် အတွက် ပြည်ထောင်စု အစိုးရမှ ကျပ် ၃၈ ဘီလီယံ သုံးစွဲရန် ခွင့်ပြုချက်ရရှိ ပြီးဖြစ်ပါကြောင်း သိရသည်။
ဦးခင်မောင်လွင်က “နိုင်ငံတော်ကလည်း အရန်ဆန်ထားရှိဖို့ တင်ပြခိုင်းတယ်။ အဲ့ဒီတော့ ကျနော်တို့ဘက်က အရန် ရိက္ခာဖြည့်ဖို့ ဆန်တန်ချိန် ၅ သောင်းရယ်၊ ဆီတန်ချိန် ၁ သောင်း ၂ ထောင်ရယ်ဝယ်သင့်တယ်လို့ တင်ပြခဲ့တယ်။ ဒါကို နိုင်ငံတော်က ခွင့်ပြုခဲ့လို့ ကျပ် ၃၈ ဘီလီယံ ခွင့်ပြုရန်ပုံငွေ ရရှိပြီးဖြစ်တယ်။ အရန်ဆန်ကို ဧပြီလ ၂၇ ရက်မှာ စတင်ဝယ်ယူမှာ ဖြစ်တယ်” ဟု ပြောသည်။
အရန်ဆန် ဝယ်ယူရာတွင် စီးပွား/ကူးသန်းမှ မတ်လက ပြည်ပသို့ ဆန် တင်ပို့ ခွင့် လိုင်စင် ခွင့်ပြုထားသည့် ပို့ကုန် လုပ်ငန်းရှင်များထံမှ ဝယ်ယူသွားမည်ဖြစ်ပြီး အကြမ်းအားဖြင့် ဧည့်မထ အမျိုးအစား ဆန် ၁ အိတ်လျှင် ကျပ် ၂၁၆၀၀ နှုန်းဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း ဦးခင်မောင်လွင်က ရှင်းပြသည်။
ဦးခင်မောင်လွင် က “မတ်လထဲမှာ လိုင်စင်ခွင့်ပြုပေးခဲ့တဲ့ တင်ပို့ခွင့်ရတဲ့ ဆန်တန်ချိန် ၁ သိန်းထဲကမှ နိုင်ငံတော် အရန်ဆန် အတွက် ၁၀ ရာခိုင်နှုန်းကို ပို့ကုန်လုပ်ငန်းရှင်တွေက ရောင်းပေးရမယ်။ ဆန်ပဲတင်ပို့ပို့၊ ဆန်ကွဲပဲ တင်ပို့ပို့၊ ပေါင်းဆန်ပဲ တင်ပို့ပို့ ဥပမာ လုပ်ငန်းရှင်က ဆန် တန်ချိန် ၁၀၀၀ တင်ပို့ရင် တန် ၁၀၀ အရန်ဆန် အဖြစ် ရောင်း ပေးရမှာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိ ဧပြီလအတွင်း၌ COVID-19 ကြောင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး တွက်ချက်ရန် ပြည်ပ တင်ပို့ခွင့် ဆန် လိုင်စင် ဆိုင်းငံ့ ထားသော်လည်း လာမည့် မေလတွင် ဆန်တန်ချိန် ၁ သိန်းခွဲ တင်ပို့နိုင်ရန် ခွင့်ပြုပေးမည် ဖြစ်ပြီး ယင်း တင်ပို့မှုထဲမှ နိုင်ငံတော် အရန်ဆန်အဖြစ် ၁၀ ရာခိုင်နှုန်းကို လုပ်ငန်းလုပ်သူများက ဝန်ကြီးဌာနသို့ ရောင်းချပေးရမည် ဖြစ်ကြောင်း သိရ သည်။
သို့သော် နိုင်ငံတော် အရန်ဆီ (စားအုန်းဆီ) ဝယ်ယူခြင်းကို လက်ရှိတွင် စီးပွား/ကူးသန်း က မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း နှင့် ဈေးနှုန်း အပါအဝင် ပြည်ပမှ တင်သွင်းမည့် အခြေအနေများကို ဆက်လက် ညိုနှိုင်း ဆောင် ရွက် နေကြောင်း ဦးခင်မောင်လွင်က ပြောသည်။
၎င်းက “ဆီကိုတော့ ပလတ်စတစ်ပုံး အထူတွေနဲ့ ဝယ်ယူတင်သွင်းဖို့ ဈေးနှုန်းတွေဘာတွေ အသင်းနဲ့ ညိုနှိုင်းနေတယ်” ဟုလည်း ဆိုသည်။
မြန်မာတနိုင်ငံလုံး အနေနှင့် စားသုံးမှု တလလျှင် ဆန်တန်ချိန် ၆ သိန်း ၆ သောင်း လိုအပ်ချက်ရှိကာ အရန်အနေနှင့် ၁၀ ရာခိုင် နှုန်း ထားရှိကာ အရန်ဆီကို ၄၀ ရာခိုင်နှုန်း ထားရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ စီစဉ်ရခြင်းသည် ယခုဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် ကုန်ဈေးနှုန်း တက်ခြင်းကိုလည်း တည်ငြိမ်စေရန် အတွက် အထောက်အကူပြုမည်ဟု ဆိုသည်။
နိုင်ငံတော် အရန်ရိက္ခာဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၊ မန္တလေးတိုင်း ဆီလုပ်ငန်းရှင်များ အသင်း၊ ဆန် လုပ်ငန်းရှင်များ အသင်း တို့နှင့် စီးပွား/ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်က ဦးဆောင်၍ ဆွေးနွေးညိုနှိုင်းမှုများကို ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်အတွင်းက ပြုလုပ်ခဲ့ကြောင်း ဝန်ကြီး၏ facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။
မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်မင်း က “၂၇ ရက်နေ့ စ ဝယ်မှာ နိုင်ငံတော် ဘတ်ဂျက်ကလည်း ချပေးထားပြီ။ ရှင်းပါတယ်။ စပါးပေါ်ချိန်ရှိတယ်။ ဈေးကွက်က ပိတ်ထားလို့လည်း မရဘူးဆိုတော့ ဆန်ဆိုလည်း အိတ်စ်ပို့ သမားတွေကို အဆင်ပြေတဲ့ ဈေးနှုန်းလေးမှ အဆင်ပြေမယ်။ ဒါကြောင့် အိတ်စ်ပို့ ချ ပေးတဲ့ သူတွေကို နိုင်ငံတော်က ၁၀ ရာခိုင်နှုန်း ပြန်ဝယ်မှာ။ ကုန်သည်တွေကလည်း တအိတ် ကျပ် ၂၁၆၀၀ ဆိုတာ နိုင်ငံတော် ကို လျှော့ပေးတာ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “စားအုန်းဆီဆိုလည်း အသင်းအဖွဲ့နဲ့ လုပ်လိုက်တဲ့အတွက် အကုန်လုံးမျှပြီးတော့ စားအုန်းဆီ ဘယ်လောက် သွင်းမယ် နိုင်ငံတော်အတွက် ဘယ်လောက် ရောင်းပေးမယ်ပေါ၊့ ဒါကြောင့် ကုန်သည်တွေ အမြတ်အစွန်း အများကြီး မစားဘူး ဆိုတာလည်း ပေါ်လွင်သွားတယ်။ ဗီဒီယိုနဲ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင် ဆွေးနွေး တာဆိုတော့ ကုန်သည်တွေ အနေနဲ့ အောက်ခြေက အချက်အလက် မှန်မှန်နှင့်တိကျကျ ပေးဖို့ လိုတယ်”ဟု ပြောဆိုသည်။
ယခင်က နိုင်ငံတော်အရန်ဆန် ဝယ်ယူခြင်းများ ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့ တိတိကျကျ စာရင်းဇယား အချက်အလက် မျိုး မရှိခဲ့ကြောင်းလည်း ဦးကျော်မင်းက ပြောသည်။
ဆီကုန်သည်များ အနေနှင့်လည်း လက်ရှိတွင် စားအုန်းဆီ တလလျှင် တန်ချိန် ၆ သောင်း လိုအပ်ချက် ရှိနေသောကြောင့် စားအုန်းဆီ သိုလှောင်ကန် တခုလျှင် အနည်းဆုံး ဆီတန်ချိန် ၁ သောင်း ၂ ထောင် ကျန်ရှိနေရမည် ဖြစ်ပြီး စီးပွား/ကူးသန်း အနေနှင့်လည်း ယင်းအခြေအနေကို စိစစ်နေကြောင်း ဝန်ကြီးဌာနမှ သိရသည်။
You may also like these stories:
စက်ရုံအလုပ်ရုံလုပ်သား အချို့ကို ထောက်ပံ့ကြေးပေးရန် စီစဉ်နေ
ပြည်ပ ဆန်ပို့ခွင့် လိုင်စင်သစ်ချထားရေး စီးပွားကူးသန်း သုံးသပ်နေ