သတင်း

လာမည့် ထီဖွင့်ရက် နောက်ဆုတ်ပေးရန် ထီလုပ်ငန်းရှင်များ တောင်းဆို

မေလတွင် ကျင်းပရမည့် ၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် ထီဖွင့်ပွဲကို COVID 19 ရောဂါ တည်ငြိမ်သွားသည့် အချိန် ကာ လမှသာ ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် COVID 19 ရောဂါသည် မတ်လအတွင်း၌ စတင်ပျံ့နှံလာပြီးနောက် ယခုဧပြီလအတွင်းတွင်လည်း ရောဂါ ပိုးပျံ့နှံမှု ပိုမိုဖြစ်ပွားလားခြင်း၊ အဝေးပြေးကားဂိတ်များ ရပ်နားထားခြင်း၊ အစားအသောက်နှင့် ဆေးဝါး အရောင်းဆိုင်များမှ လွဲ၍ ကျန်လုပ်ငန်းများ ဖွင့်လှစ်ခွင့်မရခြင်းနှင့် နေရာအနှံ့အပြား၌ Lockdown များ ပြုလုပ်ထားကြောင်း ထီရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်၍ မရှိကြောင်း အဆိုပါ အသင်း၏ ဒု ဥက္ကဋ္ဌ ဦးသိန်းထွန်း က ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့ သိရလောက် အောင်ဘာလေက ဖြန့်ထားတဲ့ ဟာကလည်း ၃ ပုံ ၁ ပုံ လောက်ပဲ ရောင်းရသေးတယ်။ ဝယ်သွားတဲ့သူကလည်း ထီထိုးတဲ့သူတွေကို မရောင်းနိုင်သးဘူး။ ထီဆိုင်တွေ လက်လီသမားတွေနဲ့ တွန်းလှည်းသမား တွေ လက်ထဲမှာပဲ ရှိသေးတယ်။ အခုချိန်မှာ သွားရောင်းရင်လည်း ဘယ်သူမှ မဝယ်ချင်ဘူးလေ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်က ဖွင့်လှစ်ခဲ့သော ၁၄ ကြိမ်မြောက် အတွက် ထီရောင်းချရသော ကာလအတွင်းတွင် COVID-19 ရောဂါများ စတင် ဖြစ်ပွားချိန်ဖြစ်၍ ထီရောင်းချရန် အခက်အခဲ ဖြစ်ခဲ့ပြီး ထီရောင်းချသူများသည် ယင်းသို့ ၁၄ ကြိမ်မြောက် အတွက် ရင်းနှီးမြှုပ်နှံမှု ထားရသည့် အရင်းငွေ ၃၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များ အသင်းက ဆိုသည်။

အဆိုပါ ၁၄ ကြိမ်မြောက် ထီဖွင့်ပွဲရက်ကိုလည်း ပြောင်းရွှေ့ရန် မတ်လအတွင်းကတည်းက ပြည်တွင်းအခွန်များ ဦးစီးဌာန သို့ တင်ပြခဲ့သော်လည်း ပြောင်းရွှေ့ပေးခြင်းမရှိခဲ့ကြောင့် ယခု ၁၅ ကြိမ်မြောက်ကိုလည်း ပြောင်းရွှေ့ပေးရန် ထပ်မံ တင်ပြ ရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးသိန်းထွန်းက “အခုက ဝယ်မယ့်သူကို မရှိတာ ကျနော်တို့က ဘယ်လိုမှလုပ်လို့ မရတဲ့အတွက် တောင်းဆိုတာပါ။ ဘယ် ရက် ဘယ်ကာလ အထိ နောက်ဆုတ်ပေးဖို့ အထိတော့ မတောင်းဆိုပါဘူး။ အစိုးရအနေနဲ့ သင့်တော်တဲ့ အချိန်တခု လောက် အထိတော့ ပြောင်းရွှေ့ရင်တော့ ကျနော်တို့ အသက်ရှူချောင်တာပေါ့” ဟု ပြောဆိုသည်။

အစိုးရအနေဖြင့် ထီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသူများ၏ ကျန်းမာရေး ရှုထောင့်၊ အရင်းအနှီး ရှုထောင့် များအပြင် အောင်ဘာလေထီ လက်မှတ်များအား လစဉ်မပျက် ရောင်းချနိုင်ရေး တို့ကို ငဲ့ကွက်၍ အချိန် ရွှေ့ပြောင်းရန် စဉ်း စားပေးသင့်ကြောင်း မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်းများ အသင်း၏ သဘောထား ထုတ်ပြန်ချက်အရ သိရ သည်။

ရွှေမြန်မာ ထီဆိုင်ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးလှအောင် က “ကျနော်တို့ ထီဆိုတာက လူစည်ကားတဲ့ ဈေးတို့ ဘာတို့မှာ ရောင်းရတာလေ။ အခုလို အနေအထားမျိုးမှာ ကျတော့ ထီက အရောင်းအဝယ်ကို လုံးဝ မဖြစ်တော့တဲ့ အနေအထား ဖြစ် သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “တနေ့လုပ်မှ တနေ့ စားရမယ့် အခြေခံ ထီလှည်းသမားတွေ အတွက်က ပိုဆိုးသွားတာပေါ့။ ဒီ ကျန်း မာရေးနဲ့ ပတ်သက်ပြီး သက်စွန့်ဆံဖျား သွားရောင်းနေရတဲ့ ပုံစံမျိုး ဖြစ်လာတာပေါ့။ ဒီလိုမျိုး သွားရောင်းလို့ ရောင်းရလား ဆိုတော့ မရောင်းရဘူး” ဟု ဆိုသည်။

ပြည်တွင်း ထီလုပ်ငန်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေကို တဖက်တလှမ်းမှ အထောက်အကူ ပြုနေသော လုပ်ငန်းကဏ္ဍ ဖြစ် ပြီး ယင်းလုပ်ငန်းများ ထိခိုက် ဆုံးရှုံးပါက နိုင်ငံ့ဝင်ငွေ အပေါ်လည်း အကျိုးသက်ရောက်မှုများ ဖြစ်ပေါ် လာစေနိုင်မည် ဖြစ် ကြောင်း ဦးလှအောင် ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်သည် ၁၅ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲ ကို မေလ ၁၅ ရက်သို့ ပြောင်းရွှေ့မည်ဟု သတင်းမီဒီယာတချို့ကို ဖြေကြားထားခြင်းများ ရှိပြီး အဆိုပါ ကိစ္စနှင့် ပတ်သက် ပြီး ဧရာဝတီ အနေဖြင့် အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်သို့ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပါ။

ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က “ကျနော်တို့ ရှေ့တပတ်ထဲမှာ ဘယ်ရက်ဖွင့်မလဲ ဆို တာ နိုင်ငံပိုင် သတင်းစာတွေကနေ တရားဝင် ကြေညာပေးသွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်က ၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် ထီဖွင့်ရက်ကို မေလ ၁၅ ရက်သို့ ပြောင်းရွှေ့ထားမည်ဟု စီစဉ်ထားသော် လည်း လတ်တလော အခြေအနေများ အရ ရက်အတိအကျကို မပြောကြားနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်တွင် ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် ထီ အက္ခရာ (၄၀) လုံး ထီစာအုပ် ၃၂၇၂၇၂၀ အုပ် ရောင်းချနိုင်ခဲ့ပြီး ကျပ်သန်း ၃၂၇၂၇ ဒသမ ၂၀၀ ရရှိခဲ့ကာ ၆၀ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ပြန်လည် ချီးမြှင့်ပေးခဲ့ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက သိရသည်။

Loading