ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည့်အတွက် ရခိုင်တိုင်းရင်းသား ၃ ဦးနှင့် မွတ်ဆလင် ရွာသား ၁ ဦးသေဆုံးခဲ့ပြီး မွတ်ဆလင် ရွာသား ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ရခိုင်တိုင်းရင်းသား ၃ ဦးမှာ မင်းပြားမြို့နယ် နရန်းကျေးရွာမှ အသက် ၆၀ အရွယ် ဦးစံကျော် ၊ မင်းပြားမြို့ ပြည်တော်သာရပ်ကွက်နေ အသက် ၃၀ အရွယ် ကိုသန်းထွန်းနှင့် ကိုထွန်းလုံးချေတို့ ဖြစ်ပြီး စမ္ပလယ် မွတ်ဆလင်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်အီစူအာလီ တို့ ဖြစ်ကြောင်း မင်းပြားမြို့ခံများနှင့် သေဆုံးသူ မိသားစုဝင်များက ပြောသည်။
သေဆုံးသူ ကိုသန်းထွန်း၏ အစ်ကို ဦးသန်းထွန်းဦး က “မနေ့က ညနေ ၈ နာရီ ကျော် လောက်ရှိပါမယ်။ ကျနော်တို့ ညီနဲ့ သူ့သူငယ်ချင်းတို့ မြို့ထဲမှာ ဆိုင်ကယ်နဲ့ သွားနေတာ။ တခြားနေ့တွေလည်း ဒီလိုပဲ ဆိုင်ကယ်နဲ့ သွားနေတာ။ မိခင်နှင့် ကလေးရုံး အနီး လမ်းကွေ့မှာ တပ်မတော် စစ်ကြောင်နဲ့ မျက်နှာချင်းဆိုင် တွေ့တယ်လို့ ပြောတယ်။ အဲဒီမှာ ဘာမှ စစ်ဆေး မေးမြန်းတာ မရှိဘဲ လှမ်းပစ်လိုက်ကြတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ကျနော် ပြောချင်တာက မသင်္ကာဘူးဆိုရင် စစ်ဆေးမေးမြန်းပါ။ မင်းပြားမြို့မှာ ညမထွက်ရ အမိန့် ကလည်း ညနေ ၉ နာရီနောက်ဆုံး ထုတ်ပြန်ထားတာ။ အခုက ညနေ ၈ နာရီကျော်ပဲ ရှိသေးတယ်။ ပုံမှန်သွားနေတဲ့ အတိုင်း ဆိုင်ကယ်နဲ့ သွားတာကို လူတွေ့တိုင်း ဒီလို ပစ်နေတာကတော့ မကောင်းဘူး။ တော်တော်ကြီး မခံမရပ်နိုင်အောင် ဖိနှိပ်လာတယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၂ ရက် ညနေ ၈ နာရီ ၁၀ မိနှစ်အချိန်တွင် မင်းပြားမြို့ဘက်မှ ရာမောင်တံတားဘက်သို့ ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦး မောင်းလာသည်ကို မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးရန် အော်ဟစ်တားမြစ်စဉ် ရန့်တန့်ခြင်း မရှိဘဲ အရှိန်ပြင်းစွာ ဆက်လက် မောင်းနှင်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် တဦးက ခြောက်လှန့် ဟန့်တား ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာတွင် အရပ်ဝတ်များ ဝတ်ဆင်၍ လဲကျသေဆုံးနေသည့် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမည် မသိ အမျိုးသား ၁ ဦးနှင့် အသက် ၃၀ အရွယ်ခန့် အမျိုးသား ၁ ဦး စုစုပေါင်း အမျိုးသား ၂ ဦးတို့ကို ဆိုင်ကယ် ၁ စီးနှင့် အတူ တွေ့ရှိရပြီး ၎င်းအနီးမှ အဖြူရောင် ပလက်စတစ်အိတ်ဖြင့် ထုတ်ထားသည့် မိုင်းဖောက်ခွဲရန် အသုံးပြုသည့် ဖြူစ် ၃ ချောင်း၊ ဝါးညှပ် ခြေနင်းခလုပ်တခုတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင်စစ်တပ် (AA) အနေဖြင့် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းရေး ထိခိုက်ပျက်ပြားစေရန် မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကို ရပ်ကွက်၊ ကျေးရွာများအတွင်း ရွာသားများအသွင်ဖြင့် စိမ့်ဝင်ကာ လူသားတံတိုင်းသဖွယ် အကာ အကွယ်ယူပြုလုပ်လျက်ရှိ ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
သေဆုံးသူ နရန်းကျေးရွာသား ဦးစံကျော်နှင့် စမ္ပလယ်ကျးရွာသား မောင်အီစူအာလီတို့မှာ ယမန်နေ့ ညနေ ၄ နာရီ ကျော်အချိန်က မင်းပြားမြို့အရှေ့ဘက် ၎င်းတို့ ကျေးရွာအနီးဝန်းကျင်တွင် နွားကျောင်း နေရင်း ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်းကျေးရွာသားများက ပြောသည်။
စမ္ပလယ်မွတ်ဆလင်ကျေးရွာမှ ဦးရွှေမောင် က “မနေ့က တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ကျနော်တို့ ရွာက နွားကျောင်းနေတဲ့ ကလေး ၂ ယောက်မှာ ကျည်ကျလို့ ၁ ယောက်သေတယ်။ ၁ ယောက် ဒဏ်ရာရတာရှိတယ်။ နောက် အမျိုးသမီးငယ် တယောက်လည်း ဒဏ်ရာရတာရှိတယ်။ ဘယ်လို ဖြစ်တယ် ဆိုတာတော့ ကျနော်လည်း မသိဘူး။ ပစ်ခတ်ခံရလို့ ရွာသားတွေ သေဆုံးတယ်ကြားလို့ သွားကြည့်တာပဲ ရှိတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ထိုဖြစ်စဉ်တွင် စမ္ပလယ်ရွာသား မောင်အီစူအာလီမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး နရန်းရွာသား ဦးစံကျော်မှာ ခြေနှစ်ဘက် ပြတ်ထွက်သွားကာ ဆေးရုံကို ရောက်ရှိစဉ် သွေးလွန်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
နရန်းကျေးရွာနှင့် စမ္ပလယ်မွတ်ဆလင် ကျေးရွာတို့မှာ မင်းပြားမြို့ အရှေ့ဘက် ရန်ကုန် – စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိသော ရွာနီးနားချင်း ကျေးရွာများ ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄ ဦးကို ယနေ့ သဂြိုလ်လိုက်ပြီး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သူ စမ္ပလယ် မွတ်ဆလင်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မောင်မာမောက် ရော်ဖီးနှင့် အသက် ၂၅ နှစ်အရွယ် မနိုဟတုံတို့ကို မင်းပြားမြို့နယ်အတွင်းက မြောင်းဘွယ် ဆေးရုံသို့ ပို့ဆောင် ထားကြောင်းလည်း သိရသည်။
ဧပြီလ ၂၀ ရက်နေ့လည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဝကျေးရွာအုပ်စု၊ မင်းရွာ၊ ထောင့်ချေရွာ၊ မြစ်နားရွာ စသည့်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးပြီး ရွာသား ၇ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ကမ္ဘာ့ ကျန်းမာရေး ဌာနအဖွဲ့ (WHO) ကားတစီး ပစ်ခတ်ခံရသည့်အတွက် ကားဒရိုင်ဘာ ဝန်ထမ်း ၁ ဦး သေဆုံးပြီး ကျန်းမားရေး ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုပစ်ခတ်မှုနှင့် ပတ်သသက်ပြီး တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲကြသော်လည်း ကုလသမဂ္ဂ (UN) အနေဖြင့် ဖြစ်စဉ်အမှန်ကို စုံစမ်းလေ့လာလျှက် ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ ကလည်း အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်၍ ကျူးလွန်သူကို အရေးယူပေးရန် တောင်းဆိုထားကြသည်။
နောက် တနေ့ ဧပြီလ ၂၁ ရက် နေ့လည်ပိုင်းကတည်း ရန်ကုန်မှ စစ်တွေသို့ လာရောက်သည့် CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ကားတစီးမှာ အဆိုပါ မင်းပြားမြို့နယ် ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် ထပ်မံ အပစ်ခံရသည့်အတွက် ကားပေါ်တွင် လိုက်ပါလာသည့် ဝန်ထမ်း ၂ ဦးတွင် ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ပြင်ထန်ဒဏ်ရာများ ရရှိခဲ့သည်။
You may also like these stories:
ကျောက်တော် ပစ်ခတ်မှု အရပ်သား ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
ပလက်ဝ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျ ၃ ဦး သေဆုံး
မင်းပြားတွင် တိုက်ပွဲပြင်းထန်၊ အရပ်သားတချို့ သေဆုံး