တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ကူးစက်ရောဂါနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင် ၆ ဦးပါဝင်သည့် တရုတ် တပ်မတော်မှ ဆေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် ၂ ပတ်အထိ နေထိုင်ကာ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် ကူညီသွားမည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲဒီအဖွဲ့က တရုတ်အစိုးရရဲ့ ကမ်းလှမ်းချက်အရ မြန်မာအစိုးရက လက်ခံလို့ လာတဲ့အဖွဲ့ပါ။ အရင်ကလည်း အဲဒီလို လာခဲ့ဖူးတာတွေ ရှိခဲ့ပါတယ်။ အခုက ကျနော်တို့ တပ်မတော်က သီးခြား ဖိတ်ကြားလို့ လာတာမျိုး မဟုတ်ပါဘူး။ အဓိကကတော့ ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 အခြေအနေကို သူတို့ဘက်က တတ်နိုင်တဲ့ အကူညီတွေ ပေးတာပါ” ဟု ဆိုသည်။
၎င်းအဖွဲ့သည် COVID-19 နှင့်ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် အခြေအနေများကို မြန်မာ့ တပ်မတော် ဆေးအဖွဲ့မှ ရန်ကုန်ရှိ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ရှင်းလင်းသည့် ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ရှာဖွေ ဓာတ်ခွဲစစ်ဆေးသည့် ဓာတ်ခွဲခန်းများ တည်ဆောက်ရေးတွင်လည်း စက်ပိုင်းဆိုင်ရာ တပ်ဆင်မှုနှင့် လိုအပ်သည် သင်တန်းများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
COVID-19 ကူးစက်မှုဓာတ်ခွဲစမ်းသပ်ခြင်း၊ ရောဂါအတည်ပြုခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ကုသပေးခြင်း စသည့် အခြေအနေများကို ၎င်းတို့ တရုတ်ပြည်တွင် တွေ့ကြုံခဲ့ရသည့် အခြေအနေများကိုလည်း မြန်မာ့တပ်မတော်ထံသို့ ဖြန့်ဝေသွားမည်ဟုလည်း သိရသည်။
တရုတ်နိုင်ငံ တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်မတန် ကောင်းမွန်သလို မြန်မာ့တပ်မတော်အနေဖြင့် တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားပြီးနောက်ပိုင်း ဆေးကုသရေး ဆိုင်ရာ ဆေးပစ္စည်းများ လှူဒါန်းခဲ့ခြင်းကို မိမိတို့အနေဖြင့် မေ့နေမည်မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ချန်ဟိုင် (Mr. Chen Hai) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။
တရုတ်သံအမတ်ကြီး Mr. Chen Hai က “မြန်မာနိုင်ငံမှာ အခုဆို COVID-19 အတည်ပြုလူနာဦးရေ ပိုများလာပါတယ်။ အဲဒီလိုတွေရှိခဲ့လို့ တရုတ်နိုင်ငံက စစ်ဆေးအဖွဲ့ကို စေလွှတ်ခဲ့တာပါ။ အဲဒီအဖွဲ့မှာ ကုသရေး ပစ္စည်းတွေလဲ ပါလာပါတယ်။ အဲဒီပစ္စည်းတွေ ကလည်း အခု COVID-19 ရောဂါပိုး တိုက်ဖျက်ရေးမှာ အထောက်အကူ ပြုမယ်လို့ ကျနော်ယူဆပါတယ်” ဟု ဆိုသည်။
ထို့အပြင် ၎င်းက “ကျနော်ပြောလိုတာကတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ နီးနီးကပ်ကပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
မတ်လ ၂၄ ရက်နေ့ကတည်းက မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် လူနာကို စတင်တွေ့ရှိပြီးနောက်ပိုင်း ဧပြီလဆန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါဝင်သည့် COVID-19 စစ်ဆေးရေးအဖွဲ့သည် ဧပြီ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ပြီး COVID-19 ရောဂါနှင့် ပတ်သက်၍ အကူအညီများ ပေးအပ်ခဲ့သေးသည်။
တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် COVID-19 ကူးစက်ခံရသူ လူနာ ၂ဝ ဦးစာအတွက် လိုအပ်သည့် အသက်ရှူစက် ကိရိယာများ ပေးအပ်ခဲ့သလို ဒုတိယအကြိမ်အဖြစ် လူနာများကို ကူညီစောင့်ရှောက်ပေးသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် PPE ဝတ်စုံ ၅ ထောင်အပြင် တခြားသော လိုအပ်သည့် အထောက်အပံ့များကိုလည်း ပေးအပ်ထားပြီး ဖြစ်သည်။ ထို့အပြင် အသက်ရှုစက် ၁၅ စံကိုလည်း ထပ်မံလာရောက်ရန် ရှိသေးသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ စုစုပေါင်း ၁၃၉ ဦးအထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ ထိုအထဲမှ သေဆုံးသူလူနာ ၅ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသွားသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ လူနာ ၉ ဦး ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
COVID-19 ရောဂါပိုးသည် တကမ္ဘာလုံးတွင် လူဦးရေ ၂ သန်းခွဲကျော်အထိ ကူးစက်ခံနေရပြီး လူဦးရေ တသိန်း ခုနှစ်သောင်းကျော် သေဆုံးခဲ့ပြီဖြစ်သည်။
You may also like these stories:
COVID-19 ကူးစက်ခံရသူများအပေါ် စာနာစိတ်ထားရန် နိုင်ငံတော်အတိုင်ပင်ခံပြော
ရန်ကုန် ၇ မြို့နယ် Stay at Home ကာလ ထပ်မံတိုးမြှင့်