ပုဂံ-ညောင်ဦးမြို့နယ် အတွင်း ညမထွက်ရ ဒေသန္တရ အမိန့် ထုတ်ပြန်ထားမှုကို လိုက်နာမှုမရှိဘဲ အပြင်ထွက်သူ ၅ ဦး အား ညောင်ဦးမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီ ဧပြီလ၂၃ ရက်က ချမှတ်လိုက်ကြောင်း သိရသည်။
COVID-19 ရောဂါ ထိန်းချုပ်ကာကွယ် တားဆီးရေးအတွက် ပြည်သူများအနေဖြင့် ည ၁၀ နာရီမှ နံနက် ၄ နာရီ အ တွင်းအပြင် မထွက်ရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ညောင်ဦးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက “အမိန့်ကြေညာပြီး ပထမဆုံး ညတုန်းက ၉ ယောက်တွေ့ တယ်။ ပထမဆုံးနေ့လည်း ဖြစ်တယ်။ ကြေညာထားတာလည်း သိမှာ မဟုတ်သေးဘူးဆိုပြီး နောက် ဒီလိုမဖြစ်ပါဘူးဆို တဲ့ ခံဝန်ကတိပဲ ယူတယ်။ တရားစွဲဆိုခြင်း မရှိခဲ့ဘူး။ အခုဟာကတော့ ကြာလည်း ကြာပြီ။ ၅ ရက်မြောက်မှာ ဖြစ်တာ ဆိုတော့ ဒါ အရေးယူသင့်တယ်၊ အမှုဖွင့်သင့်တယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ” ဟု ဧရာဝတီကို အတည်ပြုသည်။
ဧပြီ ၂၂ ရက် ည ၁၁ နာရီခန့် ပုဂံ-ညောင်ဦးမြို့နယ် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ကင်းလှည့်နေစဉ် ထိုသူ ၅ ဦးကို တွေ့ရှိခဲ့ပြီး ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးမှုအပေါ် တရားသူကြီးက ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ တွင် မည်သူမဆို ထိုဥပဒေ ပုဒ်မ ၁၄ အရ သက်ဆိုင်ရာ အဖွဲ့ အစည်း (သို့) အရာရှိက ထုတ်ပြန်သော တားမြစ်ပိတ်ပင်သည့် (သို့) ကန့်သတ်သည့် အမိန့်ကို ဖောက်ဖျက် ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၆ လ ထိဖြစ်စေ၊ ငွေကျပ် ၅ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ညမထွက်ရ အမိန့်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ ကျေးရွာများအတွင်း အများ ပြည်သူသိစေရန် အကြိမ်ကြိမ် နှိုးဆော်ထားပြီး ဖြစ်ကြောင်း၊ ထိုသူ ၅ ဦး (ပုဂံဘက်မှ၂ ဦး၊ ညောင်ဦးမှ ၃ ဦး) တို့ကို အရေးယူမှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် တိုင်းလွှတ်ကိုယ်စားလှယ် ဦးမြင့်စိန်က ရှင်းပြသည်။
ဦးမြင့်စိန်က “အစိုးရ အနေနဲ့ ဒီလိုတွေ ထုတ်ပြန်တာဟာ ပြည်သူတွေကို ထိခိုက်စေချင်လို့ ထုတ်ပြန်တာ မဟုတ်ဘူး။ အဓိက ကမ္ဘာ့ကပ်ရောဂါကြီးကို အချိန်မီ ကာကွယ်နိုင်ဖို့။ လုံခြုံရေး ကိစ္စတွေအစ အထူးကြပ်မတ်နိုင်ဖို့ ထုတ်ပြန်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ စည်းကမ်း၊ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပြောချင်ပါတယ်” ဟု တိုက်တွန်း သည်။
ယခုလို အရေးကြီးကာလ တခုကို ဖြတ်သန်းနေရချိန်တွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ပြီး စည်းကမ်းလိုက်နာမှသာ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်မီ ထိန်းသိမ်းနိုင်မှာ ဖြစ်သည်ဟုလည်း ဦးမြင့်စိန်က ဆိုသည်။
ယနေ့အချိန်ထိ ညောင်ဦးမြို့နယ်အတွင်း Facility Quarantine ဝင်နေသူ ၁၀ ဦး ရှိပြီး COVID-19 ရောဂါပိုး ဓာတ်ခွဲ အတည်ပြုလူနာ တဦးမှ မရှိသေးကြောင်း ၎င်းက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး၌လည်း ညမထွက်ရအမိန့် ကြေညာသည့် ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း အမိန့်ဖောက်ဖျက် သူ ၂၄ ဦးကို ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် မလိုက်နာသူ၂၄ ဦး ထောင် ၁ လစီချမှတ်