မြန်မာနိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တာ အတွင်း မြေငလျင်များ နေ့စဉ်နီးပါး လှုပ်ခတ် ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ (ဧပြီ ၁၈ ရက်နေ့မှအပ) ကျန်ရက်များတွင် ချင်းပြည်နယ် ဖလမ်းမြို့၊ မကွေးတိုင်း ဒေသကြီး စလေမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ ကလေးမြို့ နှင့် ဝန်းသိုမြို့၊ ရှမ်းပြည်နယ် ပင်လောင်းမြို့၊ ဧရာဝတီ တိုင်း ဒေသကြီး ကျုံပျော်မြို့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ စသည့် မြို့များ အနီးတဝိုက်တွင် ဆယ်ရက်အတွင်း ၁၆ ကြိမ်တိုင်တိုင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မိုး/ဇလ မြေငလျင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေး က “၁၆ ရက်နေ့မှာ လှုပ်တာကတော့ ၆ ဒသမ ၁ နဲ့ ဗဟိုချက် အနီးတဝိုက်မှာ ပိုများတယ်။ ကဘော်ပြတ်ရွေ့ကြောင့်လို့ သုံးသပ်ထားပါတယ်” ဟု ပြောသည်။
ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဖလမ်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၁ ရှိသော မြေငလျင်မှာ အင်အား အပြင်းဆုံးဖြစ်ပြီး ရှေ့ပြေးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ အပါအဝင် ၁၆ ရက်နေ့ တရက်တည်းတွင် ငလျင် ၅ ကြိမ်တိတိ လှုပ်ခတ်ခဲ့သည်။
မြန်မာနိုင်ငံမြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင် က “Stress Changes လို့ခေါ်တဲ့ သာမန်ပြတ်ရွေ့အားက ကဘော်ပြတ်ရွေ့ကို သွားလှုပ်တာ။ ထိုးစိုက်ဇုန်မှာ လှုပ်လိုက်တဲ့အားက ဘေးတိုက်ပြတ်ရွေ့ဖြစ်တဲ့ ကဘော်ပြတ်ရွေ့ကို သွားထိတဲ့အတွက် ဒီငလျင်ကို လှုပ်စေတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဒေါ်လှလှအောင်က “သူ့မှာ afterShock တွေက ဆက်တိုက်ရှိနေတယ် ဆိုတာကိုလည်း တွေ့နေရတယ်။ တခြားနေရာတွေကိုလည်း ဖြန့်ပြီးတော့ ငလျင်က လှုပ်နေတယ်။ ဘယ်အထိ လှုပ်သွားလည်းဆိုရင် အောက်ဘက်၊ ကဘော်ပြတ်ရွေ့ တောင်ဘက်ကို ဆွဲပြီး ကပ္ပလီကျွန်းတွေထိကို လှုပ်တယ်။ ကပ္ပလီကျွန်းမှာ ၄ ဒသမ ၈ နဲ့ လှုပ်သွား တယ်။ ၁၆ ရက်နေ့ကနေ ဒီနေ့အထိလှုပ်နေတဲ့ ငလျင်တွေ အားလုံးကို ခြုံငုံပြောပြတာ” ဟု ရှင်းပြသည်။
ဧပြီ ၁၆ ရက် ညနေ ၆ နာရီ်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့တောင်ဘက် ၂၄ မိုင်ခန့် အကွာ၌ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး ၆ ဒသမ ၁ အဆင့်ရှိသည့် ငလျင်မှာ အင်အားအပြင်းဆုံး ဖြစ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ဖလမ်းမြို့တို့တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ မြို့နယ် စုပေါင်းရုံးအတွင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး၊ စုပေါင်းရုံး၊ ခရိုင်ပြန်ဆက်ရုံး၊ ခရိုင် မီးသတ် အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များတွင် ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ဖလမ်းမြို့၊ ဗားရ်လုံကျေးရွာရှိ အ.ထ.က ကျောင်း အုတ်နံရံ ၁၀ ပေခန့် ပြိုကျ ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာရှိ ဘုရားထီးတော် မြေခခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်မှုမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၄ ရက်အထိ ၅၆ ကြိမ်ရှိပြီဖြစ်ပြီး ဧပြီလအတွင်း ၁၆ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။