မန္တလေးတိုင်းတွင် တတိယမြောက် တွေ့ရှိသော COVID 19 ပိုးတွေ့လူနာနှင့် အနီးဆုံး ထိတွေ့ခဲ့သူများ၏ နောက် ကြောင်း ရာဇဝင်များကို စုံစမ်းနေကြောင်း မန္တလေးကန်တော်နဒီ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ခင်ကျော်က ဧရာ ဝတီကို ပြော သည်။
၎င်းက “လူနာ အခြေအနေ ကောင်းပါတယ်။ လူနာက ဖျားတယ်၊ မောတယ် ဆိုပြီး မန္တလေးပြည်သူ့ဆေးရုံကြီးကို ဧပြီ၂၁ ရက် က လာပြတယ်။ အဲဒါနဲ့ ဆေးရုံကြီးမှာပဲ စောင့်ကြည့်လူနာအနေနဲ့ ထားပြီး ဓာတ်ခွဲနမူနာ ရယူခဲ့တယ်။ အခုတော့ ကန် တော်နဒီမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူနေပါပြီ” ဟု ရှင်းပြသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဧပြီ ၂၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်း မတ္တရာ မြို့နယ်မှ အသက် ၈၀ အရွယ် အမျိုးသား၏ ဓာတ်ခွဲ နမူနာတွင် ကိုရိုနာ ရောဂါပိုး တွေ့ရှိသည်ဟု သိရပြီး အဆိုပါ အမျိုးသားသည် မန္တလေးတိုင်းအတွင်း တွေ့ရှိသော တတိယမြောက် ပိုးတွေ့ လူနာ ဖြစ်သည်။
အဆိုပါ လူနာသည် ပြည်ပသို့ ခရီးသွားခဲ့ဖူးသော ရာဇဝင်နှင့် ကိုဗစ်လူနာများနှင့် ထိတွေ့မှု မရှိသည့်အတွက် လက်ရှိ တွင် ယင်းလူနာ အမျိုးသားနှင့် ၂၁ ရက်အတွင်း အနီးဆုံး ထိတွေ့ခဲ့ဖူးသော မိသားစု အပါအဝင် တခြား အဆက် အသွယ်များအား နောက်ကြောင်းရာဇဝင် စုံစမ်းနေဆဲ ဖြစ်သည်ဟု မတ္တရာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အေးက ဧရာဝတီကို ပြောသည်။
၎င်းက “ဘာကြောင့် ဘယ်လို ကူးစက်ခံရတယ် ဆိုတာကို ကျနော်တို့ အခုချိန်ထိ စုံစမ်းစစ်ဆေးနေဆဲပါပဲ။ ဒါပေမယ့် လူနာနဲ့ အနီးဆုံး ရှိခဲ့တဲ့သူတွေရဲ့ ကွန်တက်ကိုတော့ ယူထားပြီးပါပြီ။ တော်တော်များများ နောက်ကြောင်းလည်း လိုက် နေပါတယ်။ ကွန်တက် ရသလောက် လူတွေလည်း အခုဆို Quarantine ဝင်သွားကြပါပြီ” ဟု ဆက်လက် ပြောသည်။
ယနေ့ နံနက်အထိ လူနာအမျိုးသား၏ မိသားစုများ အပါအဝင် ၎င်းနှင့် အနီးဆုံး ထိတွေ့ခဲ့ဖူးသူ ၅ ဦးသည် မတ္တရာ မြို့နယ် ဆေးရုံတွင် Hospital Quarantine ဝင်သွားပြီ ဖြစ်ပြီး၊ မန္တလေး ကန်တော်နဒီ ဆေးရုံတွင် ၁ ဦး ဝင်သွားပြီ ဖြစ်ကြောင်း သိရသည်။
မန္တလေး ကန်တော်နဒီ ဆေးရုံအုပ် ဒေါက်တာ ခင်ကျော် က “လူနာနဲ့ ပတ်သက်ပြီး ကျနော်တို့ ရထားသလောက် စောင့် ကြည့်လူနာစာရင်း ဝင်သွားတဲ့သူတွေဆီကနေ ဓာတ်ခွဲနမူနာတွေ ဒီနေ့ယူဖြစ်လိမ့်မယ် ထင်တယ်။ ပြီးရင် ရန်ကုန်ကို ပို့ဖို့ လုပ်ပါတယ်။ ရန်ကုန်ကို ရောက်မှာ၊ စစ်ဆေးမှာနဲ့ဆိုရင် သဘက်ခါမနက်လောက်ဆို ဆက်စပ် စောင့်ကြည့်သူတွေ ရဲ့ ဓာတ်ခွဲနမူနာ အဖြေကို သိရလောက်ပါပြီ” ဟု ပြောသည်။
အဆိုပါ လူနာ နေအိမ်တည်ရှိသည့် မတ္တရာမြို့နယ် ကံသာရပ်အား လက်ရှိတွင် အသွားအလာ ယာယီကန့်သတ် (Lockdown) လိုက်ပြီး ယနေ့ နံနက်ပိုင်းက လူနာ၏ နေအိမ်နှင့် ရပ်ကွက်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင် ရွက်ပြီး ဖြစ်သည်ဟု သိရသည်။
မတ္တရာမြို့နယ် ကိုယ်စားလှယ် ဦးမောင်မောင်အေးက “လောလောဆယ်တော့ တမြို့လုံး Lockdown ချတဲ့ အနေအထားမျိုး မလုပ်သေးပါဘူး။ ဒါပေမယ့် ဈေးတွေကိုတော့ ယာယီ ပိတ်ထားပြီးတော့ မြို့နယ် စည်ပင်ကနေ ကားတွေနဲ့ စားသောက်စရာတွေ၊ သားငါး အသီးအရွက်တွေ မြို့ ထဲမှာ မိုဘိုင်းစနစ်ပုံစံ လှည့်လည် ရောင်းပေး နေပါတယ်။ မနက်ဖြန် ကားအစီးရေ တိုးချဲ့ပြီး လုပ်သွားပေးဖို့ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်း ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိထားပြီး ပထမဆုံး လူနာသည် ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်၍ ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့သည့်အတွက် ယနေ့အထိ မန္တလေး ကန်တော်နဒီ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ် လူနာ၂ ဦး ဖြစ်ပြီး တဦးမှာ အသက် ၃၈ အရွယ် အမျိုးသမီးနှင့် ကျန်တဦးမှာ အသက် ၈၀ အရွယ် အမျိုးသား ဖြစ်သည်။
အဆိုပါ လူနာနှစ်ဦးလုံး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်တည်ငြိမ်ကြောင်း ကန်တော်နဒီ ဆေးရုံအုပ် ဒေါက် တာ ခင်ကျော် ပြောပြချက်အရ သိရသည်။
ဧပြီ ၂၄ ရက် နံနက် ၁၀ နာရီအထိ မြန်မာနိုင်ငံတွင် COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃၉ ဦး ရှိ ပြီး သေဆုံးလူနာ ၅ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေး၌ ညမထွက်ရ အမိန့် မလိုက်နာသူကို ရိုက်နှက်ရန် ထုတ်ပြန်မထား ဟုဆို
မန္တလေးတိုင်းတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်သူ ၃၆၀၀ ကျော် ရှိနေသေး
ဆေးရုံဆင်းခွင့်ပြုထားသည့် Covid-19 လူနာကို Facility Quarantine ဖြင့် စောင့်ကြည့်