အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်သည့် ညွှန်ကြားချက်ကို လိုက် နာခြင်း မရှိဘဲ ဖွင့်လှစ်နေသည့် စက်ရုံ၊ အလုပ်ရုံ ရာနှင့်ချီ ရှိနေပြီး၊ ထိုစက်ရုံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ တိုင်ကြားမှုများ ပြုလုပ်ထားကြောင်း အလုပ်သမား အဖွဲ့အစည်းများမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူတိုင်းဒေသကြီးတွင် စက်ရုံပေါင်း ၁၆၀ ကျော်မှာ ယနေ့အထိ ဖွင့် လှစ်နေဆဲ ဖြစ်ကာ အလုပ်သမား သိန်းနှင့်ချီ အလုပ်ဆင်းနေရကြောင်း အဆိုပါ စက်ရုံများမှ အလုပ်သမား၏ တိုင်ကြား ချက်များ လက်ခံ ရရှိထားကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS)က သိရသည်။
ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) သို့ တိုင်ကြားစာ ရောက်ရှိလာမှုမှာ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတွင် စက်ရုံပေါင်း ၆၂ ရုံမှ လုပ်သားအင်အား ငါးသောင်းခွဲကျော်မှာ အလုပ်ဆင်းနေရ ကြောင်း သိရသည်။
စက်ရုံအချို့မှာလည်း အယောင်ပြ ၁ ရက်သာ ပိတ်ပြီး ပြန်လည် ဖွင့်လှစ်နေသည်များ ရှိကြောင်း CTUM မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောသည်။
၎င်းက “ဒီတိုင်းလုပ်နေရင်တော့ ကိုဗစ်ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားတာတွေပဲ အဖတ်တင်တယ်။ အရှေ့က လုပ်ပေးလိုက်တဲ့ စက်ရုံတွေက ဒီနေ့ပဲ ပြန်ဖွင့်တယ်၊ မနေ့ကပဲ ကြိုးစားပေးလိုက်တဲ့ လူ ၇ ထောင်ကျော် ရှိတဲ့ ပေါင်ချိန်စက်ရုံက ဒီနေ့ ပိတ်ပေးတယ်။ အခုပဲ အလုပ်သမားက ဖုန်းဆက်လာပြီ မနက်ဖြန် ပြန်ဖွင့်တော့မယ်တဲ့” ဟု ဆိုသည်။
COVID-19 ရောဂါအား ကာကွယ် ထိန်းချုပ်နိုင်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များ ဖွဲ့ကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး စည်ကမ်းချက်များနှင့် ကိုက် ညီမှသာ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စစ်ဆေးပြီး စက်ရုံများ စာရင်းနှင့် အခြေအနေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန် သင့်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောသည်။
၎င်းက “အလုပ်သမား ဝန်ကြီးဌာနကနေပဲ ဖြစ်ဖြစ် ကျန်းမာရေး ဝန်ကြီးဌာနကပဲ တရားဝင် ထုတ်ပြန်ပေးသင့်တယ်ထင်တယ်။ ဘယ်စက်ရုံတွေကိုတော့ ဝင်ရောက် စစ်ဆေးပြီး ဖြစ်ပါတယ်။ ဒီညွှန်ကြားချက်တွေနှင့်အညီ ကိုက်ညီလို့ ပြန်ဖွင့်ခွင့် ပေး ထားပါတယ်ဆိုရင် အလုပ်သမားတွေ အနေနဲ့ အလုပ်ဆင်းရတာလည်း စိတ်သက်သာရာ ရမှာ ဖြစ်တယ်” ဟု ဆိုသည်။
စက်ရုံ အများအပြားမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိဘဲ ဖွင့်လှစ်နေကြောင်း အလုပ်သမားများထံမှ စုံစမ်း သိရှိရ သည်။
လုပ်သား ၁၅၀၀ ကျော် လုပ်ကိုင်နေသည့် မင်္ဂလာဒုံ စက်မှုဇုန် MTT အထည်ချုပ် စက်ရုံမှ ဝန်ထမ်း တဦးက “၂၀ ရက်နေ့ ကတည်းက ဖွင့်တာ။ စစ်ဆေးရေး ဝင်မယ် ဆိုပြီး ၂၂ ရက်က နေ့တပိုင်း ပြန်လွှတ်တယ်။ အဲဒီနေ့က မစစ်ဖြစ်ဘူး။ နောက် နေ့မှ စစ်တာ/စစ်တဲ့နေ့ တနေ့လုံးကတော့ ပိတ်ထားတယ်။ တချို့တဝက်ကတော့ ဆင်းရတယ်။ လာစစ်တဲ့ အချိန်မှာ အဲဒီ လူတွေကို ဖွက်ထားတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “၂၀ ရက်နေ့ နောက်ပိုင်း မဆင်းတဲ့သူတွေ ဆိုရင် အလုပ်ဖြုတ်မယ်လို့ ပြောတယ်။ တချို့က နယ်ပြန်သွား တော့ ကားလမ်းကြောင်းတွေ မဖွင့်တဲ့အတွက် ခွင့် လှမ်းတိုင်တယ် မပေးဘူး။ အဲဒီလူတွေကို Resign ပြတယ်။ ဖြုတ်တဲ့သူ ၂၀၀ ကျော် ရှိပြီ” ဟု ၎င်းက ဆိုသည်။
အစိုးရက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ မလိုက်နာသည့် စက်ရုံ၊ အလုပ်ရုံများကို ချက်ချင်း စစ်ဆေးခိုင်းမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ ရက် ကတည်းက ပြောကြားထားပြီး ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က “နိုင်ငံတော်ကနေ ညွှန်ကြားချက် ထုတ်တယ်ဆိုတာ အပျော်ထုတ်ထားတာလည်း မဟုတ်ဘူး။ ဘယ်စက်ရုံတွေကို ပိတ်စေချင်မလဲ။ ပိတ်တယ်ဆိုတာ နိုင်ငံတော်အတွက်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်တယ်။ အလုပ်သမားတွေ အတွက်လည်း ဝင်ငွေ ရရေး အတွက် ပူပန်ရတယ်။ လိုအပ်လို့ ပိတ်ရတာ” ဟု ပြောဆိုထားသည်။
လက်ရှိ အခြေအနေတွင် အလုပ်သမားများမှ အလုပ် တည်မြဲရေး ခြိမ်းခြောက်ခံနေရသဖြင့် တိုင်ကြားမှုများ မပြုလုပ်နိုင် သည့် အခြေအနေ ရှိသောကြောင့် အစိုးရက ကြတ်မတ် ဆောင်ရွက်ပေးရန်လည်း မဖြိုးစန္ဒာစိုးက ဆိုသည်။
၎င်းက “အခုချိန်မှာ အစိုးရရယ် အလုပ်ရှင်ရယ်က သေချာကြပ်မတ်ပေးမှပဲ ကိုဗစ် ကူးစက်မခံရစေရေး ရည်ရွယ်ချက် က အောင်မြင်တော့မယ်။ အခုက သိသိကြီးနဲ့ ဖွင့်နေတာ သိသိကြီးနဲ့ ဒီတိုင်း ဆက်လုပ်နေတာ ဆိုရင်တော့ သေချာတယ် မအောင် မြင်ဘူး။ စကားလုံးတွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက်မယ်လို့တော့ မပြောပါနဲ့” ဟု ပြောသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၂၄ ရက်အထိ သေဆုံးသူ ၁ သိန်း ၈ သောင်းကျော် (၁၈၁,၉၃၈ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှ ဧပြီလ ၂၄ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၉ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၅ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
အစိုးရညွှန်ကြားချက် မလိုက်နာသည့် စက်ရုံများကို ချက်ချင်း စစ်ဆေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
အမိန့်ကြေညာချက်ကို မလိုက်နာရင်တော့ အရေးယူရမှာပဲ
အထည်ချုပ် စက်ရုံ တရုံရုံမှာ ကူးလိုက်ရင် ကျနော်တို့နိုင်ငံက သွားပြီ