မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် မြန်မာ့နှာခေါင်းလန်မျောက်မျိုးစိတ် နှင့် ပန်ဒါနီများ ကျက်စားရာ အီမောဘွန်းဒေသကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ စကာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ကြောင်း အပြည်ပြည်ဆိုင်ရာတောရိုင်း တိရစ္ဆာန်နှင့် အပင်များအဖွဲ့ (FFI မြန်မာ) ၏ ဧပြီ ၂၂ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
FFI မြန်မာ၏ မြန်မာပြည်မြောက်ပိုင်း စီမံကိန်းမန်နေဂျာ ဦးငွေလွင်က “သူတို့ နေထိုင်ကျက်စားရာ သစ်တော နယ်မြေတွေက အခုတရားဝင် ကာကွယ်ထိန်းသိမ်းမှု ရှိသွားတဲ့အတွက် ဖျက်ဆီးခံရမှုတွေလျော့သွားမယ်။ တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုလည်းလျော့နည်းသွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အီမောဘွန်းအမျိုးသား ဥယျာဉ်သည် တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့နယ်အတွင်းတွင် တည်ရှိကာ မြေဧက ၃၈၀၀၀၀ ကျော် ကျယ်ဝန်းပြီး ဟိမဝန္တာတောင်တန်း၏ အရှေ့ဘက် ဆုံး အမြင့်ပေ ၁၅၀၀ မှ ပေ ၄၀၀၀ ကျော် မြင့်မားသော တောင်တန်း ဒေသတခု ဖြစ်သည်။
ထိုဒေသသည် ထူခြားသော မျက်နှာသွင်ပြင် ပုံစံရှိသည့် မြန်မာ့နှာခေါင်းလန် မျောက်မျိုးစိတ်၊ ပန်ဒါနီ၊ သားမင်း၊ ဟိမဝန္တာ ဝက်ဝံ၊ တောဆိတ် နှင့် ချေမျိုးစိတ်များ၊ ကြောင်မျိုးစိတ်များ အစရှိသည့် ရှားပါးနို့တိုက်သတ္တဝါမျိုးစိတ် နှင့် ဇာမဏီရစ်၊ မိုနဲရစ် ကဲ့သို့ ရှားပါး ငှက်မျိုးစိတ်များ နေထိုင်ကျက်စားကြသလို တောင်ဇလပ်မျိုးစိတ်များ၊ ဝက်သစ်ချမျိုးစိတ်များ၊ မေပယ်မျိုးစိတ်များ၊ ထင်းရှုးမျိုးစိတ်များ ပေါက်ရောက်သည့် တောင်ပေါ်အမြဲစိမ်း သစ်တော တခုဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် အပင်များအဖွဲ့(FFI မြန်မာ) ထံမှ သိရသည်။
မြန်မာ့နှာခေါင်းလန်မျိုးစိတ်ကို FFI က ၂၀၁၀ ခုနှစ်တွင် စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းနောက် ထိန်းသိမ်းရေး လုပ်ငန်းများကို သစ်တောဦးစီးဌာန၊ ဒေသခံများနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် အမဲလိုက်မှု လျော့နည်းခဲ့ပြီး တောတွင်းကင်မရာ ထောင်ချောက်မှတ်တမ်းအရ အကောင်ပေါက်များ တွေ့ရှိလာရမှုကြောင့် အကောင်ရေ တိုးပွားမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။
တိုးပွားလာသည့် အကောင်ရေ အတိအကျကို ပြောဆိုရန် ခက်ခဲသော်လည်း ၂၀၁၀ ခုနှစ် ခန့်မှန်း ထားခဲ့သော အကောင် ရေ ၃၃၀ ကျော် ထက် ပိုမိုတိုးပွားလာသည့် အခြေအနေရှိကြောင်း သိရသည်။
အဆိုပါ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသော အီမောဘွန်း အမျိုးသားဥယျာဉ်တွင် နို့တိုက်သတ္တဝါမျိုးစိတ် ၅၂ မျိုး၊ ငှက်မျိုးစိတ် ၄၀၀ ကျော် နှင့် သဘာဝပေါက်ပင်မျိုးစိတ် ၃၅၅ ကျော်ရှိကြောင်း FFI ထံမှ သိရသည်။
ဦးငွေလွင်က “အခုလိုအမျိုးသားဥယျာဉ်ဖြစ်သွားတာ ဒေသခံပြည်သူများ၏ ရေရှည်တည်တံ့သော အသက်မွေး ဝမ်း ကြောင်း လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် နည်းပညာနှင့် ရန်ပုံငွေများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအီမောဘွန်း ဒေသက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် သင့်တော်တဲ့နေရာဖြစ်တဲ့အတွက် ခရီးသွားဒေသတခုအဖြစ် ဖော်ဆောင်လို့ ရနိုင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ၄၆ ခုမြောက် သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သော အီမောဘွန်း အမျိုးသား ဥယျာဉ် တည်ထောင်နိုင်ရေးအတွက် သစ်တောဦးစီးဌာန ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများသည် ၂၀၁၂ ခုနှစ်မှ စတင်၍ ကြေးတိုင်လုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတောရိုင်း တိရစ္ဆာန်နှင့် အပင်များအဖွဲ့(FFI မြန်မာ) နှင့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Rain Forest Trust အဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့ကလည်း အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေး ပါဝင်ကူညီ ထောက်ပံ့ပေးခဲ့ကြသည်။