COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် အမျိုးသား အဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် (National Volunteer Corps) ဖွဲ့စည်း သွားမည်ဟု သိရှိရသည်။
ထို အသင်းချုပ်သည် အချိန်မရွေး ဖြစ်ပေါ် ကြုံတွေ့လာနိုင်သည့် အရေးပေါ် အခြေအနေများ၌ အစိုးရ၏ မူဝါဒနှင့် အညီ စုစည်းပါဝင် ဆောင်ရွက်နိုင်ရေး အတွက်လည်း ဖြစ်သည်ဟု ဆိုသည်။
စေတနာ့ဝန်ထမ်း အသင်းချုပ် ဖွဲ့စည်းနိုင်ရေး အတွက် ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ (အားလုံး) ထံ လုပ်ငန်းစဉ် ၇ ချက် ပါဝင်သည့် ညွှန်ကြားချက်ကို ပေးပို့ထားပြီးလည်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းစဉ် ၇ ချက်တွင် စေတနာ့ဝန်ထမ်း စာရင်း ကောက်ယူရေး၊ Quarantine Center များ၏ လိုအပ်ချက် များ စာရင်းပြုစုရေး၊ စေတနာ့ဝန် ထမ်းများ အတွက် ရုံးခန်း စီစဉ်ပေးရေးကစ၍ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ လိုအပ်သည့် လုံခြုံရေး အကာအကွယ် ပစ္စည်းများ စီစဉ်ပေးရေး၊ စွမ်းရည်မြှင့် သင်တန်းများပေးရေးအဆုံး ပါဝင်သည် ကို တွေ့ရသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ က “မနေ့ကမှ ရောက် တာ။ သက်ဆိုင်ရာ ခရိုင်၊ တိုင်း၊ မြို့နယ် အလိုက်ကို ဒီကိစ္စတွေလုပ်မယ် ဆိုတာတော့ ကြေညာချက် ထုတ်ပြီး ပြီ။ ကျနော်တို့ တိုင်းဒေသကြီးအနေနဲ့ ဒီကိစ္စ အကောင်အထည်ဖော်ဖို့ရာအတွက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုး ကူညီ သွားမှာပါ” ဟု ဧရာဝတီကို ဧပြီ ၂၄ ရက် နေ့လယ်ပိုင်းက ပြောသည်။
စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ချင်သူများ အနေဖြင့် ကိုယ်တိုင် အဆိုပြုရမည်ဖြစ်ပြီး ထိုသူအားလုံးကို သက်ဆိုင်ရာ မြို့ နယ် COVID စီမံခန့်ခွဲမှု ကော်မတီအဖွဲ့က တာဝန်ခွဲပေးမည် ဖြစ်ကြောင်း၊ ထိုတာဝန်များကို ထမ်းဆောင်ရင်းနှင့် လိုအပ် သည့် ကိစ္စရပ်များကို နောက်ကနေ လိုက်ဖြည့်ပေးသွားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဝန်ကြီး ဦးမိုးကျော်သူ က “ကြိုဆိုပါတယ်။ ကောင်းပါတယ်။ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်တွေအပေါ် သူတို့ နားမလည်ရင်တောင် ကျနော်တို့က နားလည်အောင် အမိန့်ညွှန်ကြားချက်တွေကိုပါ သင်ကြားပေးရင်းနဲ့ သူတို့ လည်း စနစ်တကျ လုပ်တတ် လာမယ်။ နိုင်ငံတော်အတွက် အစိုးရအတွက်ရော ပြည်သူအတွက်ပါ ဒီ Volunteer တွေက အားကိုး ရတဲ့ အဖွဲ့အစည်း တွေ ဖြစ်လာမယ်” ဟုလည်း ပြောသည်။
လက်ရှိ COVID-19 အရေးတွင် ပါဝင် ကူညီပေးနေသည့် ပရဟိတ အဖွဲ့များ၊ တကိုယ်ရည် ကူညီ ဆောင်ရွက်နေသူ များ နိုင်ငံအနှံ့တွင် ရှိနေသော်လည်း စာရင်း ပြုစုရန် အခက်အခဲရှိနေခြင်း၊ လုံလောက်သည့် အချိန် ခက်ခဲမှု ရှိခြင်း တို့ကြောင့် အတိအကျ မသိရှိရပေ။
ရန်ကုန်အခြေစိုက် ပရဟိတ အဖွဲ့ တဖွဲ့ ဖြစ်သော Clean Yangon အဖွဲ့တွင်မူ ပရဟိတ အဖွဲ့ ပေါင်း ၆၀ ကျော်ပါဝင်ပြီး တကိုယ်တော် ပရဟိတသမား များစွာလည်း ပါဝင်လှုပ်ရှားနေကြောင်း အဖွဲ့တာဝန်ခံ မဉ္ဇာအေး က ပြောသည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၎င်းက “နိုင်ငံရဲ့ လိုအပ်တဲ့ အရာတွေ အတွက် တတ်နိုင်သလောက် ပါဝင် ကူညီပေးနေတဲ့သူတွေကို အသိအမှတ်ပြုပြီး စုဖွဲ့ပေးတာ ကောင်းပါတယ်။ ဒီလို အချိန်မှာ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်မယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။ ဒါကြီးက ရေရှည်သွားရမှာ ဆိုတော့ လေ။ အခုလို ဖွဲ့တာဟာ ပိုပြီးစနစ်ကျလာမယ်လို့လည်း ယုံကြပါတယ်” ဟု မှတ်ချက်ပြုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ နယ်ပယ်စုံတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် ပရဟိတ တကိုယ်တော်၊ အဖွဲ့အစည်းများစွာ ရှိရာ စာရင်းကောက်ယူရာတွင် အခက်အခဲရှိနိုင်ကြောင်းလည်း ၎င်းက ထောက်ပြသည်။
ယခုလို နိုင်ငံတော်ကနေ ဦးဆောင်ပြီး စီမံပေးသည့်အပေါ် ကြိုဆိုကြောင်း၊ စေတနာ့ဝန်ထမ်းနှင့် ပတ်သက်၍ မူဝါဒ၊ ဥပဒေများ ပေါ်လာသည်အထိ ဖြစ်စေချင်ကြောင်း၊ သို့မှသာ အမှန်တကယ် အလုပ်လုပ်ချင်သူများအတွက် အကာ အကွယ် ပေးမှု၊ အသိအမှတ်ပြုမှုများ ပေါ်လာနိုင်မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူငယ့်ရေးရာ ကော်မတီ အတွင်းရေးမှူး ကိုဝေယံအောင်ကလည်း ပြောဆိုသည်။
၎င်းက “ဒီလိုလုပ်တဲ့အခါ စိတ်စေတနာ ရှိတယ်။ တဦးတယောက်ချင်းအရ ဒီလို ကဏ္ဍမှာ ကျန်းမာရေးမှာ ကျွမ်းတဲ့သူဖြစ် တယ်။ လာရောက်ပြီး ပူးပေါင်းချင်စိတ် ဖြစ်ပေါ်လာပြီဆိုရင် စည်းနဲ့ဘောင်နဲ့ စနစ်နဲ့ ယန္တရားတခု ရှိနေတော့ အဲဒီထဲကို ဝင်ရောက်လည်ပတ်ဖို့ လုပ်ခွင့်တွေ ပိုလွယ်သွားမယ်လို့ မြင်တယ်” ဟု ဆိုသည်။
သို့သော်လည်း ယခင်က ကိုယ့်အဖွဲ့၊ ကိုယ့်အဆုံးအဖြတ်၊ ကိုယ့်အလှူငွေဖြင့် လုပ်ကိုင်နေကြရာ ဆုံးဖြတ်ချက်များ မြန်ဆန် နိုင်ကြောင်း၊ ယခုလို ဖွဲ့စည်းလိုက်သည့်အခါ အစိုးရ၊ အဖွဲ့အစည်း၊ အသင်း အကုန်လုံး ပါလာမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများအရ ကြန့်ကြာမှုများ ဖြစ်သွားနိုင်ပြီး အားနည်းချက် ဖြစ်လာနိုင်ကြောင်းလည်း ကိုဝေယံအောင်က မှတ်ချက်ပြုသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၌ ဒေသအလိုက် သက် ဆိုင်ရာ Quarantine Center များတွင် ကျရာတာဝန်ကို ဝင်ရောက်ကူညီနေသည့် စေတနာ့ဝန်ထမ်းများ ရေရှည် ရပ် တည်နိုင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်ရေး၊ စနစ်တကျ စုဖွဲ့နိုင်စေပြီး အလှူရှင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ နှင့် ဟန်ချက်ညီ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ပုံမှန်အချိန်တွင် စွမ်းရည်မြှင့်တင်မှု အစီအစဉ်များ စီမံ ဆောင်ရွက်ပေး ရေး တို့ကို ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း “COVID တိုက်ပွဲကြီးမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင် နေတဲ့ စေတနာ့ဝန်ထမ်းများရဲ့ အင်အားတွေကို နိုင်ငံတော်အတွက် စနစ်တကျ သုံးနိုင်အောင် ဖွဲ့ဖို့စီစဉ်နေပါတယ်။ အဖွဲ့ အတွက် ဆောင်ပုဒ်ကတော့ မေတ္တာ၊ စာဂ၊ ဝီရိယပါ” ဟု ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ မှတဆင့် ပြည်သူများထံ သတင်းစကား ပါးထားသည်။
You may also like these stories:
ရှားပါးမျိုးစိတ်များရှိရာ အီမောဘွန်းဒေသကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်
ညွှန်ကြားချက် မလိုက်နာဘဲ ဖွင့်လှစ်သဖြင့် တိုင်ကြားထားသည့် စက်ရုံ ရာနှင့်ချီရှိ
ကျန်းမာရေးစစ်ဆေးမှုကို ရန်ပြုခဲ့သည့် မိုးကုတ်က ဇနီးမောင်နှံ ထောင် ၆ လ စီ ချမှတ်ခံရ