တောင်ကိုရီးယားနိုင်ငံ၌ ဧပြီလ ၂၄ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ်က ဂဏန်းတလုံးတည်းသာရှိသည့် အခြေအနေသို့ နောက်တကြိမ် ရောက်ရှိခဲ့ပြီး သေဆုံးသူ မရှိတော့ကြောင်း သိရသည်။ ၎င်းမှာ လူမှုရေးအရ ခပ်ခွာခွာ နေရသည့် လှုပ်ရှားမှု တခုကို တင်းတင်းကျပ်ကျပ် ကျင့်သုံးခဲ့ခြင်းနှင့် သီးခြားခွဲ၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) အစီအမံများကြောင့်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအသစ် ၆ ခု ထပ်မံတွေ့ရှိခဲ့ရပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုလျှင် ကူးစက်ခံရမှု စုစုပေါင်း ၁၀၇၀၈ ခု ဖြစ်လာကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (KCDC) ၏ အဆိုအရ သိရသည်။
ဧပြီလ ၁၉ ရက်နေ့တွင် ရောဂါကူးစက်မှု အသစ်တွေ့ရှိမှု ၈ ခု ရှိခဲ့ရာ ၂ လအတွင်းတွင် ပထမဆုံးအကြိမ် ဂဏန်း တလုံးတည်း ရှိခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ၂၀ ရက်နေ့ တွင် ရောဂါဖြစ်ပွားမှု ၁၃ ခု၊ ဧပြီလ ၂၁ ရက် နေ့တွင် ၉ ခု၊ ဧပြီလ ၂၂ရက် နေ့တွင် ၁၅ ခုနှင့် ဧပြီလ ၂၃ ရက် နေ့တွင် ၈ ခုရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကိန်းဂဏန်းက ဖေဖော်ဝါရီလ ၂၉ ရက် တွင် အသစ် တွေ့ရှိရမှု ၉၀၉ ခု အထိ အမြင့်ဆုံး ဖြစ်ခဲ့ရာမှ သိသိသာသာ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၌ ပထမဆုံး COVID-19 ကူးစက်မှုကို ဇန်နဝါရီ ၂၀ ရက် နေ့ တွင် အတည်ပြုခဲ့သည်။ တောင်ကိုရီးယား နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် သေဆုံးသူ အရေအတွက် ၂၄၀ က မပြောင်းလဲသေးကြောင်း အာဏာပိုင်များက ပြောသည်။ တလအတွင်းတွင် ပထမဆုံးအနေဖြင့် သေဆုံးသူ တယောက်မှ မရှိသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
(COVID-19 ကြောင့်) ပျမ်းမျှ သေဆုံးမှုနှုန်းမှာ ၂.၂၄ ရာခိုင်နှုန်း အထိ ရောက်ရှိ ခဲ့သည်။ သို့သော် ထိုကိန်းဂဏန်းသည် အသက် ၈၀ နှင့် အထက် လူနာများအတွက် ဆိုလျှင် ၂၃.၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။
အသစ်တွေ့ရှိရသော ကူးစက်ခံရမှု ၆ ခုအနက် ၂ ခုကို နိုင်ငံခြားမှ ဝင်ရောက်ခြင်း အဖြစ် ယေဘုယျအားဖြင့် သတ်မှတ်ထားသည်ဟု KCDC က ဆိုသည်။ ဒေသတွင်း၌ ကူးစက်မှု နှေးကွေးလာသည့် လက္ခဏာများ ရှိနေသော်လည်း နိုင်ငံခြားမှ ဝင်ရောက်လာသည့် ကူးစက်မှုက ဆက်လက်မြင့်တက်နေသည့် အပေါ်တွင် သတိထားနေရဆဲ ဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့ အထ်ိ ပြည်ပမှ ဝင်ရောက်လာသည့်ကူးစက်မှု စုစုပေါင်း ၁၀၂၁ ခု အထိ ရှိခဲ့ပြီး ၎င်းတို့ထဲတွင် တောင်ကိုရီးယား နိုင်ငံသားများက ၉၂ ရာခိုင်နှုန်းခန့် အထိ ပါဝင်နေသည်ဟု KCDC မှ ပြောသည်။
အဆိုပါ ပမာဏသည့် အတည်ပြုပြီး ရောဂါကူးစက်ခံရမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ၎င်းတို့က ဆိုသည်။
တောင်ကိုရီးယား နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် လူနာ စုစုပေါင်း ၈၅၀၁ က ဆေးရုံများမှ ဆင်းသွားခဲ့ပြီး ဖြစ်၍ ပြီးခဲ့သည့်တရက်က ဆေးရုံဆင်းသူ ၉၀ အထိရှိခဲ့သည်။
တောင်ကိုရီးယား နိုင်ငံ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရမှု၏ ၆၄ ရာခိုင်နှုန်းခန့် အထိ ရှိခဲ့သည့် အရှေ့တောင်ပိုင်း မြို့ ဖြစ်သော ဒေဂူးတွင် ရောဂါကူးစက်မှုသစ် အရေအတွက်က ဆက်လက် နှေးကွေးဆဲဖြစ်ပြီး နောက်ထပ် ထပ်မံဖြစ်ပွားမှု ၂ ခုသာ ရှိခဲ့သည်။
လူမှုရေးအရ ခပ်ခွာခွာနေခြင်းကို လနှင့်ချီ၍ ကျင့်သုံးခဲ့ခြင်းနှင့် အတူ တောင်ကိုရီးယား နိုင်ငံက တရုတ်နိုင်ငံတွင် အခြေတည်ခဲ့သော ကူးစက်ရောဂါ ပထမဆုံး တိုက်ခိုက်ခံရသည့် နိုင်ငံများထဲမှ တခု ဖြစ်ခဲ့သည့်တိုင် အဆိုးရွားဆုံး ဖြစ်ရပ်များကို ရှောင်ရှားနိုင်ခဲ့သည်။
ကျန်းမာရေးအာဏာပိုင်များက COVID-19 ကူးစက်မှု နောက်လှိုင်း တခုကို စိုးရိမ်နေဆဲ ဖြစ်သည့်တိုင် တောင်ကိုရီးယား နိုင်ငံသည် ယခုအပတ်အတွင်း ၎င်း၏ လူမှုရေးအရ ခပ်ခွာခွာနေရေး စည်းမျဉ်းအချို့ကို ရုပ်သိမ်းရန် ဖြည်းဖြည်းချင်း ဆောင်ရွက်နေပြီး အားကစားခန်းမ အပါအဝင် အဆောက်အဦ အချို့ကို စတင်ခွင့်ပေးခဲ့သည်။
သို့သော်လည်း တနိုင်ငံလုံး အနေဖြင့်မှု ခပ်ခွာခွာနေခြင်းကို မေလ ၅ ရက်အထိ ဆက်လက် ရှိနေမည် ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ရောဂါဖြစ်ပွားမှု အရေအတွက် ဆက်လက်မြင့်တက်နေပါက ထိုနေ့ နောက်ပိုင်းတွင် နေ့စဉ်ဘဝ၌ လူမှုရေးအရ ခပ်ခွာခွာနေရေး စည်းမျဉ်းများနှင့် လိုက်လျောညီထွေရှိမည့် လူနေမှု ပုံစံ (everyday life quarantine) သို့ ပြောင်းလဲ ကျင့်သုံးသွားရန် အာဏာပိုင်များက စဉ်းစားနေ ကြောင်း သိရသည်။
ကိုးကား။ ။ Yonhap
You may also like these stories:
တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲက မွန်း၏ပါတီကို ရွေးကောက်ပွဲ အနိုင်ရစေခဲ့
ကင်ဂျုံအွန်း သေရင် သူ့ညီမ ကင်ယိုဂျုံ ရာထူးဆက်ခံမလား
မင်းသား Hyun Bin ရဲ့ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တဲ့အတွက် CNN Indonesia တောင်းပန်
COVID-19 တိုက်ဖျက်ရေးသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်သည်