ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေး အတွက် ဧရာဝတီတိုင်း ဒေသကြီးတွင် ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန် တားမြစ် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို အချိန် ၂ လ ထပ်မံ တိုးမြင့်လိုက်ကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ က ဒေသန္တရ အမိန့် ၃/၂၀၂၀ ဖြင့် ညမထွက်ရ အမိန့်များကို ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး COVID- 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ပြောရေးဆိုခွင့် ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး က “COVID- 19 ကာကွယ် ထိန်းချုပ်ရေးနဲ့ ပြည်သူတွေ လုံခြုံရေး လိုအပ်ချက်အရ တိုင်းဒေသကြီး အဆင့် COVID- 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ညွှန် ကြားပါတယ်။ အမိန့်ထုတ်တာကတော့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီ ကို ပြောသည်။
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့ရာ အဆိုပါ အမိန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ၍ တိုင်းအတွင်းရှိ မြို့နယ်၂၆ မြို့နယ်၏ ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယမန်နေ့က ထပ်မံ ထုတ်ပြန်ခဲ့သည့် ဒေသန္တရ အမိန့် ၃/၂၀၂၀ မှာ အမိန့်ထုတ်ပြန်သည့် ဧပြီလ၂၃ ရက်နေ့မှ ဇွန်လ ၂၃ ရက် အထိ အတည်ဖြစ်ကြောင်းနှင့် ယခင် ထုတ်ပြန်ခဲ့သည့် ဒေသန္တရအမိန့် ၂/၂၀၂၀ ကို ယခု အမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်သည့် အမိန့်စာတွင် ဖော်ပြထားသည်။
ညမထွက်ရ အမိန့်အရ ဌာနဆိုင်ရာ တာဝန်ဖြင့် သွားလာသူများ၊ ကျန်းမာရေး ကိစ္စဆောင်ရွက်သူများနှင့် နာရေးကိစ္စ ဆောင်ရွက်သူများမှ အပ အခြား မည်သူအဆို ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း အပြင် မထွက်ရန် တားမြစ် ကြောင်းနှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ် ချုပ်ရေးမှူးများက ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့သည့် ဧပြီလ ၁၈ ရက်မှ ၂၃ ရက်အထိ ၆ ရက်တာ ကာလအတွင်း အမိန့် ကို ချိုးဖောက်သူ ၆၁ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆို၍ သက်ဆိုင်ရာ မြို့နယ် တရားရုံးများမှ ထောင် ဒဏ် ချမှတ်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “ညမထွက်ရ အမိန့် စထုတ်ပြန်တဲ့ ဧပြီလ ၁၈ ရက်နေ ၂၃ ရက်အထိ အမိန့်ကို မလိုက်နာဘဲ ဖောက်ဖျက်သူ ၆၁ ဦးကို ဖမ်းဆီးရခဲ့ပါတယ်။ သူတို့ကို သက် ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့ရာမှာ မြို့နယ် တရားရုံးများက ထောင်ဒဏ်တွေ ချမှတ် အပြစ်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ညမထွက်ရ အမိန့် ချိုးဖောက်သဖြင့် ပုသိမ်မြို့တွင်၂၃ ဦး ဖမ်းဆီးခဲ့ရပြီး ၎င်းတို့အား ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ် အပြစ်ပေးခဲ့ပြီး ဟင်္သာတ၊ ဘိုကလေး၊ မြန်အောင်၊ ညောင်တုန်း စသည့် ဒေသများမှ ညမထွက်ရအမိန့် ချိုး ဖောက်သူများကို သက်ဆိုင်ရာ မြို့နယ် တရားရုံးများက ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရ သည်။
ဒေသန္တရအမိန့် ချိုးဖောက်သဖြင့် ထောင်ဒဏ် ချမှတ်ခံရသူ ၆၁ ဦးကို ရဲတပ်ဖွဲ့က ပုသိမ်ထောင်၊ ဟင်္သာတထောင်၊ မအူပင် ထောင်နှင့် ဖျာပုံ အကျဉ်းထောင်များသို့ နေ့ချင်း ပို့ဆောင်၍ အကျဉ်းချခဲ့ကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ ဝန်ထမ်းမှ ထုတ်ပြန် ကြေညာသော အမိန့်ကို သိလျက်နှင့် ဖီဆန်ပါက ထိုသူအား အလုပ်မဲ့ထောင်ဒဏ် ၁ လ အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
ထိုသို့ အမိန့်ဖီဆန်ရာတွင် လူ့အသက်ကို အန္တရာယ်ဖြစ်စေခြင်း၊ ရုန်းရင်းဆန်ခတ်မှုဖြစ်စေခြင်း၊ သတ်ပုတ် နှောင့်ယှက်ခြင်း များကို ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။
ပုသိမ်မြို့မှ ဝါရင့် အထက်တန်းရှေ့နေ ဦးဇော်ဝင်းအောင် က “ကိုရိုနာ ရောဂါက တကမ္ဘာလုံး ဖြစ်နေတဲ့ ကူးစက် ရောဂါပါ။ အခုအချိန်မှာက လူစုလူဝေး မဖြစ်စေဖို့ရယ်၊ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတဲ့ ခိုးဆိုးနှိုက်တွေရဲ့ အန္တရာယ်ကလည်း ရှိနေတဲ့အတွက် ညမထွက်ရ အမိန့်က တကယ်ကို ထုတ်ပြန်သင့်တဲ့ အမိန့်် ဖြစ်ပါတယ်။ ဒါမှသာ ရောဂါကူးစက်မှုကို ကာကွယ်နိုင်မယ်၊ ပြည်သူ လူထု လုံခြုံမှုလည်း ပိုရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ် ဆေးရုံ၊ ဟင်္သာတ ဆေးရုံ၊ လပွတ္တာ ဆေးရုံနှင့် မြောင်းမြ ဆေးရုံတို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက် ကုသမှုများ ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် လက်ရှိအချိန် အထိ ဧရာဝတီတိုင်း၌ ဗိုင်းရပ်စ် ပိုးတွေ့သူ မရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ဧပြီလ၂၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူ ၁၃၉ ဦး တွေ့ရှိထားပြီး အဆိုပါ လူနာများ အနက် ၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာ ဟူ၍ ခရိုင် ၆ ခုနှင့် မြို့နယ် ၂၆ မြို့နယ် ရှိပြီး လူဦးရေ ၆ ဒသမ ၂ သန်းကျော် မှီတင်း နေထိုင်ကာ အများစုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။
ဆက်စပ်ဖတ်ရှုရန်
ပုသိမ်ဆေးရုံတွင် အထည်ချုပ်စက်ရုံ လုပ်သားတဦးကို သံသယလူနာအဖြစ် စောင့်ကြည့်နေ
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် မလိုက်နာသူ၂၄ ဦး ထောင် ၁ လစီချမှတ်