ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာတွင် သိသာသော အောင်မြင်မှုမှာ သွားလာမှု အကြီးအကျယ် ကန့်သတ်ခြင်းနှင့် ရောဂါရှိသူအား ထိတွေ့ဆက်ဆံမှုများကို ကျယ်ပြန်စွာခြေရာခံခြင်းတို့ပါဝင်သော အရေးပါသော တုံ့ပြန်မှုများကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြလိုက်ပြီးနောက် ဗီယက်နမ်နိုင်ငံတွင် လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အစီအမံများကို ဖြည်လျှော့လိုက်သည်။
တရုတ်နိုင်ငံနှင့် ရှည်လျှားပြီး ကူးလူးဆက်ဆံမှုများသော နယ်စပ်ရှိသော်လည်း ဗီယက်နမ်နိုင်ငံသည် ရောဂါကူးစက်မှု ၂၆၈ ခုသာခံစားရပြီး သေဆုံးသူ တဦးမျှမရှိကြောင်း တရားဝင်စာရင်းများအရ သိရသည်။
ကိုဗစ်-၁၉ အတွက် စမ်းသပ်စစ်ဆေးသူအရေအတွက်မှာ နှိုင်းယှဉ်ချက်အားဖြင့် နည်းပြီး ကွန်မြူနစ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနသည် ထိုစာရင်းများအတွက် တခုတည်းသော ရင်းမြစ်ဖြစ်နေသည်ကို သတိထားရန် ကျွမ်းကျင်သူများကပြောကြားနေသော်လည်း ထိုအချက်အလက်များကို မယုံကြည်နိုင်စရာ အကြောင်းမရှိသလောက် ဖြစ်ကြောင်းလည်း ပြောကြသည်။
ဗီယက်နမ်နိုင်ငံသည် တရုတ်ပြည်မကြီးနှင့်လေကြောင်းခရီးစဉ်များကို ပိတ်ပင်သည့် ပထဆုံးနိုင်ငံများအနက်တခုဖြစ်ပြီး ဖေဖေါ်ဝါရီလ အစောပိုင်း ရောဂါကူးစက်မှု တဒါဇင်ကျော်သာရှိချိန် မြို့တော်အနီးရှိ လူဦးရေ ၁၀၀၀၀ နှင့် အထက်ရှိသော ရပ်ကွက်များကို သွားလာမှု ကန့်သတ်ခဲ့သည်။
ကူးစက်ခံရသူများနှင့် ထိတွေ့ဆက်ဆံသူများနောက် ခြေရာခံခြင်းများကိုလည်း အပြင်းအထန်ဆောင်ရွက်သည်။
သူနှင့် သူ၏ရပ်ရွာမှ လူမှုအသိုင်းအဝန်းသည် ရပ်ကွက်ကို ကြီးကြပ်ရန် တာဝန်ယူသည့် အောက်ခြေကွန်မြူနစ်ပါတီ ကွန်ရက်များကို အထောက်အကူဖြစ်စေရေး သံသယရှိသော ရောဂါကူးစက်မှုများကို အာရုံစိုက်လေ့လာရန် မည်သို့ တာဝန်ပေးသည်ကို အသက် ၇၂ နှစ်အရွယ် ဟနွိုင်းဒေသခံ တဦးကပြန်ပြောပြခဲ့သည်။
“ကျနော်တို့က လမ်းကြိုလမ်းကြားအထိအောင်သွားပြီး အိမ်တိုင်းကို တံခါးခေါက်တယ်” ဟု ငုယင် ထရင်သောင်က AFP သတင်းဌာနသို့ပြောသည်။
“ကူးစက်ရောဂါကိုတိုက်ဖျက်တာဟာ ရန်သူကိုတိုက်ဖျက်တာနဲ့ အတူတူပဲဆိုတဲ့ အစိုးရရဲ့ ညွုန်ကြားချက်အတိုင်း ကျနော်တို့လိုက်နာဆောင်ရွက်တယ်” ဟု သူပြောသည်။
ပူးပေါင်းဆောင်ရွက်ရန်အတွက် လူထုယုံကြည်မှုရအောင်လုပ်နိုင်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ အောင်မြင်မှုအတွက် သော့ချက်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနောက်ပိစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ တာကီရှီ ကစိုင်း ပြောသည်။

“သူတို့တွေက သူတို့တာဝန်ကို တကယ်ကျေတယ်” ဟု သူက ယခုအပတ်အစောပိုင်းကပြောကြားခဲ့ပြီး လူ ၈၀၀၀၀ ခန့်ကို သွားလာမှု ကန့်သတ်နေထိုင်စေခဲ့ကြောင်း သူပြောသည်။
“ဒါဟာရောဂါဖြစ်ပွားမှု အရေအတွက်နည်းအောင် ဆက်လက်ထိန်းထားနိုင်တဲ့ အကြောင်းရင်းလို့ ကျနော်ထင်တယ်” ဟုလည်း သူပြောသည်။
လတ်တလောအချိန်တွင် ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်နေသည့် နိုင်ငံတကာလေကြောင်းခရီးစဉ် မရှိသလောက်ပင်ဖြစ်ပြီး နိုင်ငံကို တစိတ်တပိုင်းအားဖြင့် သွားလာမှုကန့်သတ်ထားသည်မှာ ဧပြီလဆန်းကပင်ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုင်ကယ်များ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် ဈေးသည်များဖြင့် ပြည့်နေသော ဟနွိုင်းမြို့ လမ်းများသည် အခမဲ့ ဆန်ဝေစက် (Rice ATM) တွင် တန်းစီနေသည့် သူများမှအပ လူသူကင်းမဲ့လုနီးပါးရှိနေသည်။
ထိုသို့တင်းကျပ်သော ထိန်းချုပ်မှုများ၏ အကျိုးကျေးဇူးကို ခံစားရခြင်းပင်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က ခြောက်ရက်ဆက်တိုက် ရောဂါပိုးကူးစက်မှုသစ် မတွေ့ရသည့် နောက်ပိုင်းတွင် အချို့ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း အစိုးရက ကြေညာသည်။
ကြာသပတေးနေ့တွင် မြို့တော်သည် အတန်အသင့် တိတ်ဆိပ်နေသော်လည်း ကာဖေးဆိုင်အချို့ ဝန်ဆောင်မှု ပြန်လည်စတင်သည်။
ရည်မှန်းချက်ထက် သာလွန်
ဥရောပတလွှားနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပင်လယ်ကမ်းခြေသို့ သွားရောက်အပမ်းဖြေသူများ ပြည့်ကျပ်နေပြီး သွားလာမှု ကန့်သတ်ခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများဖြင့် ဒေသအစိုးရများသည် ၎င်းတို့နိုင်ငံသားများကို အိမ်တွင်းတွင်နေစေရေး ရုန်းကန်နေကြရသည်။
သို့သော် ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် နိုင်ငံသို့ပြန်လာသော ပြည်ပနိုင်ငံသားများအပါအဝင် သောင်းနှင့်ချီသောပြည်သူများကို နိုင်ငံတဝန်းရှိ စစ်စခန်းဆန်သော နေရာများတွင် သွားလာမှုကန့်သတ်စောင့်ကြည့်သည်။
ဘူသီနန်နှင့် သူမ၏ သားသည် မတ်လတွင် ဂျာမဏီမှ ပြန်လာပြီးနောက် ဟနွိုင်းရှိ ကျောင်းဆောင်တခုရှိ ကျဉ်းမြောင်းပြီး အဆင့်ဆင့် အိပ်ရသည့် ကုတင်တွင် မွေ့ယာမရှိဘဲ နှစ်ပတ်အိပ်ခဲ့ရသည်။
သူတို့အတွက် တနေ့တာ အစားအသောက် သုံးနပ်ကို စစ်သားများက သူတို့၏ အခန်းများပြင်ပတွင် ထားရှိပေးသည်။

“အိမ်မှာနေတာနဲ့တော့ သွားယှဉ်လို့ ဘယ်ရမလဲ။ ကူးစက်ရောဂါဖြစ်ပွားနေချိန် ဗီယက်နမ်ရဲ စီးပွားရေးအခြေအနေအရ ဆိုရင် ထင်ထားတာထက်အများကြီးသာတယ်” ဟု သူမက AFP သတင်းဌာနသို့ပြောသည်။
တရုတ်နိုင်ငံပြင်ပ ပထမဆုံးရောဂါကူးစက်မှု ခံစားရခြင်းကို ဇန်နဝါရီလလယ်က ကြေညာခဲ့သော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း လွန်ခဲ့သောအပတ်အတွင် ရောဂါဖြစ်ပွားမှုသစ် ကျဆင်းလာပြီး ဆရာဝန်များက အစိုးရ၏ ညမထွက်ရအမိန့် ကဲ့သို့သော ကန့်သတ်ချက်များကို ချီးကျူးနေကြသည်။
ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၁၂၂ ဦးသာရှိနေသည်မှာ တပတ်ကျော်ကြာပြီဖြစ်ပြီး လာအိုတွင်လည်း ရောဂါကူးစက်မှုမှာ ၁၉ ဦးသာဆက်လက်ဖြစ်နေသည်။
သို့သော် လာအိုနိုင်ငံတွင် ရောဂါကူးစက်မှုနည်းခြင်းမှာ စစ်ဆေးမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်း ဆေးရုံ အရေးပေါ်ကူးစက်ရောဂါဌာန အကြီအကဲ အောပတ် ပတ်ချာရွန်ပြောသည်။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု စစ်ဆေးမှုပေါင်း ၁၄၂၀၀၀ ပြုလုပ်ပြီဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံတွင် စစ်ဆေးမှု ၉၀၀၀ ခန့်နှင့် ဗီယက်နမ်နိုင်ငံသည် စစ်ဆေးမှု ၁၈၀၀၀၀ ပြုလုပ်ပြီးပြီဖြစ်သည်။
ကိုးကား။ ။ AFP
You may also like these stories:
ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး စစ်ပွဲ ဗီယက်နမ် ဘယ်လိုအနိုင်ယူနေသလဲ
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ
ထိုင်ဝမ်၏ ကိုဗစ်-၁၉ တုန့်ပြန်မှု ကမ္ဘာ့အကောင်းဆုံးများတွင် ပါဝင်