သတင်း

လုပ်သား ၉၀၀၀ ကျော် ရှိသည့် စက်ရုံမှ ဝန်ထမ်းတဦးတွင် COVID-19 ပိုးတွေ့

လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်ရှိ လုပ်သား ၉၀၀၀ ကျော်အလုပ်လုပ်ကိုင်နေသည့်  Tsang Yih (ချန်ရိ ဖိနပ်စက်ရုံ) ဝန်ထမ်းတဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လူနာအမှတ် ၁၄၄ သည် အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသားတဦး ဖြစ်ကာ ရောဂါပိုး အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသော်လည်း ပြည်ပခရီးသွား ရာဇင်ဝင်ရှိကြောင်း  သိရပြီး ၎င်းသည် ထိုစက်ရုံ၌ စကားပြန်အလုပ် လုပ်ကိုင်သူဖြစ်သည်။

အဆိုပါဝန်ထမ်းနှင့် အဆောင်အတူနေသူ ၃၈ ဦးကို Home Quarantine ထားရှိမည်ဖြစ်ပြီး တိုက်ရိုက်ထိတွေ့ခဲ့သူ ၄ ဦးကို ကျန်မာရေး ဝန်ကြီးဌာနမှ သတ်မှတ်ပေးသည့် Quarantine Center သို့ ပို့ဆောင်ထားပြီး ဖြစ်ဖြစ်ကြောင်း လှိုင်သာယာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုစားလှယ် ဦးမြတ်မင်းသူ က ပြောသည်။

ဦးမြတ်မင်းသူ က “စက်ရုံက ၁၀ ရက်နေ့မှာ အလုပ်ပိတ်တယ်။ သူက ၁၅ ရက်နေ့မှာ ပြန်သွားတယ်။ ဒါပေမယ့် ၆၊ ၇ ၊ ၈ လောက်မှာ ဆေးခန်းမှာ ဆေးပြခဲ့ဖူးတာရှိတယ်။ အပြင်ဆေးရုံမှာပေါ့။ သူနဲ့ ထိစပ်ခဲ့တဲ့ သူတွေကို ကျနော်တို့ ကွင်းဆက် လိုက်နေတယ်။ တိုက်ရိုက် ထိစပ်ခဲ့တဲ့ ၄ ယောက်ကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်တဲ့ Quarantine Center ကို ပို့ပြီးပြီ” ဟု ပြောသည်။

ထိုလူနာအမှတ် ၁၄၄ ပြသခဲ့သော စက်ရုံတွင်း ဆေးခန်းနှင့် လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ကျန်စစ်သားလမ်းရှိ ဆေးခန်းတခုမှ ထိတွေ့ခဲ့သော ဆရာဝန်၊ သူနာပြု၊ ဓာတ်မှန်ဆရာများကိုလည်း Quarantine Centre သို့ ပို့ရန် စီစဉ်နေကြောင်းလည်း သိရသည်။

အဆိုပါလူနာ ပိုးတွေ့ဝန်ထမ်း သည် ဧပြီ ၄ ရက်က ချောင်းဆိုးခြင်း စတင်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၅ ရက်က ရန်ကုန်မှ ကား စင်းလုံးဌားကာ မွေးရပ်ဇာတိ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဇာတိဖြစ်ကြောင်း ပြန်ခဲ့ခြင်းဖြစ်ကြေင်း သိရသည်။

ယင်း စက်ရုံမှ စက်ရုံလုပ်သား ၉၀၀၀ လုံးကို Quarantine ဝင်ရန်နှင့် ထိုကဲ့သ့ို Quarantine ဝင်နိုင်ရန် အတွက် အစိုးရမှ နေရာထိုင်ခင်းနှင့် အစားအသောက်တို့ကို စီစဉ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM က ထုတ်ပြန်ထားသည်။

CTUM ဥက္ကဋ္ဌ ဦးမောင်မောင် က “စက်ရုံကနေတဆင့် ကူးမယ် ဆိုတာက အလုပ်သမားတွေမှာတင် ရပ်နေတာ မဟုတ်ဘူး။ လမ်းသွားရင်လည်း ဖြစ်နိုင်တယ်။ နေတဲ့အိမ်မှာလည်း ဖြစ်နိုင်တယ်။ ဈေးသွားရင်းလည်း ဖြစ်နိုင်တယ် ဒါတွေအားလုံးကို ထည့်တွက်ဖို့တော့ လိုမယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

ချန်းရီဖိနပ်စက်ရုံသည် စက်ရုံတွင်းစစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးသည့် စက်ရုံ ဖြစ်သော်လည်း COVID-19 ကူးစက်လူနာ ထွက်ပေါ်လာသဖြင့် အဆိုပါစက်ရုံကို ယနေ့ (ဧပြီလ ၂၅) ရက်နေ့တွင် ယာယီပိတ်ထားကြောင်းသိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၂၅ ရက်အထိ သေဆုံးသူ ၁ သိန်း ၈ သောင်းကျော် (၁၈၄,၆၈၁ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှ ဧပြီလ ၂၅ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၄၄ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၅ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

တရုတ်အစိုးရက နည်းနည်းနှင်ချင်တဲ့သဘော ဖြစ်နိုင်တယ်လို့ မြင်တယ်

COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်

ရောဂါကူးစက်မှုနှုန်း တည်ငြိမ်လာသောကြောင့် ဗီယက်နမ်တွင် ချုပ်ချယ်မှုများ ဖြည်လျှော့လာ

Loading