မန္တလေးဆေးရုံကြီးတွင် တရက်တည်း သေဆုံးသွားသော ကြည့်လူနာ ၇ ဦးအနက် ၄ ဦး၏ ဓာတ်ခွဲ အဖြေတွင် Covid-19 ပိုးမတွေ့ရှိဘဲ ကျန် ၃ ဦး၏ ဓာတ်ခွဲနမူနာအဖြေစောင့်ဆိုင်း နေကြောင်း မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ စုစုဒွေးက ပြောသည်။
ဒေါက်တာ စုစုဒွေးက “မနေ့က လူနာ ၇ ယောက်ဆုံးသွားတာ ဟုတ်ပါတယ်။ အဲဒီ ၇ ယောက်က အသည်းအသန် ၃ ယောက်က ပြင်ပလူနာဌာနမှာပဲ ဆုံးပါးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ ၄ ယောက်က ကိုဗစ်စောင့်ကြည့် လူနာတွေထားတဲ့ Isolation Ward မှာဆုံးပါးသွားတာဖြစ်ပါတယ်။ ဆုံးသွားတဲ့လူနာ ၇ ဦးထဲက ၄ ဦးရဲ့ အဖြေရရှိပြီး နဂ္ဂတစ်ဖြစ်ပါတယ်။ ကျန်တဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာ အဖြေကိုတော့ စောင့်နေဆဲဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက “မနေ့ကတရက်တည်းမှာ စောင့်ကြည့်လူနာ ၇ ဦးဆုံးသွားတာမှန်ပေမဲ့ သူတို့တွေက တရက်တည်း ဆေးရုံကို အတူ ရောက်လာသူတွေမဟုတ်သလို အားလုံးကလဲ အခံရောဂါရှိတဲ့ ပြင်းထန်ဝေဒနာနဲ့ ရောက်ရှိလာတဲ့သူ တွေဖြစ်ပါတယ်” ဟု ဆက်လက်ပြောသည်။
အထက်ပါသတင်း အချက်အလက်များအား ဆေးရုအုပ်ကြီးဒေါက်တာစုစုဒွေးက ၎င်း၏ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆုံးသွားသူ ၇ ဦးတွင် နံပါတ် (၁) လူနာသည် ဆီးချို၊ သွေးတိုးရောဂါ အခံရှိသူဖြစ်ခြင်း၊ နံပါတ် (၂) လူနာသည် ကင်ဆာရောဂါ ဝေဒနာရှင်၊ နံပါတ် (၃) လူနာသည် အသည်းကြောင့် ဦးနှောက်ယောင် ရောဂါ ဖြစ်ပွားနေသည့် အသည်းကြွေဝေဒနာရှင်၊ နံပါတ် (၄) အဆုတ်ယောင်ရောဂါ ဝေဒ နာရှင်၊ နံပါတ် (၅) နာတာရှည် အဖျားနှင့် ချောင်းဆိုး ရောဂါခံစားနေရသူ၊ နံပါတ် (၆) တီဘီရောဂါ ဝေဒနာသည်၊ နံပါတ် (၇) သွေးလေးဘက်နာ ဝေဒနာရှင်တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် ဓာတ်ခွဲနမူနာ အဖြေရရှိပြီးသည့် လူနာများမျာ လူနာအမှတ် (၁)၊ (၂)၊ (၄)၊ (၅) တို့ဖြစ်ပြီး ကျန် ၃ ဦး၏ အဖြေအား စောင့်ဆိုင်းဆဲဖြစ်သည်ဟု သိရသည်။
ဧပြီ ၂၄ ရက်က တရက်တည်းဆုံးပါးသွားသည့် စောင့်ကြည့်လူနာ ၇ ဦးသည် မန္တလေးအထွေထွေ ရောဂါ ကုဆေးရုံကြီးသို့ လာရောက် ဆေးကုသမှုခံယူသည့်ရက်များမှာ မတူညီဘဲ ဧပြီ ၂၀ ရက်နောက်ပိုင်းတွင် တက်ရောက်ခဲ့သူများဖြစ်ကြောင်းသိရသည်။
လက်ရှိ မန္တလေးဆေးရုံကြီးတွင် ကိုဗစ်စောင့်ကြည့်လူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူနေသူ ၇၁ ဦးရှိကြောင်း သိရသည်။
You may also like these stories:
လုပ်သား ၉၀၀၀ ကျော် ရှိသည့် စက်ရုံမှ ဝန်ထမ်းတဦးတွင် COVID-19 ပိုးတွေ့
ထိုင်းတွင် မြန်မာ ၃၄ ဦး Covid-19 ကူးစက်ခံရ
ဧရာဝတီတိုင်း ညမထွက်ရအမိန့် ၂ လ ထပ်မံ တိုးမြှင့်