တရက်လျှင် လူဦးရေ ၁၄၀၀ ခန့်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနိုင်သည့် တပ်မတော်ပိုင် ရောဂါ ရှာဖွေစက် ၂ လုံးကို တပ်မတော်သားများအတွက်သာမက အများပြည်သူကိုပါ စစ်ဆေးပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိ ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယနေ့ နေပြည်တော်တွင် ပြောသည်။
ရောဂါပိုးများကို စစ်ဆေးနိုင်သည့် COBAS 6800 အမျိုးအစားစက်များကို နေပြည်တော် ကုတင် – ၁၀၀၀ တပ်မတော် ဆေးရုံကြီးနှင့် ရန်ကုန် ကုတင် – ၁၀၀၀ တပ်မတော်ဆေးရုံကြီးတို့တွင် တပ်ဆင်ထားပြီး ယခု COVID -19 ရောဂါ ဖြစ် ပွားလာချိန်တွင် ထိုရောဂါပိုးကို စစ်ဆေးနိုင်သည့် Reagent (စစ်နိုင်သည့်အထောက်အကူပစ္စည်း)များကို နိုင်ငံခြားမှ ဝယ်ယူကာ စစ်ဆေးနိုင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“အများပြည်သူ စစ်နိုင်ဖို့အတွက် လုပ်ပေးမှာပါ။ အဲလိုလုပ်ပေးဖို့အတွက်လည်း ကျနော်တို့က ဖြန့်ခွဲထား တာ”ဟု ပြောသည်။
ထိုစက်များဖြင့် COVID-19 ရောဂါပိုးစစ်ဆေးနိုင်ရန်အတွက် စက်ပိုင်းဆိုင်ရာလိုအပ်သည့် Installation(အထိုင်ချခြင်း)နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၂၃ ရက်နေ့တွင် စမ်းသပ်စစ်ဆေးမှုများ အောင်မြင်ခဲ့ပြီး ယခု အသုံးပြုရန် အသင့်ဖြစ်နေပြီဟု ၎င်းက ဆက်လက် ပြောကြားသည်။
COVID-19 ရောဂါကို ကမ္ကာ့လုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ကာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေငြာခဲ့ပြီးနောက် အစိုးရက ထိုရောဂါကို ကိုင်တွယ်ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ထိုနောက် ၂၀၂၀ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော COVID -19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ပြီး ထိုကော်မတီတွင် တပ်မတော်မှ ကာကွယ်ရေး၊ ပြည် ထဲရေး၊ နယ်စပ်ရေးရာနှင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်ကို တွေ့ ရသည်။
ယခုကဲ့သို့ အများပြည်သူအတွက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း၊ ရောဂါရှာဖွေစက်များဖြင့် COVID – 19 အတည်ပြု လုပ်ငန်းများကိုပါ ကူညီလုပ်ဆောင်တော့မည်ဆိုပါကလည်း WHO ၏ စံသတ်မှတ်ချက်များ အတိုင်း လိုက်နိုင်ဆောင်ရွက်သင့်ကြောင်း ရန်ကုန်မြို့ မှ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာကျော်စွာဦးက ပြောသည်။
“ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကောင်းတဲ့ရလဒ်တခုပါပဲ။ ဒီလိုမျိုးစက်ကြီးတွေနဲ့ စစ်ပေးနိုင်တယ်ဆိုရင် များများ ရှာဖွေ နိုင်လေ များများကုသ ထိန်းချုပ်နိုင်မယ်။ တပ်မတော်ပိုင်းက ပေးလာမယ့် စက်ကလည်း သူတို့ဘက်က ပညာရှင်တွေ က လေ့လာပြီးသားလည်း ဖြစ်ကောင်းဖြစ်မယ်။သို့သော်လည်းပဲ WHO Guide Line အတိုင်းသွားဖို့တော့ လိုသေးပါ တယ်”ဟု ၎င်းကပြောသည်။
နေပြည်တော်နှင့် ရန်ကုန်ရှိ တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံကြီးများတွင် တပ်ဆင်ထားသည့် ရောဂါရှာဖွေရေးစက် ၂ လုံးအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတွင်လည်း ထိုစက်များနှင့် အမျိုးစားတူ COBAS 6800 စက်တလုံးအား AA Medical Procucts Co,Ltd. (Pacific-AA Foundation)က လှူဒါန်းထားပြီး ရန်ကုန်မြို့တွင် တပ်ဆင်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
တပ်မတော်တွင် COVID-19 ရောဂါပိုးကို စစ်ဆေးနိုင်သည့် Reagent (စစ်နိုင်သည့်အထာက်အကူပစ္စည်း) အခု ၁၀၀၀ ဝယ်ယူထားပြီး AA Medical Products Co,Ltd မှ လှူဒါန်းထားသည့် Reagent အခု ၁၀၀၀ စုစုပေါင်း ၂၀၀၀ လက်ဝယ် တွင်ရှိပြီး အခု ၁ သောင်းအထိ ရရှိရန် စီစဉ်မည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
COBAS 6800 စက်များသည် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Roche Diagnostics Co,Ltd ထုတ်လုပ်သည့် စက်များဖြစ်ပြီး အမေရိကန်အပါအဝင် နိုင်ငံတကာတွင် COVID-19 ရောဂါပိုးရှာဖွေရာတွင် လက်ရှိအသုံးပြုနေသော စက်များဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သော ကျိုင်းတုံမြို့ အမှတ်(၃) ကုတင် ၃၀၀ တပ်မတော်ဆေးရုံသို့လည်း တရက်လျှင် လူ ၂၀၀ နီးပါးကို COVID-19 ရောဂါပိုး ရှိ၊ မရှိ အတည်ပြုစစ်ဆေးနိုင်သော ရောဂါရှာဖွေရေးစက် ၁ လုံးကို ပို့ဆောင်ရန် ပြင်ဆင်နေပြီး အဆိုပါ စက်ထားရှိနိုင်သော အဆောက်အဦး ဆောက်လုပ်ပြီးစီးပါက လာမည့် မေလအတွင်း ပေးပို့ သွားမည်ဟုသိရသည်။
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ လေဆိပ်၊ ကားဂိတ်ကဲ့သို့ လူစည်ကားရာနေရာတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းများအပြင် ယခုကဲ့သို့ ရောဂါရှာဖွေစစ်ဆေးနိုင်ရန် ဆောင်ရွက်ခြင်းများကို တပ်မတော်က ဆက်တိုက်ဆိုသလို လုပ်ဆောင်လာသည်။
လက်ရှိ တပ်မတော်တွင် COVID-19 ရောဂါကူးစက်ခံရသူ မရှိသေးဘဲ Hospital Quarantine စောင့်ကြည့်သူ တပ် မတော်သား (၁၈)ဦး၊ မှီခို (၉)ဦး၊ Home Quarantine စောင်ကြည့်သူ တပ်မတော်သား (၁၉၆)ဦး၊ မှီခို (၁၀၆) ဦး၊ Facilities Quarantine စောင့်ကြည့်သူ တပ်မတော်သား (၃၄၅) ဦး၊ မှီခို (၁၇၀) ဦးရှိပြီ ဖြစ်ကြောင်း ဧပြီလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁၅ရက်နေ့ ည ၁၀ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၄ဦး၊ သေဆုံး ၅ ဦး၊ ပြန်လည် သက် သာလာသူ ၁၀ ဦးနှင့် စောင့်ကြည့်လူနာ ၂၆၀၀ ကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သော COVID-19 ရောဂါသည် ကမ္ကာပေါ်ရှိနိုင်ငံအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့နေပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၂၈သိန်းကျော်၊ သေဆုံးသူ ၁ သိန်း ၉ သောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဘုံရန်သူ COVID-19 ကို ပူးပေါင်းတိုက်ထုတ်၍ ငြိမ်းချမ်းရေး ယူပေးသင့်သည်
တရက်တည်း ဆုံးသွားသည့် စောင့်ကြည့်လူနာ ၇ ဦးအနက် ၄ ဦးတွင် ပိုးမတွေ့
လုပ်သား ၉၀၀၀ ကျော် ရှိသည့် စက်ရုံမှ ဝန်ထမ်းတဦးတွင် COVID-19 ပိုးတွေ့