ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်ရှိ Tsang Yih (ချန်ရိ ဖိနပ်စက်ရုံ)မှ COVID-19 ပိုးတွေ့ဝန်ထမ်း နှင့် အနီးကပ် ထိတွေ့ခဲ့သူ ၈ ဦးကို စစ်ဆေးခဲ့ရာ ပိုးမတွေ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
စစ်ဆေးခံရသူ ၈ဦးမှာ ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သော စက်ရုံပိုင်ရှင်၊ စက်ရုံရှိ ဆေးခန်းမှ ဆရာဝန်နှင့် သူနာပြု၊ ပြင်ပဆေးခန်းမှ ဆရာဝန်နှင့် ဓာတ်မှန်ဆရာဝန်၊ အငှားကား ယာဉ်မောင်း ၂ဦး၊ အတူနေ အခန်းဖော် ၁ဦးတို့ ဖြစ်သည်။
ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က “Close Contact ၈ ယောက်က Negative အဖြေထွက်ပါတယ်။ တိုင်းကျန်းမာကနေ အမတို့ ဆီကို တရားဝင် အကြောင်းကြားထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပိုးတွေ့ဝန်ထမ်းနှင့် အဆောင်နေထိုင်သူ ၃၈ ဦးကိုလည်း ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ထားပြီး ၎င်းတို့ နေထိုင်ရာ အဆောင် ကိုလည်း Lock Down ပြုလုပ်ထားကြောင်း သိရသည်။
ဒေါ်မိုးမိုးစုကြည်က “အဲဒီက ထွက်ရှိလာတဲ့ အဖြေပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စုရဲ့ လမ်းညွှန်မှုနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုနဲ့ အတူ အကောင်းဆုံး ဖန်တီးပေးသွားမယ်လို့ ပြောချင်တယ်” ဟုဆိုသည်။
လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ခင်ရူပါစိုးကလည်း အနီးကပ်ထိတွေ့သူ ၈ ဦး တွင် COVID-19 ပိုးမတွေ့ရှိကြောင်းနှင့် အဆိုပါ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့မှု ရှိခဲ့သူ ၁၅၀ နီးပါကိုလည်း ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အတည်ပြုသည်။
“Negative ပါ။ ၈ ယောက်လုံးပါ။ ကျန်တဲ့သူတွေကိုလည်း ကျမတို့ စစ်နေပါတယ်။ ဒီနေ့ဆိုရင် လူတွေအများကြီး ယူပေးနေပါတယ်။ ဆက်စစ်ပေးနေပါတယ်။ နောက်တစ်ရက် နှစ်ရက်ဆိုရင် အကုန်သိမှာပါ။ ၁၅၀ နီးပါးလောက်ကို ကျမတို့ စစ်သွားမှာပါ” ဟု ပြောသည်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက် ထုတ်ပြန်ချက်အရ လူနာအမှတ် ၁၄၄ သည် အသက် ၂၄ နှစ် အရွယ် အမျိုးသားတဦး ဖြစ်ကာ ရောဂါပိုး အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသော်လည်း ပြည်ပခရီးသွား ရာဇင်ဝင်ရှိ ကြောင်း သိရပြီး ၎င်းသည် ချန်ရိ ဖိနပ်စက်ရုံ၌ စကားပြန်အလုပ် လုပ်ကိုင်သူဖြစ်သည်။
၎င်းသည် ဧပြီ ၄ ရက်က ချောင်းဆိုးခြင်း စတင်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၅ ရက်က ရန်ကုန်မှ ကားစင်းလုံး ဌားကာ မွေးရပ်ဇာတိ ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့ ပြန်ခဲ့ခြင်းဖြစ်ကြေင်း သိရသည်။
ချန်ရိဖိနပ်စက်ရုံသည် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် လမ်းညွှန်ချက် စံချိန်စံနှုန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးသည့် စက်ရုံ ဖြစ်သော်လည်း COVID-19 ကူးစက်လူနာ ထွက်ပေါ်လာသဖြင့် အဆိုပါစက်ရုံကို ဧပြီလ ၂၅ ရက်နေ့တွင် ယာယီပိတ်ခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှ ဧပြီလ ၂၆ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၄၆ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၅ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၁၀ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
လုပ်သား ၉၀၀၀ ကျော် ရှိသည့် စက်ရုံမှ ဝန်ထမ်းတဦးတွင် COVID-19 ပိုးတွေ့