စစ်ကိုင်းတွင် ပထမဆုံး တွေ့ရှိသော COVID-19 ပိုးတွေ့လူနာ အမျိုးသားသည် ဧပြီ ၂၂ ရက်က အိန္ဒိယနိုင်ငံမှ ပြန်လာသူဖြစ်ပြီး ယမန်နေ့ကအထိ စစ်ကိုင်းမြို့ရှိ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွင် Quarantine ဝင်နေသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယမှ ပြန်လာသူသည် Facility Quarantine ဝင်နေသူ ဖြစ်ပြီး ကျန်းမာရေး အခြေ အနေ ကောင်းမွန်ကြောင်း စစ်ကိုင်းခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါက်တာ သော်တာထက်က ဧရာဝတီ ကို ပြောသည်။
“သူက ဒီကို ပြန်ရောက်ကတည်းက Facility Quarantine ဝင်နေတဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ Quarantine ဝင်စဉ် ကာလမှာလည်း တယောက်တည်း အခန်းမှာပဲနေတယ်။ အနီးကပ်ထိတွေ့ ခဲ့သူ နည်းပါတယ်။ လောလောဆယ် သူ့ ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာလည်း မရှိပါဘူး”ဟု ၎င်းက ရှင်းပြသည်။
ဧပြီ ၂၆ ရက် နံနက် ၇ နာရီ သတင်း ထုတ်ပြန်ချက်အရ စစ်ကိုင်းမြို့နယ်က အသက် ၄၈ နှစ် အရွယ် အမျိုးသား ဖြစ်ပြီး ဇနီးသည် ဆေးကုသမှုအတွက် အိန္ဒိယသို့ မိသားစုနှင့် အတူ သွားရောက်ခဲ့သူဖြစ်ပြီး ယခုလ ၂၂ ရက် က ပြန်ရောက်ကာ ရောက်ရောက်ချင်း စစ်ကိုင်းရှိ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွင် အသွားအလာ ကန့်သတ်မှု ခံယူခဲ့ကြောင်း သိရသည်။
“အခုကတော့ အိန္ဒိယကပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့သူ အားလုံးရဲ့ ဓာတ်ခွဲနမူနာတွေထဲက စစ်ဆေးပြီးသမျှထဲမှာ သူတယောက်တည်းပဲ Positive တွေ့တာပေါ့နော်” ဟု ဒေါက်တာ သော်တာထက်က ပြောသည်။
လက်ရှိတွင် အဆိုပါလူနာအမျိုးသားအား စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ကုသမှုများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သီတဂူဆရာတော်၏ အကူအညီဖြင့် အိန္ဒိယတွင် ရောက်ရှိနေသော သံဃာတော်များ အပါအဝင် မြန်မာနိုင်ငံသား ၂၅၇ ဦးအား ဧပြီ ၂၂ ရက်က သီးသန့်လေယာဉ်ဖြင့် သွားရောက်ခေါ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့အားလုံးသည် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွင် Facility Quarantine ၂၁ ရက်ဝင်နေကြသည်ဟု ဆိုသည်။
ထို့အတူ အိန္ဒိယမှပြန်လာသူများအား လေဆိပ်သို့ သွားရောက်ခေါ်ဆောင်စဉ်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ထားသော သက်ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့သလို သွားကြို ခဲ့သော ကားများအား ပိုးသတ်ခြင်း၊ ယာဉ်မောင်းများအား Mask အပါအဝင် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်စေခြင်း များ ပြုလုပ်ခဲ့သည်ဟု စစ်ကိုင်း ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။
“အိန္ဒိယက ပြန်လာတဲ့သူတွေ သွားခေါ်တုန်းကလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ ဂိုက်လိုင်းအတိုင်း သေချာဆောင်ရွက်ခဲ့တာ ဖြစ်သလို အခုပိုးတွေ့ လူနာကလည်း ပြန်ရောက် တာနဲ့ အပြင်လူတွေနဲ့ ထိတွေ့ခဲ့ခြင်း မရှိတဲ့ အတွက် မြို့သူမြို့သားတွေ အတွက် အရမ်း အစိုးရိမ် မကြီးဖို့ ပြောလိုပါတယ်”ဟု ဒေါက်တာ သော်တာထက် က ပြော သည်။
ဧပြီ ၂၆ ရက် နံနက် ၇ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိသူ ၁၄၆ ဦးရှိပြီး သေဆုံးသူ ၅ ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ ၁၀ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။