တရုတ်ပြည် နယ်စပ် ချင်းရွှေဟော်နှင့် လောက်ကိုင်ဒေသတို့မှ ပြည်မထဲသို့ ပြန်ဝင်လာသူ ၄၀၀ ကျော်သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့ အထွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အဝင်တွင် မန္တလေးတိုင်း အစိုးရ၏ တားမြစ် ထားမှုကြောင့် ပိတ်မိလျက်ရှိကြောင်း သတင်း ရရှိသည်။
မနေ့ညကတည်းက ဝင်ခွင့် ရရှိရန် စောင့်ဆိုင်းနေခြင်း ဖြစ်ပြီး ယင်းနေရာတွင် တာဝန်ရှိသူများ၏ စာရင်းကောက်ခံမှု အရ လူဦးရေ ၄၀၀ ကျော်နှင့် ကားအစီးရေ ၃၀ ကျော် ရှိကြောင်း ချင်းရွှေဟော်မြို့ မှ ပြန်လာသူတဦးက ယင်းနေရာ သို့ ရောက်ရှိစဉ် ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပြင်ဦးလွင်အဝင်မှာ ကား ၃၀ ကျော်လောက် ရှိတယ်။ ဆီဆိုင်ထိပ်မှာ အခုချိန်အထိ သူတို့ စီမံပေးတာကို စောင့်နေတုန်းပဲ ရှိသေးတယ်။ ချင်းရွှေဟော်မှာ မနေခဲ့ရဘူး။ ထားစရာကို မရှိတော့တာ။ အဲဒီမှာ နေရာမလောက်လို့။
အခု ဒီမှာက ကားလေးတွေရော၊ အကုန်လုံး ပိတ်မိနေတာ။ သူတို့က ဘာကိုမှ ပေးမဝင်တော့တာ”ဟု ယင်းနေရာမှ အမည်မဖော်လိုသော ကားသမားတဦးက ပြောသည်။
ယခင်ရက်များက မန္တလေးတိုင်းအဝင်ကို ည ၉ နာရီမှ မနက် ၄ နာရီထိ ပိတ်ထားပြီး အခြားအချိန်များတွင် ဝင်ခွင့်ပြု ကြောင်း၊ တာဝန်ရှိသူများ၏ ပြောဆိုချက်များအရ ရှမ်းပြည်နယ် အစိုးရက ယခု ပြည်တော်ပြန်များ၏ စာရင်းကို မန္တလေးတိုင်း အစိုးရထံသို့ ပေးပို့ထားခြင်း မရှိ၍ ယခုလို တားဆီးရခြင်းဟု သိရကြောင်း ၎င်းပြည်တော်ပြန်များက ပြောသည်။
အခြား ပြည်တော်ပြန်တဦးကလည်း“နယ်စပ်မှာ နေရာမလုံလောက်တဲ့အခါကျတော့ ကိုယ်နေရပ်ကို ပြန်ဖို့ အတွက် ထောက်ခံစာတွေ ပေးလိုက်တယ်။ လမ်းမှာ စစ်ဆေးရင် ဒီစာရွက်စာတမ်းတွေ ပြပေးပါပေါ့။ အခုကျတော့ အဲဒီ စာရွက်စာတမ်းတွေကိုလည်း ဘောင်မဝင်ဘူးတဲ့။ သူတို့က ဖြတ်သန်းခွင့်ကို လုံးဝ မပေးတော့တာ”ဟု ပြောသည်။
ပြည်တော်ပြန်တဦး၏ ပြောဆိုချက်အရ ၎င်းတို့အဖွဲ့ သည် ညပိုင်းတွင် ပြင်ဦးလွင်အနီးသို့ ရောက်ရှိလာချိန် ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့ နောင်ချိုဘက်သို့ ပြန်အိပ်ခိုင်ကြောင်း၊ နောင်ချို နာရီစင်သို့ သွားပါဟု ပြောသဖြင့် နာရီစင်တွင် အိပ်နေရာ နောင်ချိုမြို့နယ် စခန်းမှူးနှင့်အဖွဲ့က ရောက်ရှိလာပြီး စုံစမ်းမေးမြန်းမှုကို ခံခဲ့ရကြောင်း သိရသည်။
“နောင်ချိုစခန်းမှူးက ပတ်ကင်းလှည့်တော့ ကျနော်တို့ကို မေးတယ်။ ကျနော်တို့ကလည်း ပိတ်နေလို့ ဆိုတာ ရှင်း ပြတယ်။ နောင်ချိုစခန်းမှူးက လှမ်းမေးတော့ ရွာနဲ့ ဝေးတဲ့နေရာကို မောင်းခိုင်းတာပါတဲ့။ နောင်ချိုနာရီစင်ကိုပဲ သူတို့ပဲ မောင်းခိုင်းတာ။ ည ၁၂ ထိုးကျတော့ ပြန်မောင်းလာတယ်။ ဒီဘက်ရောက်တော့ ၂ ချက်လောက် ထိုးသွားပြီ”ဟု ယင်းပြည်တော်ပြန်တဦးက ပြောသည်။
လောက်ကိုင်ဘက် တရုတ်နယ်စပ်မှ ပြန်လာသည့် လုပ်သား ၆၀၀ ဝန်းကျင် နောင်ချို မြို့နယ်ထဲတွင် ရောက်ရှိနေပြီး မန္တလးတိုင်း အစိုးရ၊ လုံ/နယ် ဝန်ကြီး၏ အမိန့်အရ ပြင်ဦးလွင်သို့ ဝင်ခွင့်မရ ဖြစ်နေကြောင်း နောင်ချို ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။
“မန္တလေးတိုင်းဒေသကြီး အစိုးရက နေရပ်ပြန်တွေ အားလုံး ကို ပေးမဝင်ပါဘူးဆိုပြီးတော့ နယ်/လုံ ဝန်ကြီးက ခိုင်းလို့ ဆိုပြီးတော့ ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပိတ်ချင်းမြောင် နားလေးမှာ ဆင်းပြီးတော့ တားနေပါတယ်။ ကျနော် တို့ စိတ်ပူတာက နောက်ရက် လည်း ထပ်ပြန်လာနေဦးမယ်။ ဒီဘက်ကလည်း ပေးမထွက်ရင် နောင်ချိုမှာ လူဦးရေ အရမ်းများသွားမှာ ဆိုးတယ်”ဟု ယင်းနောင်ချို ဒေသခံက ပြောသည်။
ယခုအခါ ရှမ်းပြည်နယ် အစိုးရက နေရပ်ပြန်များကို ပြည်မထဲသို့ ဝင်ခွင့်ပြုသဖြင့် လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များက မပိတ်ဘဲ ဝင်ခွင့်ပြုနေချိန်တွင် မန္တလေးတိုင်း အစိုးရက ဝင်ခွင့်မပြုတော့ခြင်း ဖြစ်ကြောင်း ယင်းဒေသခံများက ပြောသည်။
မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မြင့်ကမူ “ရှမ်းပြည်နယ် အစိုးရနဲ့ ချိတ်ဆက် ပြီးတော့ သူတို့ ဖြတ်သန်းနိုင်ရေး ဆောင်ရွက်နေပါတယ်။ သူတို့ကို ပေးဝင်မှာပါ။ လူတိုင်း ပေးဝင်မှာပါ။ မရသေးဘူးဆို တာက သူတို့ ဘယ်ကလာတာလဲ၊ ဘယ်သွားမှာလဲဆိုတာလေးကို အမည်စာရင်းနဲ့ တကွ စစ်နေလို့ပါ။ စစ်ပြီးရင် အားလုံး ပေးပြန်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ယခု ဧပြီလအတွင်း တရုတ်-မြန်မာ နယ်စပ်မှ လုပ်သားများသည် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်း အမျိုးမျိုးမှ ပြန် ဝင်လျက်ရှိပြီး တရုတ်နိုင်ငံမှ ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်ကို ကချင်ပြည်နယ် ဗန်းမော် ခရိုင် လွယ်ဂျယ် နယ်စပ်ဂိတ်မှ တဆင့် ဧပြီလ ၁၆ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိသည်။
ယခု ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်ကို ခြိမ်းခြောက်လျက်ရှိသည့် COVID – 19 ဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့၌ ရောဂါပိုး ကူးစက်ခံထားရသူကို စတင်တွေ့ ရှိခဲ့ပြီး ယခုအခါ သေဆုံးသူ ၅ ဦး၊ ပိုးတွေ့ ရှိသူ ၁၄၆ ဦး ရှိနေပြီ ဖြစ်သည်။
ကမ္ဘာပေါ်တွင် COVID – 19 ရောဂါပိုး ကူးစက်ခံထားရသူ ၃ သန်းနီးပါး ရှိလာပြီး သေဆုံးသူ ၂ သိန်းကျော် နှင့် ရောဂါပိုး ကူးစက်မှု အများဆုံးခံရသည့် နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု ဖြစ်သည်။
You may also like these stories:
COVID-19 ပိုးတွေ့လူနာကို ကုသပေးခဲ့သည့် ဆရာဝန် ၁ ဦး ပိုးကူးစက်ခံရ
COVID – 19 အရေး လုပ်နိုင်တာ မှန်သမျှ ဆောင်ရွက်ပေးမည်ဟု တပ်ချုပ် ပြော