COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရန်အတွက်ရည်ရွယ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယင်းအဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် ဦးဆောင်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန် လည်နေရာချထားရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ်ပါဝင်ကာ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် စသည်တို့ကို အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။
“ရောဂါတုံ့ပြန်ရေးဆောင်ရွက်တဲ့အခါမှာ လုပ်အား၊ အချိန်၊ ကျွမ်းကျင်မှု၊ အကြံဉာဏ်တွေကို လိုအပ်တဲ့ အခြေအနေ တရပ်ရပ်မှာ အခကြေးငွေမယူဘဲနဲ့ မိမိသဘောဆန္ဒအရ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်တဲ့ စေတနာ့ဝန်ထမ်းတွေကို စနစ်တကျလေ့ကျင့်ပါဝင်စေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ”ဟု ဦးဇော်ဌေးက ပြောသည်။
ထိုသို့ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံရှိ မြို့နယ်အလိုက် Quarantine Center များတွင် လက်ရှိဆောင်ရွက်နေသည် စေတနာ့ ဝန်ထမ်းများစာရင်း၊ နောက်ထပ်ဆန္ဒပြုထားသူများစာရင်း၊ နှာခေါင်းစည်းများ နေရာထိုင်ခင်း၊ လက်သန့်ဆေးရေ စသဖြင့် မြို့နယ်အလိုက်လိုအပ်ချက်များကို စာရင်းကောက်ယူ ကောက်ယူတင်ပြနိုင်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေး ဝန်ကြီးများက ဦးဆောင်ပြီး ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ယခုအဖွဲ့အစည်းတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် ဘဏ္ဍာရှာဖွေရေးကိစ္စရပ်များ၊ မြို့နယ်အလိုက် ရုံးခန်းများ၊ အနားယူနိုင်ရန်နေရာများ၊ အခမဲ့ကျန်းမာရေးစစ်ဆေးခြင်း၊ လိုအပ်သည့် လုံခြုံရေး ကာကွယ်ပစ္စည်းနှင့်ဆေး ဝါးများ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို အစိုးရက ပံ့ပိုးကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဌေးက“ဘဏ္ဍာလိုငွေအပ်ချက်ရှိလာရင်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ တောင်းခံသုံးစွဲနိုင်ရေး ညှိုနှိုင်းဆောင် ရွက်ပေးတာတွေပြုလုပ်ပေးရမယ်လို့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လုပ်ငန်း တာဝန်ထဲ မှာ ဖော်ပြထားပါတယ်”ဟု ပြောသည်။
ပေးအပ်သည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလပြီးမြောက်သည်အထိ တာဝန်ထမ်းဆောင်ပြီးသည့် စေတနာ့ ဝန် ထမ်းများကိုလည်း အသိအမှတ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်နိုင်ရေးအတွက် လုပ်ဆောင်မည်ဟုလည်း သိရ သည်။
ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက “စေတနာ့ဝန်ထမ်း လုပ်သားတွေ စေတနာ့ဝန်ထမ်းကူညီတဲ့သူတွေအားလုံးကို ဂုဏ်ပြုချင်တဲ့သဘောက အဓိကလို့မြင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုတွေအများကြီးရလာရင် လုပ်တဲ့သူတွေအတွက်အားတက်စရာရှိတာပေါ့။ သူတို့ကို နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ ပစ်ထားတာမရှိဘူး။ အသိအမှတ်ပြုတယ် ဂုဏ်ပြုတယ်ဆိုတာလေးဖြစ်လာရင်တော့ သူတို့အတွက်တော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေမှာပေါ့”ဟုပြောသည်။
ယခုကဲ့သို့ဖွဲ့စည်းသည်ကို ကြိုဆိုကြောင်း၊ ဗဟိုအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်သည်မှာ အဆင်ပြေနိုင်သော်လည်း အောက်ခြေအဆင့်များတွင် ထုံးစံအတိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဥက္ကဌအဖြစ်ထားရှိကာ အမှန်တကယ် စေတနာ့ဝန်ထမ်းလုပ်နိုင်သူများကို ဦးဆောင်ခိုင်းခြင်းမပြုပါက အဖွဲ့များ ကွဲသွားနိုင်ကြောင်း ပြည်မြို့အခြေစိုက် မိုးမေတ္တာနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်ကပြောသည်။
“တကယ်လုပ်နိုင်တဲ့သူတွေမပါဘဲနဲ့ နာမည်စာရင်းတွေနဲ့ အစိုးရနဲ့နီးစပ်လို့အသုံးပြုသွားပြီးတော့ တကယ်လက်တွေ့မှာ မပါဘဲကျန်ခဲ့ပြီး အပြင်မှာ လုပ်နေတယ်ဆိုရင် အဖွဲ့တွေက ကွဲသွားနိုင်တယ်။ အစိုးရကဖွဲ့တဲ့ စေတနာ့ဝန်ထမ်းဖွဲ့က တရားဝင်လိုလိုပေါ့ဗျာ။ ကျန်တဲ့သူတွေက တရားမဝင်သလိုလို ဒါမျိုးတွေဖြစ်သွားမှာစိုးတဲ့အတွက် အဲနှစ်ခုကိုတော့ ချိန်ညှိနိုင်ဖို့ တော့လိုတယ်”ဟု ၎င်းကထောက်ပြသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကို ကမ္ကာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကြေငြာခဲ့သည်။
ထိုသို့ကြေငြာခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို မတ်လ ၁၃ ရက်နေ့တွင် အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် ဦးဆောင်ခဲ့သည်။
ထိုနောက် ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့အတွင် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ပြီး ထိုကော်မတီတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကြည်း၊ ရေ၊ လေ၊ ညှိနှိုင်းကွပ်ကဲရေးမှူးတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂၆ ရက်နေ့ မနက် ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၆ဦး၊ သေဆုံး ၅ ဦး၊ ပြန်လည်သက်သာလာသူ ၁၀ ဦးနှင့် စောင့်ကြည့်လူနာ ၂၆၅၁ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သော COVID-19 ရောဂါသည် ကမ္ကာပေါ်ရှိနိုင်ငံအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့နေပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၃ သန်းနီးပါးနှင့် သေဆုံးသူ ၂ သိန်းကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။