COVID-19 ကြိုတင်ကာကွယ်ရေး အတွက် စက်ရုံအလုပ်ရုံများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီ သည့် စက်ရုံပေါင်း ၁၂၀၀ ကျော်ကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က “ဖွင့်နေတဲ့ စက်ရုံတွေကို ဦးစားပေး စစ်ဆေးသလို စစ်ဆေးခံဖို့ အဆင်သင့် ဖြစ်ပါပြီဆိုပြီး လာရောက် တင်ပြတာတွေကိုလည်း ဦးစားပေး စစ်ပေးနေပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စက်ရုံပေါင်း ၆၆၃၂ ရုံရှိသည့်အနက် ၁၃၂၁ ရုံ စစ်ဆေးပြီး ဖြစ်သည့်အနက် ၁၂၀၀ ကျော်အား ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သိရသည်။
ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က “စစ်ဆေးထားသမျှ အားလုံးဖွင့်ခွင့်ပေးထားတာတော့ မဟုတ်ဘူး။ သေချာစစ်ပြီး ၁၂၀၀ ကျော်တော့ ဖွင့်လှစ်ခွင့်ပေးထားတာ ရှိတယ်။ ဖွင့်ခွင့် မပေးဘဲ ဖွင့်နေတာတော့ ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေရှိ ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောချင်တာက ဖွင့်လှစ်နေတယ်ဆိုတဲ့ စက်ရုံတွေကို အဓိက ဦးစားပေး စစ်ဆေးနေပါ တယ်”ဟု ပြောသည်။
COVID-19 ရောဂါအား ကာကွယ် ထိန်းချုပ်နိုင်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်အတူ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များ ဖွဲ့ကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး စည်းကမ်းချက် များနှင့် ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများက စက်ရုံအလုပ်ရုံများကို စစ်ဆေးသည့် လုပ်ငန်းစဉ်များတွင် အသေးစိတ် စစ် ဆေးမှုများ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်း စုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောသည်။
“အမှန်တကယ် စစ်ဆေးတဲ့ အခါမှာ စက်ရုံ အတွင်းထဲတွေမှာ လိုက်စစ်ဆေးတာ မဟုတ်ဘဲနဲ့ စက်ရုံ ရုံးခန်းတွေမှာ တာဝန်ရှိသူတွေနဲ့ စားပွဲဝိုင်းထိုင်ပြီးတော့ ပြန်သွားကြတယ်ဆိုပြီး ဝေဖန်မှုတွေ အများကြီး ကြားနေရတယ်။ စစ်ဆေး ရေးတွေ အနေနဲ့ ပေါ့ဆဖို့တော့ မသင့်ဘူး”ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ဦးသက်နှင်းအောင်က “စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့ လူတွေ အနေနဲ့လည်း အင်မတန်မှ သတိထားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လက်မှတ် တချက်ရဲ့ နောက်ကွယ်မှာ ကျနော်တို့ အလုပ်သမား တွေရဲ့ အသက်တွေ အများကြီးရှိတယ်။ ကျနော်တို့ ပြည်သူလူထုတွေရဲ့ အသက်တွေ အများကြီး ရှိတယ်ဆိုတာ အလေးထားစေချင်ပါတယ်”ဟု ဆိုသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းရှိ စက်ရုံ အလုပ်ရုံများအနေဖြင့် စစ်ဆေးမှုများ မခံယူရသေးခင်ကပင် စည်းကမ်းလိုက်နာမှု မရှိဘဲ ဖွင့်လှစ်နေကြောင်း တိုင်ကြားချက်ကို ဧပြီလ ၂၆ ရက်နေ့အထိ လက်ခံ ရရှိနေဆဲရှိ ကြောင်းနှင့် တိုင်ကြားထားသည့် စက်ရုံ၊ အလုပ်ရုံ ၅၀၀ ကျော်ခန့်ရှိကြောင်း MICS မှသိရသည်။
အဆိုပါ စက်ရုံ ၅၀၀ ကျော် အနက်မှ အချို့စက်ရုံများကိုမူ စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနက ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက “အမတို့လည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတယ်။ တယောက်လောက်များ တွေ့သွားပြီဆိုရင် အမတို့ လည်း ခေါင်းကြီးတယ်ပေါ့ အရမ်းစိတ်ပူပန်ရတယ်။ ချန်ရိဖိနပ်စက်ရုံမှာ တယောက်မှ မတွေ့ရင်တော့ တိုင်းပြည် အတွက် အကောင်းဆုံးပဲ အပူလုံးကျတယ်ပေါ့။ တယောက်လောက် တွေ့ပြီဆိုရင်တော့ သို့လောသို့လောနဲ့ စိုးရိမ်ပူပန် ရမယ့် အနေအထားမျိုး ဖြစ်လာတယ်”ဟု သုံးသပ်သည်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)သို့ တိုင်ကြားထားသည့် စက်ရုံပေါင်း ၆၉ ရုံတွင် ၁၀ ရုံမှာ စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပြီး ဖြစ်ကြောင်း CTUM မှ သိရသည်။
လတ်တလောတွင် လှိုင်သာယာစက်မှုဇုန်ရှိ လုပ်သား ၉၀၀၀ ကျော် လုပ်ကိုင်နေသည့် ချန်ရိ ဖိနပ်စက်ရုံမှ စကားပြန် တဦးနှင့် PEP နို့မှုန့်စက်ရုံမှ နည်းပညာပိုင်းဆိုင်ရာ မန်နေဂျာတဦးတွင် COVID-19 ကူးစက်ခံထားရသော်လည်း အဆိုပါ ပိုးတွေ့သူနှစ်ဦးနှင့် နီးစပ်ပတ်သက်သူများကို စစ်ဆေးရာ ပိုးမတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်သည့် နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID -19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၂၆ ရက်အထိ သေဆုံးသူ ၁ သိန်း ၉ သောင်းကျော် (၁၉၃,၈၂၅ ဦး) ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၂ ဒသမ ၈ သန်းကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း မတ်လ ၂၃ ရက်မှ ဧပြီလ ၂၇ ရက်အထိတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၄၆ ဦး ရှိနေပြီ ဖြစ်ပြီး သေဆုံးသူ ၅ ဦး ရှိကာ ပိုးတွေ့ပြီး ပြန်လည် သက်သာလာသူ ၁၀ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန် –
ချန်ရိ ဖိနပ်စက်ရုံ စကားပြန်နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၈ ဦးကို စစ်ဆေးရာ ပိုးမတွေ့
လုပ်သား ၉၀၀၀ ကျော် ရှိသည့် စက်ရုံမှ ဝန်ထမ်းတဦးတွင် COVID-19 ပိုးတွေ့
ညွှန်ကြားချက် မလိုက်နာဘဲ ဖွင့်လှစ်သဖြင့် တိုင်ကြားထားသည့် စက်ရုံ ရာနှင့်ချီရှိ