ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်သည့် COVID – 19 ရောဂါပိုးကြောင့် မြန်မာနိုင်ငံတွင် လူ ၅ ယောက်နှင့်အထက် ပိုမစုကြ ရန် အစိုးရက ထုတ်ပြန်ထားချိန် နေပြည်တော်တွင် လွှတ်တော် အစည်းအဝေးများကို လာမည့် မေလ ၁၈ ရက်နေ့တွင် ပြန်လည် စတင်တော့မည် ဖြစ်၍ စိုးရိမ်မှုတချို့ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၆၅၀ ကျော်ရှိရာ ၎င်းတို့သည့် ပြည်တွင်း ရှိ နေရပ်အသီးသီးမှ နေပြည်တော်သို့ ပြန်လည် စုရုံးရောက်ရှိတော့မည် ဖြစ်ရာ လာမည့်လတွင် လူအုပ်စုကြီးတခု တနေ ရာတည်းတွင် စုစည်းရမည့် အခြေအနေတွင် ရှိသည်။
သို့သော် မေလ ၁၈ ရက်နေ့တွင် ပြန်လည် စတင်တော့မည့် နေပြည်တော် လွှတ်တော် အစည်းအဝေးများကို COVID – 19 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားကြောင်း လွှတ်တော်ရုံး တာဝန် ရှိသူများကလည်း ဧရာဝတီသို့ ပြောသည်။
“စိုးရိမ်မှု ရှိတာပေါ့။ လူ ၆၀၀ ကျော်ကို အစည်းအဝေးခန်း တခုထဲမှာ စုရမယ့် ကိစ္စကြီးလေ။ အဲတော့ စိုးရိမ်တာပေါ့။ ဒီလို အရေးကြီးတဲ့ အချိန်မှာလည်း ကိုယ့်မြို့နယ်မှာပဲ ကိုယ်နေချင်တယ်”ဟု လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
၎င်းသည် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ ဖြစ်ပြီး ၎င်း၏ မဲဆန္ဒနယ် လှိုင်မြို့နယ်တွင် COVID – 19 အတည်ပြုလူနာများ ထားရှိသည့် Quarantine စင်တာလည်း ရှိနေသည်။
ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကမူ ယခုလို ကာလတွင် နေပြည်တော် လွှတ်တော်သို့ တက်ရောက်ရန် ၎င်းအနေဖြင့် မသေချာသေးဘဲ စဉ်းစားနေဆဲ ဖြစ်ပြီး ယခုလို စိတ်ပူရခြင်းမှာ မိမိအတွက် မဟုတ်ဘဲ တနိုင်ငံလုံးအတွက် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဖေသန်းက“လွှတ်တော်ကိုယ်စားလှယ် အကုန်လုံး ၆၀၀ ကျော်ရှိတယ်။ လွှတ်တော်ဝန်ထမ်းတွေနဲ့ဆိုရင် ၂၀၀၀ လောက် ရှိမှာပေါ့။ အကုန်လုံး . . . အဲလိုစုရပ် တနေရာမှာ စုရမယ်ဆိုရင်တော့ နည်းနည်း စိုးရိမ်စိတ်တော့ ရှိပါ တယ်”ဟု ပြောသည်။
ယခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွှတ်တော်များကို မစသင့်သေးကြောင်း၊ သို့သော် နိုင်ငံတွင် မဏ္ဍိုင်ကြီး ၃ ရပ် အပြန်အလှန်ထိန်းကြောင်းနိုင်ရန် လွှတ်တော်က အတည်ပြုပေးရမည့် လုပ်ငန်းစဉ်များ ဆက် ဆောင်ရွက်နိုင်မှသာ အစိုးရအဖွဲ့၏ လုပ်ငန်းများ ပိုမို အဆင်ပြေလိမ့်မည် ဖြစ်ကြောင်း မိုင်းရှူးမြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။
“လွှတ်တော်ကို လူစုလူဝေးတွေနဲ့ ကျင်းပတာတော့ မဖြစ်သင့်ဘူးပေါ့။ နောက်တခုက နိုင်ငံတော်ရဲ့ အဘက်ဘက်က စီမံကိန်းတွေသော်လည်းကောင်း၊ အစိုးရဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေသော် လည်းကောင်း ဒါအဆင်ပြေ ချောမွေ့စေဖို့အတွက် လွှတ်တော်ကလည်း သူ့လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည် ဖော်ပေးဖို့ လိုအပ်နေတယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) ပါတီဝင် ဦးစိုင်းထွန်းအေးက ပြောသည်။
ပြည်သူ့လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးကမူ ယခုလို အချိန်တွင် လွှတ်တော် ပြန်ခေါ်ရခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် မဖြစ်မနေ ကျင်းပရခြင်း ဆိုသည်ကို နားလည်စေချင်ကြောင်း၊ ဖြည့်စွက်ဘတ်ဂျက်များ အတည်ပြုရန်နှင့် COVID – 19 ကာကွယ်ရေး ကမာ္ဘ့ ဘဏ် ချေးငွေတို့ကို အတည်ပြုပေးရမည် ဖြစ်ကြောင်း ပြောသည်။
“သို့သော် ဒီလို ဆောင်ရွက်သော်လည်းပဲ COVID – 19 အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အတိုင်း၊ ထုတ်ပြန်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်အတိုင်းပဲ ကျင်းပမယ်ဆိုတာကတော့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်”ဟု NLD ပါတီဝင်လည်း ဖြစ်သူ ဒေါက်တာ လှမိုးက ပြောသည်။
လွှတ်တော်များ ပြန်လည် ကျင်းပချိန်တွင် COVID – 19 ကာကွယ်နိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ရမည် ဆို သည်ကို လာမည့် ဧပြီလ ၃၀ ရက်နေ့တွင် လွှတ်တော်ကျင်းပရေး ဗဟိုကော်မတီက အစည်းအဝေးတရပ် ခေါ်ယူ ထားပြီး ယင်းအစည်းအဝေး ပြီးပါက အသေးစိတ် ရှင်းပြနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
လွှတ်တော် ကျင်းပရေး ဗဟို ကော်မတီကို ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ဦးဆောင်ပြီး ယင်းကော်မတီကြီး၏ အောက်တွင် လုပ်ငန်းကော်မတီ ၇ ခု ရှိရာ ကျန်းမာရေး ကော်မတီ၊ လုံခြုံရေး ကော်မတီ၊ ခရီးသွားလာရေး ကော်မတီ၊ ပြန်ကြားရေး ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး ကော်မတီတို့ ပါဝင်ကြောင်း သိရသည်။
ယင်းလုပ်ငန်းကော်မတီများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်ထောင်စု ဝန်ကြီးများက ဦးဆောင်ခြင်း ဖြစ်ပြီး ယင်း အစည်းအဝေးတွင် လွှတ်တော် ပြန်လည် ကျင်းပရာတွင် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် အသစ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း လွှတ်တော်ရုံး တာဝန်ရှိသူများက ပြောသည်။
“အစည်းအဝေးခန်းမအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို Social Distancing ဖြစ်အောင် ဘယ်လောက် အ ထိ လုပ်ပေးလို့ ရမလဲ။ ဒါတွေလည်း ကျနော်တို့က ဆွေးနွေးပြီးတော့မှ လက်ရှိ ဖြစ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေနဲ့လည်း ကာကွယ်မှု ဖြစ်အောင် လက်ရှိလုပ်ရမယ့် အစည်းအဝေးလည်း လုပ်လို့ရအောင် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်သွားရမှာ”ဟု ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာ မဲဆန္ဒနယ် နယ်မြေများတွင် ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်များကို အခြေခံ ကျန်း မာရေး စစ်ဆေးမှုများ ပြုလုပ်ပေးပြီးနောက် နေပြည်တော်သို့ အစည်းအဝေးလာ တက်ပါကလည်း ပို့ဆောင်ရေး လုပ်ငန်းများပါ စီစဉ်ပေးနိုင်ရန် စဉ်းစားလျက်ရှိကြောင်း ဦးကျော်စိုးက ပြောသည်။
“ကျနော်တို့ တတ်နိုင်သလောက် လုပ်လို့ရသလောက်တော့ လုပ်သွားမှာ”ဟု ဦးကျော်စိုးက ဆက်လက် ပြောကြား သည်။
လွှတ်တော်များ ပြန်လည် ကျင်းပပါက လွှတ်တော်တွင်းသို့ ဝင်ရောက်သူ မည်သူမဆို နှာခေါင်းစည်း (Mask) တပ်ရ မည် ဖြစ်ပြီး လွှတ်တော်တွင် ထိုင်ခုံများကိုလည်း Social Distancing အရ တခုံကျော် ထိုင်ရန်နှင့် နေရာလုံလောက်မှု မရှိပါက အပေါ်ထပ်အထိ နေရာချထားပြီး ကြိုးမဲ့မိုက်များ တပ်ဆင်အသုံးပြုရန် အတွက်ပါ လွှတ်တော် အာဏာပိုင်များ က စဉ်းစားလျက် ရှိသည်။
သတင်းမီဒီယာများအတွက်လည်း ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်မျိုး သတင်းမီဒီယာကောင်စီမှတဆင့် တောင်းခံ နိုင်ရေးပါ ဆောင်ရွက်မည်ဟု သိရပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သို့သော် သတင်းထောက်များ သတင်း ယူသည့် နေရာများကိုလည်း ပူးကပ်မထားတော့ဘဲ ခြားထားပေးမည် ဖြစ်သလို အင်တာဗျူးရာတွင်လည်း စည်း ကမ်းချက် အသစ်များ ထုတ်ပြန်ပေးရန် ရှိကြောင်း သိရသည်။
လွှတ်တော် အဆင့်မြင့် အရာရှိတဦးဖြစ်သူ ဦးကျော်စိုးက“ပြောရရင် ဒီကာလအတွင်းမှာ လုပ်ဖို့ ကိစ္စရပ်လေးတွေ ရှိ နေတဲ့အတွက် လုပ်ဖို့ စီစဉ်ရတာ။ အဲဒီလို လုပ်မယ်ဆိုတဲ့ အခါကျတော့ လက်ရှိအခြေအနေနဲ့ လိုအပ်တဲ့ ကျန်း မာရေးဆိုင်ရာ ကိစ္စရပ်တွေ ဘာတွေကလည်း တတ်နိုင်သမျှတော့ ကန့်သတ်ချက်တွေ ညွှန်ကြားချက်တွေနဲ့ ညီညွှတ်အောင် လုပ်ကြရ မှာပေါ့”ဟု ရှင်းပြသည်။
အစိုးရက နေပြည်တော်သို့ ပြန်လည် ဝင်ရောက်လာသူများကို Facilities Quarantine ဝင်ရောက်ရန် ညွှန်ကြားထား ရာ မေလ ၁၅ ရက်နေ့အထိသာ သတ်မှတ်ထားချိန် လွှတ်တော်ပြန်လည် ကျင်းပမည့်ရက်မှာ မေလ ၁၈ ရက် နေ့ ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များ Quarantine ဝင်ရန် မလိုဟု နားလည်ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောသည်။
နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် အများစုသည် စည်ပင် ဧည့်ရိပ်သာ ၂ တွင် တယောက်လျှင် တခန်း နှုန်းဖြင့် နေထိုင်ကြခြင်း ဖြစ်ပြီး ကိုယ်ပိုင်ကား မရှိသူများကို လွှတ်တော်က မီနီဘတ်စ်များဖြင့် အကြိုအပို့ လုပ်ပေး လျက်ရှိသည်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး စတင်သည့်ရက်တွင် လွှတ်တော်ဆိုင်ရာ ဥပဒေများအရ လွှတ်တော် ကိုယ် စားလှယ် ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်။
နေပြည်တော် သတင်းထောက် သီဟလွင် ပူးပေါင်း ရေးသားသည်။