ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ တွေ့ရှိခြင်းကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က လိုင်ဇာမြို့ ဧရိယာအတွင်း ဖရဲ၊ ငှက်ပျောတင်ကားများ ဖြတ်သန်းသွားလာခြင်းကို ယနေ့မှ စ၍ ပိတ်ပင်လိုက်ပြီဟု သတင်းရရှိသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဓိက ကတော့ ကျနော်တို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှာ စိုးရိမ်လို့ပါ။ အဲဒါကြောင့် ပိတ်လိုက်တာပါ”ဟု ပြောသည်။
မြစ်ကြီးနားမြို့နယ် နှင့် ဗန်းမော်မြို့နယ်အတွင်း တရုတ်လုပ်ငန်းရှင်များ လာရောက် စိုက်ပျိုးသည့် ဖရဲခင်းများ၊ အစိုးရထိန်းချုပ်နယ်မြေနှင့် KIA ထိန်းချုပ်နယ်မြေအတွင်း စိုက်ပျိုးသည့် တစ်သျှူးငှက်ပျောခင်းများမှ ထွက်သည့် သီးနှံအချို့ကို KIA ထိန်းချုပ်နယ်မြေ၊ လိုင်ဇာမြို့ ဧရိယာအတွင်းမှ ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ ပို့ဆောင်နေသည့် ကားများလည်း ရှိသည်။
ငှက်ပျော နှင့် ဖရဲကားများကို တစီးလျှင် တန် ၂၀ နှင့် ၃၀ ခန့် သယ်ဆောင်နိုင်သည့် ကားများ တနေ့လျှင် အစီး ၂၀ ခန့် လိုင်ဇာမြို့ ဧရိယာ အတွင်းမှ ဖြတ်သန်းသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
KIA သည် ၎င်းတို့ နယ်မြေအတွင်းမှ ဖြတ်သန်းသည့် ကားများကို ငွေကြေးအခွန် ကောက်ခံကာ ဖြတ်သန်းသွားလာ ခွင့်ပြုခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “အခင်းထဲက ထွက်တဲ့ အသီးတွေကတော့ မတတ်နိုင်ဘူး။ ကျနော်တို့ မြစ်ကြီးနားမှာလည်း ကိုဗစ်-၁၉ လူနာတွေ့ထားတယ်။ မူဆယ်မှာလည်း ရှိတယ်ဆိုတော့ လူဝင် လူထွက်တွေကို ကြီးကြပ်တဲ့ သဘောနဲ့ ပိတ်လိုက်တာပါ။ ငှက်ပျောတွေကတော့ အများပိုင်းက ပြီးလောက်ပြီ။ ဖရဲသီးကလည်း ပြီးသလောက် ဖြစ်နေပြီ ။ နည်းနည်းပါးပါးပဲကျန်တာပါ” ဟုလည်း ပြောသည်။
တစ်သျူးငှက်ပျောသည် ရာသီမရွေး သီးနှံထွက်ကုန် ရှိပြီး ဖရဲသီးသည် နိုဝင်ဘာလမှ မေလအတွင်းသာ စိုက်ပျိုးရောင်း ချ၍ ရသည့် သီးနှံဖြစ်သည်။
ကုန်ပစ္စည်းကားများ ပိတ်သည့် ကိစ္စကို တရုတ်နိုင်ငံအာဏာပိုင်များနှင့်လည်း ညှိနှိုင်းပြီး ဖြစ်သဖြင့် သီးနှံစိုက်ခင်း ပိုင်ရှင်များဘက်မှလည်း ဂိတ်ပိတ်လိုက်သည့် အချက်ကို သဘောတူညီကြပါသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA အနေဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေနှင့် နီးကပ်သည့် တရုတ်နယ်စပ်မှ မြို့ရွာများ၊ အစိုးရထိန်းချုပ် နယ်မြေ ဖြစ်သည့် ကချင်ပြည်နယ်အတွင်းမှ မြို့ရွာများတွင် ရောဂါကူးစက် ပြန့်ပွားမှုများ မြင့်တတ်လာခြင်း ရှိပါက ၎င်းတို့ နယ်မြေကို အဝင်အထွက် အားလုံး ပိတ်ရန် စဉ်းစားမည်ဟု သိရသည်။
လက်ရှိတွင် ဖရဲသီးနှင့် ငှက်ပျောသီး ကုန်ကားများမှ လွဲ၍ ကျန် အဝင်အထွက်များကို ပိတ်ပင်ထား ခြင်း မရှိသေး ကြောင်းလည်း KIA ထံက သိရသည်။
KIA ၏ ကိုဗစ်-၁၉ ရောဂါနှိမ်နင်းရေး ကော်မတီကလည်း အချက် ၄ချက်ပါ စာတစောင်ကို ထုတ်ပြန်ထားပြီး ထိုထဲ တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ တို့တွင် ရောဂါကူးစက်ခံထားရသူများ တွေ့ရှိပြီဖြစ်ကြောင်းနှင့် ရောဂါမပြန့်ပွားရေးအတွက် ကော်မတီနှင့် လူထုက ပူးပေါင်းကာ ကာကွယ်ရေး၊ တိုက်ဖျက်ရေး လုပ်ဆောင်ရန် ရေးသားထားသည်။
KIO ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာနေသည့် ဖရဲသီးနှင့် ငှက်ပျောသီး ကုန်ကားများကို ဧပြီ ၂၇ ရက်မှ စ၍ လုံးဝ ဖြတ်သန်းခွင့် မပြုဘဲ ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။
ထို့ပြင် လိုင်ဇာမြို့သို့ ဝင်လာမည့်သူအားလုံးကလည်း မိုင်ဆပ်ပါ စစ်ဆေးရေးဂိတ်တွင် ရောဂါ ခြေချုပ် စခန်း (Quarantine Center) တွင် နေထိုင်ပြီးမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်တွင် ရောဂါပိုးကူးစက်ခံထားရသူမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦး ဖြစ်သည်။
၎င်းသည် ရန်ကုန်မြို့ရှိ ချန်ရိဖိနပ်စက်ရုံတွင် တရုတ်စကားပြန်အဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး နေမကောင်း သဖြင့် ဧပြီ ၁၇ ရက်က ရန်ကုန်မှ မိုးညှင်းလို့ ကားစင်းလုံး ငှားကာ ပြန်လာခြင်း ဖြစ်သည်။
မိုးညှင်းသို့ ပြန်ရောက်ပြီး ရောဂါခြေချုပ်စခန်း (Quarantine Center) တွင် သီးခြားနေထိုင်နေပြီး တို့ဖတ် နမူနာယူ ယူကာ ရန်ကုန်မြို့သို့ ပို့ဆောင် စစ်ဆေးရာ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိသဖြင့် ကျန်းမာရေးဝန်ကြီး ဌာနက လူနာအမှတ် ၁၄၄ အဖြစ် ကြေငြာထားသည်။
လူနာအမှတ် ၁၄၄ ကို မိုးညှင်းမြို့မှ တဆင့် မြစ်ကြီးနားမြို့ ဆေးရုံသို့ လွှဲပြောင်းကာ လက်ရှိတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
လူနာ၏ အခြေအနေနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာခေါင်နောက “လူနာကတော့ အခြေအနေ ကောင်းပါတယ်။ ကျမတို့အနေနဲ့ အခြေအနေကောင်းတယ်လို့ပဲ သိထားပါတယ်” ဟု ပြောသည်။
ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးတို့အတွက် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့်မှ အစိုးရအာဏာပိုင်များကလည်း ဆောင်ရွက်လျက် ရှိပြီး အစိုးရအာဏာ မသက်ရောက် သည့် နယ်မြေများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များက ဦးဆောင်ကာ ရောဂါကူးစက်ခံရမှုမှ ကာကွယ်ရေးများ ဆောင်ရွက်လျက်ရှိသည်။
KIA သည်လည်း ၎င်း၏ နယ်မြေအတွင်း ရောဂါကာကွယ်ရေးများ လုပ်သည့် အပြင် ပြင်ပမှ ဝင်လာသူများကို ရောဂါခြေချုပ်စခန်းများတွင် စောင့်ကြည့်ခြင်းအပြင် ရောဂါကူးစက်ခံထားရသူများ ရှိလာပါက ကုသနိုင်ရန် ဆေးရုံတခုကို ပြင်ဆင် ဆောက်လုပ်လျက် ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးရန် Test Kit များနှင့် ရောဂါကူးစက်ခံထားရသူ ရှိလာပါက အသုံးပြုရန် အောက်ဆီဂျင်စက် အလုံး ၅၀ တို့ကိုလည်း ဝယ်ယူထားသည်။
လက်ရှိတွင် လိုင်ဇာမြို့၌ ပြင်ပမှ ခရီးသွားပြီး ပြန်လာသူ ဦးရေ ၂၀ ကျော် ကို ရောဂါခြေချုပ်စခန်း တွင် ထားကာ စောင့်ကြည့်လျက် ရှိသည်။
KIA သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အတွက် နိုင်ငံရေးရည်မှန်း ချက်အတွက် အစိုးရ၊ တပ်မတော်ကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိပါ။
KIA တည်ထောင်ထားသည့် တရုတ်-မြန်မာ နယ်စပ် ရှိ မြို့ ၂မြို့တွင် ရာနှင့်ချီသည့် အရပ်သားများ လည်း နေထိုင်ကြပြီး KIA ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ဦးရေလည်း ၇သောင်းခန့် မှီခိုနေကြသည်။
You may also like these stories:
COVID – 19 ပြင်းထန်ချိန် နေပြည်တော်တွင် လွှတ်တော် ပြန်စ၊ စိုးရိမ်မှု တချို့ ရှိ
KIA တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့ဟု တပ်မတော်ပြော
လိုင်ဇာတွင် ကိုဗစ် သံသယရှိသူတွေ့၊ တရုတ်သို့ ဓါတ်ခွဲနမူနာပို့ စစ်ဆေးနေ