စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်အတွင်း COVID-19 ကာလ၌ အစိုးရက အထူး ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်အား လိုက်နာခြင်းမရှိသူများ ၁၃ ဦး အနက် ၁၂ ဦးကို ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ ဧပြီလ၂၇ ရက်တွင် ကလေးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကလေးမြို့နယ် ရဲအုပ် ဗိုလ်ဗိုလ်အောင် က “၁၃ ဦးမှာ တဦးက ကလေးသူငယ် ဆိုတော့ ၁၂ ဦးကို ထောင်ဒဏ် ၃ လ ချ လိုက်တာပေါ့။ ကလေးကိုတော့ သူ့မိဘနဲ့ ထည့်ပေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ညွန်ကြားချက်များအတိုင်း သတ်မှတ်ထားသော အချိန် ညမထွက်ရ အမိန့်အား ဆက်လက် ကျူးလွန်ပါက သက်ဆိုင်ရာ ကော်မတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ဒုစရိုက်ကျူးလွန်မှု ဖြစ်စေမည့် ကိစ္စများအား အထူး စိစစ် မှုများ ပြုလုပ်ကာ ထိထိရောက်အရောက် အရေးယူ ဆောင်ရွက်သွားမည်ဟု စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ထံက သိရသည်။
စစ်ကိုင်းတိုင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီး ဦးမိုးကျော်သူက “ဒေသန္တရ အမိန့်ကျတော့ ထုတ်ပြန်ထားတဲ့ အမိန့်ကို နာခံ၏၊ မနာခံ၏အပေါ်မှာ မူတည်ပြီး အရေးယူတယ်။ တချို့က ဘာရယ်မဟုတ်ဘူး။ လမ်း လျှောက်ထွက်တာ အဲဒီလို လူတွေကျတော့ ကျနော်တို့က ဥပဒေအတိုင်း မဟုတ်ဘဲ သူတို့ကို ပညာပေးတာမျိုး၊ အိမ်ပြန် ပို့တယ်။ တအားကြီး တင်းကျပ်လွန်းအားကြီးရင် ထောင်ထဲမှာ လူမဆန့်ှတာတွေ ဖြစ်သွားလိမ့်မယ်။ အဓိကက ရာဇဝတ် မှုတွေ မဖြစ်အောင် ထိန်းချုပ်တဲ့ သဘောပါ” ဟု ပြောသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ညမထွက်ရ အမိန့်ကို ဧပြီလ၂၄ ရက်က ထုတ်ပြန်ထားပြီး ထိုအမိန့်ကြေညာချက်တွင် မဖြစ် မနေ ဈေးဝယ်ပါက တဦးသာသွားရန်၊ ဆေးရုံ ဆေးခန်း သွားရောက်ပါက နှစ်ဦးသာ သွားရမည် ဖြစ်သည်။
အပြင်ထွက်ပါကလည်း နှာခေါင်းစည်း တပ်ရန်၊ တာဝန် ထမ်းဆောင်ရန်နှင့် သွားရောက်သူ၊ ပြန်လာမည့်သူများနှင့် ဖြတ် သန်း ခွင့်ပြုထားသော ယာဉ်များသာ ရပ်ကွက် ကျော်လွန်သွားလာရန်၊ ဈေးဝယ်ထွက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တဦး၊ ဆေးရုံ ဆေးခန်း သွားရောက်ခြင်း အတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက် ရန်တို့လည်း ပါဝင်သည်။
ထို့ပြင် သတ်မှတ်ဦးရေထက် ပိုမိုရန်နှင့် အရေးပေါ်ကိစ္စများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သွားလာရန်၊ တာဝန် ထမ်းဆောင်ရန် သွားရောက်သူ၊ ပြန်လာသူများမှအပ ရပ်ကွက်အတွင်း အဝင် အထွက် ခွင့်မပြုရန် နှင့် အဆိုပါ စည်းကမ်းချက်များ လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေများဖြင့် အရေးယူသွားမည်ဟု ဖော်ပြထားသည်။
ကလေးမြို့တွင် ယနေ့အချိန်အထိ Covid-19 အတည်ပြုလူနာ ၆ ဦးရှိနေသော်လည်း အစိုးရချမှတ်ထားသည့် စည်းကမ်း၊ အမိန့်များအား လိုက်နာမှု အားနည်းနေသေးသည်ဟု ကလေးမြို့နယ် COVID-19 ကာကွယ် တားဆီးရေး ရပ်ကွက် ကော် မတီမှ အဖွဲ့ဝင် ဦးကျော်သက်ဝင်းက ဆိုသည်။
အထူးသဖြင့် ကလေးမြို့တွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ရှိသည့်အတွက် တပ်မတော်သားများ အပြင်ထွက် သွားလာ သည့်အခါ Mask တပ်ခြင်း မရှိသည်ကို တွေ့နေရသည်ဟု ၎င်းက ထောက်ပြသည်။
ဦးကျော်သက်ဝင်းက “ဥပမာ ဆိုင်ကယ် တစီးမှာ ၂ ယောက် စီးသွားတာမျိုး၊ ကားတစီးပေါ်မှာ အရပ်ဝတ်နဲ့ လူ ၄၊ ၅ ယောက် ပါသွားတာမျိုးတို့ အဲဒါတွေ တွေ့မြင်ရတယ်။ သူတို့လည်း ကိုဗစ်ကာကွယ်ရေးအတွက် ဂိတ်တွေမှာတော့ လုပ် တော့ လုပ်နေတယ်။ ကျနော်တို့ အရပ်သား အစိုးရအနေနဲ့ ထိန်းဖို့ ခက်မယ်ဆိုရင် သက်ဆိုင်တဲ့ တပ်မတော်ဘက် ကနေ ပြီးတော့ ဒါတွေကို ကြပ်ပေးဖို့ တင်ပြထားတာ ရှိပါတယ်” ဟု ပြောသည်။
ထို့ပြင် ကလေးမြို့နယ်၊ အောင်ဇေယျရပ်ကွက် အတွင်းရှိ တပ်မတော် တပ်ရင်းတပ်ဖွဲ့သို့ သွားရောက်ကြသော တပ်ဖွဲ့ဝင် များနှင့် ယာဉ်များ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်း လိုက်နာကြပါရန်နှင့် မလိုက်နာပါက ဒေသ ကွက်ကဲရေးမှူး စစ်ဌာချုပ် အပါအဝင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအထိ အသိပေး တိုင်ကြားမည်ဟု Upper Chindwin Youth Network က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဆိုထားသည်။
ထိုစာနှင့် ပတ်သက်ပြီး တပ်မတော် တပ်ရင်းမှ ၎င်းတို့အနေဖြင့် ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သားများ လိုက်နာရန် စာထုတ်ပြန်ထားပြီး ဖြစ်သည်ဟု အကြောင်းပြန်ထားသည်ဟု ဦးကျော်သက်ဝင်းက အသိပေး ပြောကြား သည်။
ဒေသကွပ်ကဲရေးမှူး စစ်ဌာနချုပ်ကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပါ။
ကလေးမြို့နယ်တွင် ရပ်ကွက် တချို့၌ တပ်မတော်တပ်ရင်းများ ရှိပြီး အောင်ဇေယျ ရပ်ကွက်တွင်လည်း ဒေသကွပ်ကဲရေး မှူး စစ်ဌာနချုပ် အပါအဝင်ဌာန ၃ ခုရှိပြီး ခုတင် ၁၀၀ တပ်မတော် ဆေးရုံလည်းရှိကြောင်း သိရသည်။
ကလေးမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၆ ရွာရှိပြီး လူဦးရေအားဖြင့် ၃ သိန်း ၈ သောင်းကျော် ရှိသည်။ ယင်းအနက်မှ ပြည် ပမှ ပြန်ရောက်လာပြီး Quarantine ဝင်နေသူ ၅၉၅ ဦးနှင့် ပြည်တွင်း ခရီးသွား Quarantine ဝင်နေသူ ၂၉၄ ဦး ရှိရာမှ ၂၁ ရက်ပြည့်ကာ ပြန်သွားသူများ ရှိသဖြင့် လက်ရှိ Quarantine ဝင်နေသူ ၁၆၇ ဦးသာ ရှိတော့ကြောင်း သိရသည်။
ထို့ပြင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေး အကျဉ်းထောင်က လွတ်မြောက်လာသည့် အိန္ဒိယ နိုင်ငံသားများကို ၎င်းတို့၏ နေရပ် အိန္ဒိယနိုင်ငံက Lock down လုပ်ထားခြင်းကြောင့် မပြန်နိုင်သေးဘဲ ကလေး အကျဉ်းထောင်၌ ယာယီ ထိန်းသိမ်းထားဆဲဖြစ်သည် ဟုလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် မလိုက်နာသူ၂၄ ဦး ထောင် ၁ လစီချမှတ်
ညောင်ဦးတွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၅ ဦး ထောင် ၃ လစီ ချမှတ်