မကွေးတိုင်း ဒေသကြီးသို့ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဘက်မှ ပြန်လည် ဝင်ရောက်လာမည့် နေရပ်ပြန် မြန်မာနိုင်ငံသား များအတွက် Facility Quarantine Center ပေါင်း ၁၂၀ ကျော် ပြင်ဆင်ထားကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ဧရာဝတီကို ယနေ့ နေ့လယ်ပိုင်းက ပြောသည်။
“ထိုင်းဘက်က လုပ်သားက များမယ်။ ပြန်မယ့် လကုန်ရက်ကလည်း နီးစပ်လာပြီ ဖြစ်ပါတယ်။ မြို့ကြီးတွေပေါ်မှာ ရှိ တဲ့ ကောလိပ်၊ တက္ကသိုလ်နဲ့ စာသင်ကျောင်းကြီးတွေမှာ အဓိက ထားဖို့ စီမံ ဆောင်ရွက်ထားပါတယ်။ Quarantine Site ပေါင်း ၁၂၀ ကျော်လောက် ပြင်ဆင်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ စင်တာများတွင် အနည်းဆုံး လူဦးရေ ၃ သောင်းခန့်ကို အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးနှင့် ကျန်း မာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်မည် ဟုလည်း ၎င်းက ဆိုသည်။
ဧပြီ ၃၀ ရက်တွင် ထိုင်းနိုင်ငံဘက်မှ ပြန်လည် ဝင်ရောက်လာမည့် အလုပ်သမားများ အနက် မကွေးတိုင်းသို့ လူဦးရေ ၂၆၀၀၀ ကျော် ရောက်ရှိမည် ဟု စာရင်းရထားကြောင်း၊ တရုတ်နိုင်ငံဘက်မှ ပြန်လည် ဝင်ရောက်လာသူများ အနက် ၁၀၄ ဦး ပါဝင်မည် ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောသည်။
တရုတ်နိုင်ငံဘက်မှ ပြန်လာမည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်ကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ် နယ်စပ်ဂိတ်မှ တဆင့် ဧပြီ ၁၆ ရက်တွင် စတင် လက်ခံခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ ပြန်လည် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။
အဆိုပါ ၁၀၄ ဦးသည် ပြည်နယ်/တိုင်း အစိုးရ အချင်းချင်း ချိတ်ဆက်ပြီး ပြန်လည် ဝင်ရောက်လာမည့် လူဦးရေဖြစ်ပြီး ဧပြီ ၂၉ ရက်တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ ၎င်းတို့အားလုံး သက်ဆိုင်ရာ ရပ်ရွာများ၏ စောင့်ကြည့်ရေး စင်တာများ၌ ထားရန် စီစဉ် ဆောင်ရွက်ထားကြောင်း ဒေါက်တာ ခင်မောင်အေးက ရှင်းပြသည်။
လွယ်ဂျယ် နယ်စပ်ဂိတ်သို့ ရောက်ရှိနေပြီဖြစ်သည့် မအိအိထွေးက “မနက်ဖြန် မနက် ၆ နာရီမှ ဒီလွယ်ဂျယ်မြို့က စထွက်ရမှာ။ ကားတွေလည်း အားလုံး သူတို့ စီစဉ်ပြီးပြီလို့ ပြောတယ်။ ဒီ မှာရောက်နေတဲ့ သူတွေအားလုံး ကျန်းမာ ရေး ကောင်းနေတာပဲ” ဟု ပြောသည်။
မအိအိထွေးသည် မကွေးတိုင်း အောင်လံမြို့နယ်၊ တလုပ်ပင်ရွာမှ အဖော် ၂၅ ယောက်နှင့်အတူ တရုတ်နိုင်ငံ ကျန်း ဖုန်းဒေသတွင် ကြံခုတ်သည့်အလုပ် သွားရောက် လုပ်ကိုင်နေသူ ဖြစ်သည်။
၎င်းတို့ လူစုသည် လွယ်ဂျယ် ဂိတ်စခန်းသို့ ဧပြီ ၂၀ ရက်က ရောက်ရှိနေကြောင်း၊ ထိုစခန်းတွင် လူဦးရေ ၇၀၀ ခန့် ရှိ မည်ဖြစ်ပြီး မကွေးတိုင်းသို့ ပြန်မည့်သူ အယောက် ၁၀၀ ကျော် ပါဝင်ကြောင်း၊ မိန်းကလေး/ယောကျ်ားလေး သီးသန့် ခွဲနေရပြီး နေ့စဉ် ကျန်းမာရေး အခြေအနေများ လာရောက် မေးမြန်းပြီး ပါးစပ်/နှာခေါင်းစည်းများ လဲပေးကြောင်း၊ အားလုံး ကျန်းမာရေး ကောင်းသည့်အတွက် စစ်ဆေးတိုင်းတာခြင်း မပြုကြောင်း ၎င်းက ပြောပြသည်။
ကျေးလက်မြေ ပရဟိတအဖွဲ့ နာယက ဦးဇော်မင်းထိုက် က “သူတို့လည်း လူသားတွေဆိုတော့ အခက်အခဲ တစုံတရာ ပေါ်လာရင် ကိုယ့်ရဲ့ မိခင်ရင်ခွင် သို့မဟုတ် တိုင်းပြည်ကို ပြန်လာချင်ကြမှာပဲ။ လူဆိုတာ သေမျိုးကြီးပါပဲ။ ဒီကာလမှာ ချစ်ခြင်း မုန်းခြင်း ကင်းစွာနဲ့ ဒီပြည်တော်ပြန်တွေကို စနစ်တကျနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပြီး ပြည်တော်ပြန်တိုင်း ရောဂါ ပိုး ပါလာတာ မဟုတ်ပါဘူး။ သူတို့ကို လူသားချင်း စာနာထောက်ထားတဲ့ စိတ်အပြည့်နဲ့ အားလုံးကို ကြိုဆိုပြီး စနစ် တကျ လုပ်ဆောင်သွားရင် ကောင်းမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ကျေးလက်မြေ ပရဟိအဖွဲ့သည် နတ်မောက်မြို့နယ်၊ ကြာကန်ကျေးရွာတွင် အခြေပြုထားပြီး ရပ်ရွာအတွင်းရှိ စောင့် ကြည့်ရေး စင်တာများ စနစ်တကျ ဖြစ်ရေးနှင့် လိုအပ်သည့် သောက်သုံးရေကအစ လက်သန့်ဆေးရည်အဆုံး ကူညီ ပံ့ပိုးပေးသွားရန် ရှိသည်ဟု ၎င်းက ဆိုသည်။
မကွေးတိုင်းသို့ လွယ်ဂျယ်ဂိတ်မှ အပြင် တရုတ်ပြည် နယ်စပ် ချင်းရွှေဟော်နှင့် လောက်ကိုင်ဒေသဘက်မှ တဆင့် ရှမ်း ပြည်နယ်တလျှောက် ပြင်ဦးလွင် လမ်းကြောင်းမှ ကိုယ့်အစီစဉ်ဖြင့် ပြန်ဝင်လာကြမည့်သူ ၂၀၀ ကျော်ရှိသည်ဟု သတင်း ရထားကြောင်း မကွေးတိုင်း လူမှုရေး ဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောသည်။
သက်ဆိုင်ရာ မြို့နယ်များက ထိုသူတို့ထံမှ ပါလာသည့် ကျန်းမာရေး ထောက်ခံချက်၊ Quarantine ဝင်ခဲ့သည်ဆိုသော အထောက်အထားများပေါ် မူတည်ကာ စစ်ဆေးပြီးနောက် လိုအပ်သလို စီမံဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု လည်း ၎င်းက ဆိုသည်။
Facility Quarantine ဝင်မည့်သူများ၏ ကုန်ကျစရိတ်နှင့် ပတ်သက်၍ ယခင်က မြို့နယ်/ကျေးရွာများ၏ ရန်ပုံငွေ၊ ပြည် သူလူထု၏ လှူဒါန်းငွေများဖြင့် သွားခဲ့သော်လည်း ယခုအခါ အလှူရှင်များလည်း ပင်ပန်းနေပြီ ဖြစ်ကြောင်း၊ ပြည် ထောင်စု အစိုးရကလည်း စောင့်ကြည့်ရေး စင်တာများတွင် လိုအပ်ချက်များရှိပါက တင်ပြတောင်းဆိုရန် ပြောကြား ထားရာ တိုင်းအစိုးရ အနေဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
ပြည်နယ်နှင့် တိုင်းများ အနက် မကွေးတိုင်းသည် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ နေရပ်ပြန် မြန်မာနိုင်ငံ လုပ်သားများ ပြန် လည် ဝင်ရောက်မှု အများဆုံး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပထမအသုတ် ပြန်လည် ဝင်ရောက်စဉ်ကလည်း မကွေးတိုင်း သို့ ပြန်လာသူ ၁ သိန်း နီးပါးရှိကြောင်း သိရသည်။
ထို ပထမ အသုတ်ထဲမှ မတ် ၂၃ ရက်တွင် ထိုင်း-မြဝတီ နယ်စပ်မှ ပြန်ဝင်လာသူ မကွေးတိုင်း ဒေသကြီး၊ မြို့သစ် မြို့နယ်မှ အသက် ၃၁ နှစ် အရွယ် အမျိုးသား (လူနာအမှတ်-၅၃)တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာ ရေးနှင့် အားကစာ းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုသူကို မကွေးပြည်သူ့ ဆေးရုံကြီးတွင် ကုသပေးလျက် ရှိပြီး ယမန်နေ့က ပိုး ရှိမရှိ စစ်ဆေးချက်အဖြေအရ Negative ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောသည်။
မြန်မာနိုင်ငံတွင် ဧပြီ ၂၇ ရက် နံနက် ၇ နာရီထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၄၆ ဦး ရှိပြီး၊ ၅ ဦး သေဆုံးကာ ၁၀ ဦးသည် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
တရုတ်က မြန်မာနိုင်ငံသား ၁၈၀၀၀ ခန့် ပြန်လွှတ်
တရုတ်နယ်စပ်မှ ပြည်တော်ပြန် ၄၀၀ ကျော် မန္တလေးတိုင်းအဝင်တွင် ပိတ်မိနေ