ရန်ကုန်တိုင်း ဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ အလုပ်သမားများ လာရောက်ခေါ်ဆောင်သူ ၇ ဦးအား ရေကြည်မြို့နယ်၊ တရားရုံးက ကူးစက်ရောဂါတိုက်ဖျက်ရေး ဥပဒေအရအလုပ်နှင့်ထောင်ဒဏ် ၁ လစီ ယနေ့ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်ရှိ ပုလင်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူဒေါ်သီတာပါ လူ ၄ ဦးနှင့် နေပြည်တော်တိုင်းမ် မှုခင်းသတင်းမီဒီယာအဖွဲ့မှ ဇေယျာမင်းထက်ပါ သတင်းထောက် ၃ ဦးတို့မှာ ငါးသိုင်းချောင်းမြို့အပိုင် မြက်တိုအုပ်စု၊ တောင်ယာတန်းကျေးရွာမှ အလုပ်သမား ၁၃ ဦးကို အလုပ်ပြန်ဝင်ရန် ဧပြီလ ၂၆ ရက်နေ့က ကား ၂ စီးဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခေါ်ဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ရာ ရေကြည်မြို့နယ်၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တားမြစ်စစ်ဆေးခဲ့စဉ် လူ ၅ ဦးထက်ပိုမို၍ လူစုလူဝေးဖြင့် ခရီးသွားခြင်း၊ ဒေသန္တရအမိန့်ကို ချိုးဖောက်ခြင်းတို့ကြောင့် ရေကြည်မြို့နယ်၊ COVID – 19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တရားလိုပြုလုပ်၍ ကူးစက်ရောဂါများတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ရာ ရေကြည်မြို့နယ် တရားသူကြီးက အဆိုပါ သတင်းထောက် ၃ ဦးအပါအဝင် လူ ၇ ဦးကို ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွန့်က “မြို့နယ် COVID – 19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့နယ်ကျန်းမာရေးမှူးက တရားလိုလုပ်ပြီး ရေကြည်မြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားပါတယ်။ အဲဒီအမှုကို အလုပ်နဲ့ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေသန္တရအမိန့်ကို ချိုးဖောက်ခြင်းကြောင့် တရားစွဲဆို ထောင်ချခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်သီတာ (၄၃ နှစ်)၊ ဒေါ်မြသီတာ (၃၅ နှစ်)၊ ဦးမောင်မောင် (၅၁ နှစ်)၊ ယာဉ်မောင်း ဦးစိုးဝင်း (၄၂) တို့နှင့်အတူ နေပြည်တော်တိုင်းမ် မှုခင်းနှင့်သတင်းစုံအဖွဲ့မှ သတင်းထောက် ဇေယျာမင်းထက် (၃၀ နှစ်)Hijet ကားမောင်းသူ၊ ဇင်ပိုင်ဖြိုး (၃၈ နှစ်) နှင့် ရဲဝင်းနိုင် (၄၅ နှစ်) တို့ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားလာပါက သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးတို့၏ ထောက်ခံစာ လိုအပ်ပြီး ကားတစီးတွင်လည်း ယာဉ်မောင်းသူအပါအဝင် လူ ၅ ဦးထက်ပို၍ စီးနင်းခြင်း မပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်၍ တားမြစ်ထား ကြောင်း သိရသည်။
၁၉၉၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသောအဖွဲ့အစည်း (သို့မဟုတ်) အရာရှိသည် ကူးစက်ရောဂါ ထိမ်းချုပ်ရေးနှင့်ပတ်သတ်သည့် အမိန့်ထုတ်ပြန်နိုင်ပြီး အဆိုပါအမိန့်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ၅ သောင်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
တောင်ယာတန်းကျေးရွာမှ အလုပ်သမား ၁၃ ဦးကို လာရောက်ခေါ်ဆောင်ရာတွင် နေပြည်တော်တိုင်းမ် သတင်းထောက် ဇေယျာမင်းထက်က အရေးပေါ်မီးတပ်ဆင်ထားသော Hijet ယာဉ်ဖြင့် အရှေ့မှ ဦးဆောင် မောင်းနှင်ခဲ့ပြီး အနောက်ဘက်တွင် Canda ၆ ဘီးကားဖြင့် အလုပ်သမား ၁၃ ဦးကို တင်ဆောင်ပြီး ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာခဲ့ရာ ငါးသိုင်းချောင်းမြို့အဝင်ဂိတ်တွင် လုံခြုံရေးအရတားမြစ်သော်လည်း ရပ်တန့်ခြင်း မရှိသည့်အတွက် ရေကြည်မြို့နယ်၊ ဌာနဆိုင်ရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပုသိမ် – မုံရွာလမ်းပေါ်ရှိ ရေကြည်မြို့လမ်းဆုံတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ရေကြည်မြို့မှ One News ဌာန သတင်းထောက် ကိုမင်းဇော်ဦးက “သူတို့ကားတွေကို ငါးသိုင်းချောင်းဂိတ်က တားတာကို ရပ်မပေးတဲ့အတွက် ရေကြည်လမ်းဆုံမှာ စောင့်ဖမ်းတာ။ ကား ၂ စီးမှာ Hijet ကားက အရေးပေါ်မီးဖွင့်ပြီး ရှေ့ကမောင်းလာတယ်။ အနောက်က ၆ ဘီးကားပေါ်မှာ အလုပ်သမားတွေ ကို အစုလိုက် တင်လာတာ။ သူတို့ခေါ်လာတဲ့အလုပ်သမားတွေထဲမှာ အသက်မပြည့်သူတွေလည်း ပါတယ်။ အလုပ်သမားတွေ ကိုတော့ မနေ့က ညနေပိုင်းမှာ ဌာနဆိုင်ရာတွေက မိဘတွေဆီ ပြန်အပ်ခဲ့ပါတယ်”ဟု ပြောသည်။
ရန်ကုန်မြို့သို့ ခေါ်ဆောင်လာသူ အလုပ်သမားများတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနှင့် မိန်းကလေး ၂ ဦး၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦး စုစုပေါင်း ၁၈ နှစ်မပြည့်သူ ၆ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် (ဧရာဝတီတိုင်းဒေသကြီး) အဖွဲ့မှ တွဲဘက်အတွင်းရေးမှူး – ၁ ဖြစ်သူ ကိုမျိုးမင်းထွန်း က “အခုကိစ္စက မီဒီယာသမားဆိုပြီး ဥပဒေအရ တားမြစ်ထားတာကို သိလျှက်နဲ့ ချိုးဖောက် သလို ဖြစ်နေတယ်။ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူတာကို ကြိုဆိုတယ်။ သတင်းထောက် ဆိုပြီး ကားကိုအရေးပေါ်မီးတပ်ပြီး စီးခွင့်လည်း မရှိဘူး။ သတင်းမီဒီယာကျင့်ဝတ်အရ ရဲတပ်ဖွဲ့လိုလို၊ လုံခြုံရေး အဖွဲ့အစည်းလိုလို အယောင်ဆောင်ခွင့် မရှိပါဘူး။ အခု ငါးသိုင်းချောင်းမှာဖြစ်တဲ့ကိစ္စကို မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီထံ စာပို့တင်ပြ သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဧပြီလ ၂၆ ရက်နေ့က မွန်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ပြန်လာသည့် အုတ်ဖုတ်အလုပ်သမား ၇၀ ကို ခိုးဝှက်တင်ဆောင်လာသည့် ကုန်ကားတစ်စီးကို ရန်ကုန် – ပုသိမ်ကားလမ်းပေါ်ရှိ ညောင်တုန်းမြို့နယ်၊ မဲဇလီစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ရာ ကားမောင်းသူ ၂ ဦးအား အရေးယူရန်စီစဉ်နေကြောင်း သိရသည်။
You may also like these stories:
ကန့်ဘလူ၌ Quarantine ဝင်နေသူ ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းမိ
KIA က လိုင်ဇာမြို့ဧရိယာတဝိုက် ကုန်ကားဖြတ်သန်းခွင့် ပိတ်
ဘူးသီးတောင် ကံ့ကော်မြိုင်ရွာ လက်နက်ကြီးကျ၊ ရွာလုံးကျွတ် ထွက်ပြေးရ