အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံ များတွင် သောင်တင်နေသည့် ရာနှင့်ချီသော နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရေး လေကြောင်းခရီးစဉ်များ ပျံသန်းရန် စီစဉ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများရှိ လေဆိပ်များတွင် မြန်မာနိုင်ငံမှ နိုင်ငံသားများ စုဝေးရန် နေရာများ တည်ထောင်ပြီး ဖြစ်သည်ဟု ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ဧရာဝတီသို့ ဧပြီလ ၂၇ ရက်နေ့ တွင် ပြောသည်။
“ပထမဆုံး အနေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးပြဿနာရှိသူတွေနဲ့ ဗီဇာသက်တမ်းကုန်သွားတဲ့သူတွေကို ကျနော်တို့ ပြန်ခေါ်ပါမယ်” ဟု ဦးအောင်ကျော်ဇံ က ပြောသည်။
လေကြောင်းခရီးစဉ်များနှင့် ပတ်သက်၍ MAI နှင့် ဆွေးနွေးခဲ့ကြောင်း သူက ပြောသည်။
သက်ဆိုင်ရာ နိုင်ငံများသို့ အသွားတကြောင်းအတွက် အစိုးရက ကျခံမည်ဖြစ်ပြီး အပြန်တကြောင်းအတွက်ကိုမူ နိုင်ငံသားများက လက်မှတ်ဝယ်ယူရန် လိုအပ်ကြောင်းလည်း ပြောသည်။
ပြည်ပတွင် ပိတ်မိနေသူများကို မေလ ပထမပတ်တွင် ပြန်လည် ခေါ်ဆောင်နိုင်လ်ိမ့် မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက မျှော်လင့်ထားသည်။
ဂျပန်နိုင်ငံတွင် ရှိနေသည့် မြန်မာနိုင်ငံသား ၁၆၈ ဦးက နောက်လအတွင်း All Nippon လေကြောင်းလိုင်းနှင့် ပြန်လည်ရောက်ရှိလာရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ဇံက ပြောသည်။
MAI က တောင်ကိုးရီးယားသို့ ပျံသန်းရန် စီစဉ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
တောင်ကိုရီးယား နိုင်ငံရှိ အလုပ်သမားများ၊ ကျောင်းသားများနှင့် သင်္ဘောသားများ အပါအဝင် မြန်မာနိုင်ငံသား ၃၅၀ ခန့် က နေရပ်သို့ပြန်လာရေး သံရုံးသို့ သတင်းပို့ထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၃၀ ရက်နေ့တွင် ပျံသန်းမည့် လေယာဉ်ခရီးစဉ်က ခရီးသည် ၉၇ ဦးသာ တင်ဆောင်နိုင်သည်ဟု သူက ထပ်ပြောသည်။
မလေးရှား၊ ဖိလစ်ပိုင်နှင့် ဥရောပတွင် ရောက်ရှိနေသူများကို ပြန်လည်ခေါ်ဆောင်ရန် အစီအစဉ်များလည်း ရှိလာလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြန်လာသူ အားလုံးသည် သီးခြားစောင့်ကြည့်သည့် နေရာများတွင် ၂၁ ရက် ကြာ နေထိုင်ရမည် ဖြစ်ပြီး နေအိမ်တွင် သီးခြားခွဲထား စောင့်ကြည့်ခြင်းကို နောက်ထပ် ၇ ရက် ရင်ဆိုင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် သေဆုံးသူ ၅ ဦး နှင့် ပြန်လည် ကောင်းမွန်လာသူ ၁၀ ဦး အပါအဝင် COVID-19 လူနာ ၁၄၆ ဦး ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။
(Zaw Zaw Htwe ၏ Myanmar Plans Flights to Bring Home Nationals Stranded by COVID-19 ကို ဘာသာပြန်သည်။)
You may also like these stories:
အစိုးရက စစ်ဆေးပြီး စက်ရုံ ၁၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်
မန္တလေး၌ ၁ လအတွင်း စောင့်ကြည့်လူနာ ၃၉ ဦးသေဆုံးခဲ့