အက်ဒမန်ကျွန်းစုအနီး ဖြစ်ပေါ်လာမည့် မုန်တိုင်းသည် ဧရာဝတီတိုင်းဒေသကြီးသို့ မေလဆန်းတွင် ဖြတ်ကျော် ဝင်ရောက် နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဧပြီလ ၃၀ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း ၁ ခု ဖြစ်ပေါ်နိုင်ပြီး မေ ၂ ရက်နေ့ခန့်တွင် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။
ဦးကျော်မိုးဦးက “ဒီနေ့တွက်ထုတ်ထားတဲ့ သင်္ချာပုံစံပြု မော်ဒယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းက ဧရာဝတီတိုင်းကို ဦးတည် နေတယ်။ ဒီနေ့တွက်ထုတ်ထားတဲ့ မော်ဒယ်အတိုင်းဆို စောသွားရင် ၃ ရက်နေ့လောက်ပေါ့။ နောက်ကျရင် ၅ ရက်နေ့ လောက်။ ၃၊၄၊၅ ရက်နေ့လောက်မှာတော့ ကမ်းဖြတ်နိုင်လောက်တဲ့ အနေအထားမျိုးပေါ့” ဟု ရှင်းပြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တို့အနေဖြင့် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုး/ဇလ က သတိပေးသည်။
နာဂစ်မုန်တိုင်းကဲ့သို့ အားကောင်းသော မုန်တိုင်းမဟုတ်သော်လည်း အားအသင့်အတင့်ရှိမည့် မုန်တိုင်း ဖြစ်နိုင်ပြီး မုန်တိုင်း ဝင်မည့် အချိန်ကာလပေါ်မူတည်၍ အင်အားပြောင်းလဲနိုင်သဖြင့် သတိပြုရန်လိုကြောင်း ဦးကျော်မိုးဦးက ပြောသည်။
“အရင်တုန်းက ဖြစ်ခဲ့တဲ့ နာဂစ်လိုမျိုး အားကောင်းတဲ့ မုန်တိုင်းတော့ မဟုတ်ဘူးပေါ့။ အားတော့ အသင့်အတင့်ရှိမယ်။ ဝင်တာ စောတဲ့ နောက်ကျတဲ့ပေါ်မှာလည်း မူတည်တယ်။ မြန်မြန်ဝင်သွားရင်တော့ အားနည်းနည်းနဲ့ ဝင်သွားမယ်။ ရေထဲမှာ ကြာလာတာနဲ့ အမျှ အားပိုကောင်းလာနိုင်တဲ့ အနေအထားမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကလည်း “ဒီနှစ်က COVID-19 ဖြစ်နေတဲ့ အချိန်ကာလ ဖြစ်တဲ့ အတွက်ကြောင့် ဥပမာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ရမယ် ပြောင်းရမယ် ဆိုရင် COVID-19 နဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက် သတ်မှတ်ချက်တွေကိုလည်း ဆောင်ရွက်ဖို့ပေါ့။ အရင်နှစ်က ကယ်ဆယ်ရေး စခန်း ၁ ခုပဲ လိုတယ်ဆိုရင် ဒီနှစ် ၂ လောက်တောင် လိုတဲ့ သဘောမျိုး ရှိလာနိုင်တော့ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့တွေကို အကြံပြုချက်တွေ ပို့တယ်” ဟု ပြောပြသည်။
သို့ဖြစ်ရာ လတ်တလောတွင် COVID-19 ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက COVID-19 နှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကိုပါ ထည့်သွင်းပြင်ဆင်နေကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁၃၈,၀၀၀ ကျော် သေဆုံးခဲ့ရဖူးသည်။
You may also like these stories:
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် မိုးကြီးနိုင်