သတင်း

ကောင်းခါးပြည်သူ့စစ်နှင့် AA မူးယစ်ကုန်သွယ်မှုတွင် ဆက်စပ်မှုရှိနေဟုဆို

Want create site? Find Free WordPress Themes and plugins.

တပ်မတော်ထံ ပြီးခဲ့သည့် မတ်လက လက်နက်အပ်နှံလိုက်သည့် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့် ရက္ခိုင်စစ်တပ်  (AA) တို့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ဆက်စပ်မှုရှိကြောင်း နိုင်ငံတကာ စစ်ရေး သုတေသန စာစောင် ဖြစ်သည့် ဗြိတိန်အခြေစိုက် Jane’s Defense Weekly က ဖော်ပြသည်။

Jane’s Defense Weekly က ဧပြီလ ၂၁ ရက်စွဲဖြင့် ‘New strategy to address escalating insurgency in western Myanmar leaves military locked in to conflict’ ဆိုသည့် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ဖော်ပြထားခြင်းဖြစ်သည်။

ကောင်းခါးပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အဖွဲ့များသည် ရှမ်းပြည်နယ်တွင် မက်သာဖက်တမင်းခေါ် ယာဘ ဆေးပြားများ၊ သန့်စင်မှုမြင့်မားသည့် မက်သာဖက်တမင်းအခဲ သို့မဟုတ် အိုက်စ်များ ထုတ်လုပ်ခြင်းနှင့် ကုန်ကူးခြင်းကဲ့သို့ မူးယစ်ဆေးဝါးလုပ်ငန်းများမှ အကျိုးအမြတ်များစွာရရှိနေကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

AA အဖွဲ့သည် ကောင်းခါး ပြည်သူ့စစ်အဖွဲ့က ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအလယ်ပိုင်း စီးပွားရေး တိုးတက်သည့် မြို့ကြီးများမှ ဖြတ်သန်းသယ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ တင်သွင်းခြင်းမှ အကျိုး အမြတ်များရရှိနေဟုဆိုသည်။

အမြတ်အစွန်းငွေကြေးများကို တပ်မတော်အား တိုက်ခိုက်နေသော ထောင်နှင့်ချီသည့် ၎င်းတို့ စစ်သည်များ အတွက် လက်နက်များ ဝယ်ယူခြင်းနှင့် လေ့ကျင့်ရေးအတွက် သုံးစွဲနေကြောင်း စာတမ်းအရသိရသည်။

ထို့ကြောင့် တပ်မတော်သည် AA ၏ မူးယစ်ဆေးမှ ရနေသော ဝင်ငွေကို ဖြတ်တောက်ရန်အတွက် ကောင်းခါး ပြည်သူ့စစ်ကို လက်နက်ဖြုတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာ ဝင်ရောက်လာသော မူးယစ် ဆေးဝါးများသည် အများဆုံးဖြစ်နေသည်ကို တွေ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဧရာဝတီသို့ ပြောသည်။

ကောင်းခါးပြည်သူ့စစ် အဖွဲ့များလှုပ်ရှားနယ်မြေ အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ (ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ရခိုင်ပြည်နယ်ကို AA ဝင်ရောက်လာပြီးနောက်ပိုင်း ရခိုင်မှာ မူးယစ်ဆေး ဖမ်းမိတာက အများဆုံး ဖြစ်နေတယ်။ အများအားဖြင့်တော့ ကျနော်တို့က အထွက်မှာမိတာ။ ထွက်ခါနီးမှာ မိတာများတယ်။ တဖက်ကိုထွက်  တော့မှာပေါ့။ အဲဒီဟာတွေသည် ဆက်စပ်မှုက ကောင်းခါး ပြည်သူ့စစ်လို ဟာမျိုးနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်” ဟု ဆိုသည်။

သို့သော် အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မူးယစ်ဆေးကုန်သွယ်မှုတွင် မည်ကဲ့သို့ ဆက်စပ်မှုရှိသည်ဆိုသည့် အချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ မူးယစ်ဆေးဝါးနှိမ်နင်းရေး ကိစ္စသည် အမျိုးသားရေး ကိစ္စတခုဖြစ်ပြီး ယင်းလုပ်ငန်းကို တပ်မတော်အနေနှင့် ယခင်ကတည်းကပင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ကောင်းခါးကို လုပ်လိုက်တာက AA တခုတည်းအတွက်မဟုတ်ပါဘူး။ သူတို့ လုပ်နေတာတွေ သိရတယ်။ ကျနော်တို့ကတော့ လုပ်နေတယ်ဆိုတာ သတင်းရတာနဲ့ ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင်တော့ နှိမ်နင်းရေးဆောင်ရွက်ရမှာပဲဖြစ်ပါတယ်” ဟု ပြောဆိုသည်။

AA သည် ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် တပ်မတော်ကို တိုက်ခိုက်နေသည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည်။

AA ကို မတ် ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် မတရားအသင်း ကြေငြာပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

ထိုကဲ့သို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသဖြင့် Jane’s Terrorism & Insurgency Monitor အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဖြေရှင်းချက်အား မေးမြန်းခွင့် မရပေ။

ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့သည် ယခင်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တပ်မဟာ (၄) မှ တပ်ဖွဲ့ဝင်များဖြင့် ပြန်လည်ဖွဲ့စည်းထားသော တပ်ဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကို ဦးမထုနော်က ဦးဆောင်သည်။

ကောင်းခါးပြည်သူ့စစ် အဖွဲ့များလှုပ်ရှားနယ်မြေ အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ (ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဦးမထုနော် ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင်များသည် ၁၉၉၁ ခုနှစ်တွင် KIA မှ ခွဲထွက်ကာ ကချင် တိုင်းရင်းသားများ တိုးတတ်ရေးနှင့် လုံခြုံရေး တပ်မတော် (KDA) အဖြစ် သီးခြားဖွဲ့စည်း၍ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သည်။

ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်မြို့ ၊ ကောင်းခါး နှင့် လွယ်ခမ် ကျေးရွာတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လ ဒုတိယပတ်အတွင်း ကျပ် ၂၉၂ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးနှင့် မူးယစ်ဆေး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ဖမ်းဆီးရမိမှုနှင့် ပတ်သတ်၍ ကောင်းခါး ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့၏ လက်နက်အားလုံးကို တပ်မတော်ထံ အပ်နှံခဲ့ ရခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများ ထုတ်လုပ်သည့် ကိစ္စတွင် ကောင်းခါးပြည်သူ့စစ်လည်း ပါဝင်နေသဖြင့် အဆိုပါ ပြည်သူ့စစ်၊ တပ်မဟာ ၁ မှ တပ်မဟာမှူး အပါအဝင် အရာရှိ ၁၀ ဦးကို လားရှိုးမြို့၊ အမှတ် (၂) ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (ဃ) ဖြင့်လည်း အမှုဖွင့်ထားသည်။

Jane’s Terrorism & Insurgency Monitor အဖွဲ့၏ စာတမ်းတွင် ကောင်းခါးပြည်သူ့စစ်အဖွဲ့သည် ဒေသခံ KIA တပ်ဖွဲ့များနှင့် ရင်းနှီးမှုရှိပြီး KIA တပ်ဖွဲ့ဝင်အချို့က AA နှင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ကို ချိတ်ဆက်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

ယင်းအချက်နှင့် ပတ်သက်၍ အတည်ပြုချက်ရယူနိုင်ရန် ဧရာဝတီသတင်းဌာနက KIA အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကမူ AA နှင့် ကောင်းခါးပြည်သူ့စစ် ဆက်စပ်မှု အပါအဝင် ၎င်းတို့ကို KIA တပ်ဖွဲ့ဝင်အချို့က ချိတ်ဆက်ပေးမှု ဟုတ်မဟုတ်ဆိုသည့် အချက်ကို မှတ်ချက်မပေးလိုကြောင်း ဧရာဝတီသို့ ပြောကြားသည်။

၎င်းက “ဘယ်သူတွေချိတ်ဆက်သလဲ။ ဘယ်ကနေတဆင့် သွားသလဲဆိုတာကတော့ ကျနော်တို့ မပြောလိုပါဘူး။ ဒါက စိစစ်တဲ့လူတွေ ကာယကံရှင်တွေပဲ သိမှာပါ” ဟု ဆိုသည်။

UWSA အနေနှင့် ယခင်က မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီမှု ရှိခဲ့သော်လည်း ယင်းအလုပ်များကို လက်ရှိတွင် မလုပ်တော့ကြောင်း၊ လက်ရှိတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မူဝါဒချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း ဦးညီရန်းက ဆိုသည်။

ကောင်းခါးပြည်သူ့စစ်ထံမှ သိမ်းဆည်းမိသည့် မူးယစ်ဆေးဝါး ရမိမှုပမာဏသည် ဖမ်းဆီးရမိသည့်အထဲတွင် ပမာဏအများဆုံးဖြစ်ရာ တပ်မတော်၏ မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် အောင်မြင်မှုတခုပင်ဖြစ်သည်ဟု ဆိုသည်။

ကောင်းခါးပြည်သူ့စစ် အဖွဲ့များလှုပ်ရှားနယ်မြေ အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ (ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

AA အဖွဲ့နှင့် နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး တခု၏ ထိပ်ပိုင်းခေါင်းဆောင်တဦးကမူ AA အဖွဲ့သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ရခိုင်ပြည်နယ်တွင် တွင်းထွက်သယံဇာတလုပ်ငန်းများမရှိ သဖြင့် အဖွဲ့၏ ဘဏ္ဍာငွေကို မူးယစ်ဆေးဝါးကုန်သွယ်မှုမှ တဆင့် ဖြည့်တင်းနေရကြောင်း ဧရာဝတီ သီးသန့်တွေ့ဆုံမှု တခုတွင်ရှင်းပြသည်။

မူးယစ်ဆေးကုန်သွယ်မှုကို ဆက်လုပ်နေပါက AA ၏ တော်လှန်ရေးလမ်းစဉ်သည် ရေရှည်တွင် နာမည် ပျက်လာနိုင်သဖြင့် ဆက်မလုပ်ရန် AA ထိပ်ပိုင်းခေါင်းဆောင်များကို သတိပေး ခဲ့သေးသည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုသည် အများဆုံးဖြစ်နေပြီး ရခိုင်ပြည်နယ်သည် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်မည့် ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးချခံနေရကြောင်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်က ပြုလုပ်ခဲ့သည့် အပြည် ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်ပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းမီဒီယာများသို့ ပြောဖူးသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလတလတည်းတွင် ကျပ်သိန်းကိုးသောင်းကျော် တန်ဖိုးရှိသည့်  စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း ငါးသိန်းနီးပါးကို ရခိုင်ပြည်နယ်ရှိ၊ မောင်တောခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ဖူးသည်။

ထိုပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင်လည်း မောင်တော မြို့နယ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၀၇၄၀ ပြား ဖမ်းဆီးရမိခဲ့သည်လည်း ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များ အရသိရသည်။

ဆက်စပ်ဖတ်ရှူရန်

ကွတ်ခိုင်တွင် ကျပ် ၉၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရှမ်း/မြောက် မူးယစ်ဆေးအမှု ပြည်သူ့စစ်ခေါင်းဆောင်များနှင့် လက်နက်တထောင်ကျော် ထိန်းသိမ်း

ကွတ်ခိုင်က မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိမှု အဓိကတရားခံများ ဖမ်းမိရေး အရေးကြီးဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading