အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Covid-19) ကာကွယ်ရေးအတွက် တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း အပါအဝင် ဝင်ထွက် သွားလာခွင့်ဆိုင်ရာ ကန့်သတ်မှုများအား မေလလယ်အထိ အကျုံးဝင်မည့် ဒေသန္တရဆိုင်ရာ တားမြစ်မိန့် မန္တလေးတိုင်းအစိုးရက ယနေ့သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါက်တာ စိုးသန်း က “တိုင်းအစိုးရက ဒီနေ့တားမြစ်မိန့် ထပ်ထုတ်တယ်ဆိုတာ မှန်ပါတယ်။ အမိန့်မှာပါရှိတဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စံသတ်မှတ်ချက်တွေ အတိုင်း ဆောင်ရွက်ထားမှု ရှိ၊ မရှိ အခုလည်း အဖွဲ့တွေ ကွင်းဆင်းစစ်နေပါပြီ။ သေချာ စစ်ဆေးပြီးမှသာ လုပ်ခွင့်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖက်မှာလည်း လူတွေ အလုပ်လက်မဲ့ ဖြစ်သွားရင် စီးပွားရေး အကြပ်အတည်း ကိုလည်း ကြည့်ဖို့ လိုတယ်လေ” ဟု ဧရာဝတီကို ပြောသည်။
တိုင်းအစိုးရသည် ဒေသန္တရဆိုင်ရာ တားမြစ်မိန့်ကို ဧပြီ ၆ နေ့က ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီး ဧပြီ ၁၈ ရက်တွင် ဒုတိယအကြိမ်၊ ယခု ဧပြီ ၂၉ ရက်တွင် တတိယအကြိမ် ကြေညာကာ သတ်မှတ်ရက်ကို တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတားမြစ်မိန့်တွင် မန္တလေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်နှင့်ဆေးဝါးများ ရောင်းချ ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများနှင့် ဘဏ်များ ဖွင့်လှစ်ရမည်ဖြစ်ပြီး မဖွင့်လှစ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။
ထို့အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်၊ လမ်းညွှန်ချက်တို့နှင့်အညီ ဆောင်ရွက်ထားပြီး စစ်ဆေးရေးအဖွဲ့က စိစစ်ခွင့်ပြုထားသော အလုပ်ရုံ၊ စက်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဟု ပါရှိသည်။
အထက်ဖော်ပြပါ လုပ်ငန်းများမှအပ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ အင်းများ၊ အဝတ်အထည်ဆိုင်နှင့် ကျန်လုပ်ငန်း များ အားလုံးသည် မေလ ၁၅ ရက်အထိ ယာယီ ပိတ်ရမည်ဖြစ်ပြီး မပိတ်သိမ်းပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ဆိုသည်။
ထို့အပြင် တိုင်းအတွင်း ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသော ကုန်တင်ယာဉ်များနှင့် သာမာန် အိမ်စီးကား (လူဦးရေ ၄ ဦးထက် မပိုသော) များမှ အပ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေ ခရီးသွားယာဉ်များ အားလုံးအား မန္တလေးတိုင်းအတွင်း ဝင်၊ ထွက်သွားလာခွင့်အား မေ ၁၅ ရက် ည ၁၂ နာရီအချိန်အထိ ယာယီပိတ်ထားမည်ဟု သိရသည်။
သို့ရာတွင် ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း (တောင်၊မြောက်) တို့မှ ပဲခူးနှင့်ရန်ကုန်တိုင်းသို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် မန္တလေးမြို့သို့ ဝင်ရောက်ခြင်း မပြုဘဲ သတ်မှတ်ထားသော ရှောင်ကွင်း လမ်းများ ကသာ အသုံးပြုရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကချင်၊ စစ်ကိုင်းတို့မှ လာသော ခရီးသည်တင်ယာဉ်များသည် တံတားဦးမှတဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့လည်းကောင်း၊ ချင်း၊ မကွေးတိုင်းမှ ဖြစ်ပါက ပခုက္ကူ-ကျောက်ပန်းတောင်းမှ တဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့လည်းကောင်း၊ ကယားနှင့် ရှမ်း(တောင်)မှ ဖြစ်ပါက ပျော်ဘွယ် (ဘုရားငါးဆူ)မှတဆင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့ လည်းကောင်း၊ ရှမ်း(မြောက်)မှ လာသော ခရီးသည်တင်ယာဉ်လိုင်းများ အနေဖြင့် ပြင်ဦးလွင်-တံတားဦး အဝိုင်းမှ ရန်ကုန်-မန္တလေးလမ်းအမြန်လမ်းအတိုင်း ရန်ကုန်တိုင်းသို့လည်းကောင်း သွားရောက်ရမည်ဟု သတ်မှတ်ထားသည်။
မန္တလေးတိုင်းအစိုးရသည် ပြည်ပနိုင်ငံများမှဖြစ်စေ၊ ရောဂါပိုးတွေ့ရှိထားသော တိုင်း၊ ပြည်နယ်မှဖြစ်စေ မန္တလေးတိုင်းသို့ လာရောက်သူဖြစ်ပါက Facility Quarantine ၂၁ ရက်နှင့် Home Quarantine ၇ ရက် မဖြစ်မနေ ဝင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ထို့အပြင် ဧပြီ ၁၇ ရက်မှ စတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွါခြင်း မပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက် ဆိုပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်၊ နေ့ခင်းတွင်လည်း အိမ်ထောင်စု ၁ စုလျှင် လူ ၁ ဦးသာအပြင်ထွက်ရန်၊ အပြင်ထွက်ပါက Mask များ မဖြစ်မနေ တပ်ဆင် ရကြရန်အတွက် တိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
မန္တလေး၌ ညမထွက်ရ အမိန့် မလိုက်နာသူကို ရိုက်နှက်ရန် ထုတ်ပြန်မထား ဟုဆို
မန္တလေးတိုင်း ဒေသန္တရအမိန့် ကာလထပ်တိုး