တာချီလိတ်မြို့၌ သင်္ကြန်အတွင်း ကိုဗစ်-၁၉ ဒေသန္တရအမိန့် ချိုးဖောက်ကာ လူစုလူဝေးဖြင့် ရေကစား ကခုန်ခဲ့ကြသည့် ရဲတပ်သား ၁ ဦးနှင့်အသက်မပြည့်သေးသည့် ကလေးငယ်များ၊ ထိုင်းနိုင်ငံသားများ အပါအဝင် စုစုပေါင်း ၁၂ ဦးကို ဒဏ်ငွေ ၅ ထောင်ကျပ်စီသာ ခရိုင်တရားရုံးမှ ယမန်နေ့က အမိန့် ချမှတ်ခဲ့သည့်အတွက် ဒေသခံပြည်သူများက ဝေဖန်မှုများ ရှိနေသည်။
တာချီလိတ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က “အကုန်လုံးကို ဒဏ်ငွေ ၅ ထောင်နဲ့ ချလိုက်တယ်။ ဒါက မဖြစ်သင့်ဘူးပေါ့။ ညမထွက်ရ အမိန့်ဖောက်ဖျက်တဲ့သူကျတော့ ထောင် ၃ လ ချတယ်။ အမှန်ဆို ဒီလိုမလုပ်ဖို့ မေတ္တာရပ်ခံတဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အမိန့်ထုတ်ထားတဲ့ အဖွဲ့အစည်း အားလုံးကို အလေးထားသင့်တယ်။ ဒီလိုပြစ်ဒဏ်ပေးတာကို ဒေသခံ တော်တော်များများက မကျေနပ်ဘူး။ ဝေဖန်နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အစိုးရထုတ်ပြန်ထားသော အမိန့်များကို ဖောက်ဖျက်ကျူးလွန်မှုအပေါ် ထိရောက်စွာ အရေးမယူပါက ဥပဒေ ၁ ခုကို အမျိုးမျိုး ပြင်ဆင်၍ရသည်ဟု ပြည်သူများ ထင်မြင်နိုင်သလို ပြစ်မှုပြစ်ဒဏ်ကိုလည်း အမျိုးမျိုး ပြင်ဆင် သတ်မှတ်နေသည် ဆိုသည့် အမြင်များရှိလာနိုင်သည်ဟု ထောက်ပြသည်။
COVID-19 ကာကွယ်ရေးအတွက် လူစုလူဝေးမလုပ်ရန်၊ သင်္ကြန်ပွဲမကျင်းပရန် အစိုးရက ဒေသန္တရအမိန့်များ ထုတ်ပြန် ထားသော်လည်း Mr. Crush Bar ပိုင်ရှင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ရဲတပ်သား ဖေသက်ဟန် ဆိုသူတို့က ထိုင်းနိုင်ငံသားများ နှင့်အတူ ကခုန်ရေကစားခဲ့နေပုံကို ဧပြီလ ၁၂ ရက်နေ့က လူမူကွန်ရက်တွင် live လွှင့်ခဲ့သည်။
ထိုသို့ Live ထုတ်လွှင့်မှုကြောင့် အများပြည်သ ူအပါအဝင် ရဲတပ်ဖွဲ့ဝင်များ သိသွားပြီးနောက် သွားရောက် ဖမ်းဆီးရာတွင် ရဲတပ်သား မောင်ဖေသက်ဟန် အပါအဝင် စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးပြီး သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ၃၀(က) ဖြင့် ဧပြီလ ၁၃ ရက်က အရေးယူခဲ့ခြင်းဖြစ်သည်။
ဒဏ်ငွေချမှတ်မှုနှင့်ပတ်သက်ပြီး ဒေသခံ ဦးစိုးလေးကလည်း “ဒေသန္ထရအမိန့်ဖောက်ဖျက်မှုဟာ ကျပ် ၅ ထောင်၊ ထိုင်းဘတ်ငွေ ၁၀၀နဲ့ဘဲ တန်သလား။ ဒါဆိုရင် Quarantine ဝင်နေတဲ့ လူနာတွေ ၂၁ ရက် မပြည့်ဘဲ အများကြီးထွက်ပြေး ကြမှာပေါ့။ ဖမ်းမိလည်း ဒဏ်ငွေ ၅ ထောင် ဆောင်ရုံပဲလေ” ဟု ပြောသည်။
တာချီလိတ်ရဲစခန်းမှ တာဝန်ရှိသူ ၁ ဦးက ရဲတပ်သားနဲ့ ထိုင်းနိုင်ငံသား ၃ ဦး အပါအဝင် ဖမ်းမိထားသူ စုစုပေါင်း ၁၂ ဦးကို အမိန့်ချိုးဖောက်ခဲ့သည့်အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ၃၀(က)ဖြင့် ဦးစွာ အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။
အမှု တည်ဆောက်ပြီး ဥပဒေအကြံပေး တောင်းခံသည့်အခါ ၎င်းတို့ကလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ၃၀(က)ဖြင့် တရားစွဲရန် အကြောင်းပြန်ခဲ့ကြောင်း၊ ထိုဥပဒေဖြင့် တရားစွဲမည်ဆိုပါက ပြည်နယ် သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သော ဝန်ကြီးချုပ်ထံမှ ခွင့်ပြုချက် တောင်းခံရကြောင်း၊ ဝန်ကြီးချုပ် က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် တရားမစွဲဘဲ ကူးစက် ရောဂါများ ကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် တရားစွဲခွင့်ပြုလိုက်သည်ဟု သိရသည်။
ထို့ကြောင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် တရားစွဲရန်အတွက် ယခင် တရားလိုဖြစ်သည့် အုပ်ချုပ်ရေး မှူးက ကျန်းမာရေးဌာနသို့ ဦးတိုက်လျှောက်ထားသည့်အတွက် ကျန်းမာရေးဌာနမှ တရားလိုပြု လုပ်ကာ ကူးစက်ရောဂါ ဥပဒေပုဒ်မ ၁၅ ဖြင့် တရားစွဲလိုက်ပြီး ဒဏ်ငွေ ၅ ထောင်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
တာချီလိတ်ရဲစခန်းမှ တာဝန်ရှိသူတဦးက “အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးကိုတော့ ဆိုဆုံးမပြီး ပြန်လွှတ် လိုက်ပါတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် ကျနော်တို့မှာ အဂတိ တရားကင်းပါတယ်။ ငွေကြေးလည်း တစုံတရာ ယူခဲ့ခြင်းလည်း မရှိပါဘူး”ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဥပဒေအရ ထိုက်သင့်သည့် ပြစ်ဒဏ် ပေးသင့်သည့်အပြင် အရွယ် မရောက်သေးသော ကလေးငယ်များကို Bar အတွင်း ပေးဝင်ခြင်းကလည်း ပြစ်မှုမြောက်သည်ကို ချန်လှပ် ထားသည်ကို တွေ့ရကြောင်း ထောက်ပြသည်။
ထို့အပြင် COVID-19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကို ဖောက်ဖျက်ခဲ့သည့် ရဲတပ်သားကို ဒဏ်ငွေ ၅ ထောင်ချမှတ်သည့်အပြင် တပ်ဖွဲ့ဝင်တဦး အနေဖြင့် လက်ထပ်ခွင့် မတင်ဘဲ အိမ်ထောင်ပြုထားခြင်းကြောင့် ရဲစည်းကမ်းဖောက်ဖျက်မှုအတွက် ထပ်ဆင့် အရေးယူ ခံရမည်ဖြစ်ပြီး လက်ရှိတွင် တာချီလိတ် မြို့မရဲစခန်းတွင် ဖမ်းဆီး ထားသည်ဟု သိရသည်။
“ရဲမှာလည်း ဟာကွက် ရှိသလို ဥပဒေအကြံပေးတွေကလည်း ဒါကို ဘယ်လိုဖြစ်သင့်တယ်လို့ ပြောရမှာပေါ့။ နောက် သဘာဝဘေး အန္တရာယ်နဲ့ ဆိုင်တဲ့သူတွေ၊ မြို့နယ်ရဲ့တာဝန်ရှိတဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်”ဟု ဦးခင်မောင်တင့်က ဆက်လက်ပြောသည်။
မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်တွင် တာချီလိတ်မြို့၌ လူစုလူဝေးပြုလုပ်ခြင်းအပြင် KTV၊ Bar၊ Club များပိတ်ထားရန် တာချီလိတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင် သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရအမိန့်များထုတ်ပြန်ကာ တားမြစ် ထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းတွင် ညမထွက်ရ အမိန့်ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၃ လချမှတ်ကာ အရေးယူထားသူ ၈ ဦး ရှိပြီဖြစ်သည်။
ရှမ်းပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ဧပြီလ ၂၉ ရက်နေ့အထိ ၇ ဦးရှိရာမှ အတည်ပြုလူနာတဦးတွင် ပိုးမတွေ့တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်
ဥပဒေ ချိုးဖောက်ကာ ရေကစားခဲ့သူများကို ဖမ်းဆီးအရေးယူ
ဒေသန္တရအမိန့် ဖောက်ဖျက်ခဲ့သည့် ရဲတပ်သားအား ပုဒ်မ ၂ ခုဖြင့် အရေးယူ