ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခရိုင် ရဲတပ်ဖွဲ့ရုံးအနီးရှိ စစ်ဆေးရေးဂိတ်ဟောင်းအဆောင်များကို ရက္ခိုင့်တပ်မတော်(AA) တပ် ဖွဲ့ဝင်များက လာရောက်မီးရှို့ဖောက်ခွဲမှု ဧပြီလ ၂၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုနေ့ညက မြောက်ဦးမြို့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်အနီးမှ ပေါက်ကွဲသံနှင့် မသ င်္ကာဖွယ်ရာ လှုပ်ရှားသွားလာမှုတို့ကို တွေ့ရှိရာမှ ၆၀ မမ ဗုံးသီးနှင့် ခြင်ဆေးဗူးများကို အသုံးပြုကာ မီးရှို့ဖောက်ခွဲမှု လုပ်သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“သူတို့လုပ်တဲ့ ရည်ရွယ်ချက်ကတော့ ၆၀ မမ ဗုံးသီးနဲ့ မြို့ထဲကို အပစ်ခံရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် လုပ်တယ်လို့ပဲ မြင်တယ်။ ၆၀ မမ ဗုံးသီး ကျကွဲတယ်ပေါ့၊ တပ်ကပစ်လို့ မြို့ထဲမှာ ၆၀ မမ ဗုံးသီးကျတယ်ဆိုတဲ့ ပုံစံမျိုးလုပ်တာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ် အဆောက်အဦဟောင်းတခုအတွင်း ခြင်ဆေးဗူး ၃ ဗူးကို ရေနံဆီစွတ်ထားသည့် အဝတ်ဖြင့် ပတ် ၍ မီးရှို့ဖောက်ခွဲထားပြီး ထိုပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆောက်အဦ အနည်းငယ်သာ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြား အဆောက်အဦတခုအတွင်း ၆၀ မမ ဗုံးသီးကို ရေနံဆီစွတ်ထားသည့် အဝတ်ဖြင့်ပတ်၍ မီးရှို့ထားသော်လည်း အဝတ်မှာ မီးအကုန်မလောင်ခဲ့သောကြောင့် ၆၀ မမ ဗုံးသီးမှာမူ ပေါက်ကွဲခြင်းမရှိကြောင်း၊ ထိုဗုံးသီးအနီး ဆာလာအိတ်ဖြင့် ထည့်ထားသည့် ခြင်ဆေးဗူး ၆ ဗူးကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပေါက်ကွဲမှုများ ထပ်မံ မဖြစ်ပွားနိုင်ရေး လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ကလည်း မြောက်ဦးမြို့ မှ ဈေးဝယ်ပြန်လာသော ရဲတပ်ဖွဲ့ဝင် ၃ ဦးအနက် ၁ ဦးမှာ AA အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးသံများ၊ သေနတ်ပစ်ခတ်သံများကို ကြားနေရပြီး မြို့တွင်း နေထိုင်သူ ဒေသခံ ပြည်သူများ နေအိမ်အပြင်သို့ မထွက်ရဲကြောင်း၊ ယနေ့တွင်မူ သေနတ်သံများမကြားရဘဲ ငြိမ်သက်လျက် ရှိကြောင်း မြောက်ဦးသွေးလှူရှင်အသင်းမှ ဦးအောင်သန်းထွန်းက ပြေသည်။
“ကြားတာတော့ ကြားနေရတာပဲ။ သေနတ်သံတွေ တရစပ် ပစ်တာခတ်တာတော့ ကြားနေရတယ်။ ဘယ်သူမှလမ်းပေါ် မထွက်ရဲဘဲ ကိုယ့်အိမ်ထဲမှာပဲ နေနေရတာပေါ့”ဟု ၎င်းက ပြောသည်။
ယင်းနေ့ ဧပြီလ ၂၇ ရက်နေ့ကပင် မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက် ရန်ကုန် – စစ်တွေ ကားလမ်းပေါ်ရှိ ထမင်းဆိုင် အနီး လက်နက်ကြီးကျရောက် ထိမှန်သောကြောင့် ထမင်းဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရှိ ခဲ့သေးကြောင်း ဦးအောင်သန်းထွန်းက ပြောသည်။
သင်္ကြန်ကာလအပြီး မြောက်ဦးမြို့နယ်တွင် လက်နက်ကြီးသံများ၊ သေနတ်ပစ်ခတ်သံများကို ခပ်စိပ်စိပ်ကြားလာရပြီး လက် ရှိတွင် မြို့ပေါ်မှလူများ နယ်ဘက်သို့မသွားရဲတော့သလို နယ်ကလူများမှာလည်း မြို့ပေါ်သို့ မလာရဲကြောင်း၊ ထို့ကြောင့် ဈေးရောင်းဈေးဝယ် မဖြစ်တော့ဘဲ အလုပ်အကိုင် ရှားပါးခြင်းများကြုံလာရသည်ဟု မြောက်ဦးဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “ပြည်သူတွေကတော့ ကြောက်တာပေါ့၊ ကြောက်နေ ကြတယ်၊ စိုးရိမ်နေကြတယ်။ မိုးပေါ်ကပဲလာမလား၊ ဘေးကပဲလာမလား စိုးရိမ်နေရတယ်။ ကာတွန်းတွေမှာပါသလိုပဲ ကိုဗစ်ကိုပဲကြောက်ရမလား၊ ကိုပစ်ကိုပဲကြောက်ရမလား ကြောက်နေရတယ်”ဟု ပြောသည်။
ထို့အတူ မြောက်ဦးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်နေသည့်နေရာ ၇ နေရာခန့် ရှိနေပြီး ဘုန်တော် ကြီးကျောင်းများ၊ စေတီပုထိုးများတွင် စုဖွဲ့နေထိုင်နေရပြီး အလှူရှင်များ လာရောက်လှူဒါန်းခြင်းများကိုသာ ခွဲေ၀ စားသောက်နေရသဖြင့် အစားအသောက်နှင့်ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ၁ လသားအရွယ် ကလေး ၁ ဦး၊ ၄ နှစ် အရွယ်ကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
မြောက်ဦးမြို့နယ် နလိပ်ကျေးရွာတွင်လည်း ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့ကပင် ရွာတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ရှာရှည်ပြင်ကျေးရွာ ပစ်ခတ်မှုများအတွင်း ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားသည့် တိုက်ပွဲများကာလအတွင်း အမျိုးသမီးနှင့် ကလေး ငယ်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေး နေရသည့် စစ်ဘေးရှောင် ပြည်သူ ၁ သိန်းကျော်ရှိပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
You may also like these stories:
မြောက်ဦးမြို့တွင် ဈေးဝယ်ပြန်လာသည့် ရဲတပ်သားတဦး AA ၏ ဖမ်းဆီးခြင်းခံရ
ကောင်းခါးပြည်သူ့စစ်နှင့် AA မူးယစ်ကုန်သွယ်မှုတွင် ဆက်စပ်မှုရှိနေဟုဆို