ဥရောပ သမဂ္ဂ(အီးယူ)က မြန်မာ့တပ်မတော် အရာရှိများကို စီးပွားရေးအရ ပိတ်ဆို့မှုများ ထပ်မံ သက် တမ်းတိုး လိုက်ခြင်းသည် Standard Army တည်ဆောက်နေသည့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာကို ထိ ခိုက်စေကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
အီးယူက ဧပြီလ ၂၃ ရက်နေ့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အရာရှိများကို ပိတ်ဆို့ အရေးယူမှု သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီး ဗြိတိန် အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က သဘောတူကြောင်း ဆက်လက် ကြေညာခဲ့သည်။
၎င်းတို့က မြန်မာ့ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး၊ ဗိုလ်ချုပ်များ၊ ဗိုလ်မှူးချုပ်များ၊ ရဲမှူးချုပ်များ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ ဝင် ၁၄ ဦး၏ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှု များနှင့် ခရီးသွားလာခွင့်များကို ဆက်လက် ပိတ်ဆို့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၁၇ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေသည် ဆိုသော စွပ်စွဲချက်ဖြင့် အထက်ပါ တပ်မတော်အရာရှိများကို ဗြိတိန်အပါအဝင် အနောက်နိုင်ငံ တချို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီပိတ်ဆို့မှုတွေက သူတို့လုပ်နေကြအတိုင်း လုပ်တာပဲ။ အခုလည်း ပိတ်ဆို့မှု သက်တမ်း တိုးလိုက်တယ်ဆိုတာ ကြားတယ်။ အဓိက ပြောချင်တာကတော့ လုပ်နေကြ အလုပ်တွေပဲ ဖြစ်တယ်။ အီးယူက ပိတ်ပေမယ့် ဗြိတိန်လို လိုက်မပိတ်တဲ့ နိုင်ငံတွေလည်း ရှိတာပဲ”ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ တပ်မတော်သည် Standard Army တည်ဆောက်နေတာ ဖြစ်တယ်။ နိုင်ငံတကာ အဆင့် မီ တပ်မတော် တည်ဆောက်နေတာ ဖြစ်တယ်။ နိုင်ငံရေး သိက္ခာအရကတော့ ထိခိုက်တယ်။ ရပ်တည်မှုနဲ့ သိက္ခာအရ ကတော့ ထိပါးတယ်လို့ပဲ ပြောချင်တယ်”ဟု ပြောသည်။
ပိတ်ဆို့ခံရသူများထဲတွင် ပါဝင်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောမှာ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ် ဆင်ရေး အထူးအဖွဲ့ မှူးအဖြစ် တာဝန်ယူခဲ့သူတဦး ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည် ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ၎င်းကို တပ်မတော်က တာဝန်မှ အနားပေးခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် DSA အပတ်စဉ် ၂၄ မှ ဖြစ်ပြီး တပ်မ ၃၃ တပ်မှူး၊ ၂၀၁၀ ခုနှစ်တွင် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တာဝန်ယူခဲ့ပြီးနောက် စစ်ဆင်ရေး အထူး အဖွဲ့ မှူးအဖြစ် တာဝန်ယူခဲ့သူတဦး ဖြစ်သည်။
ထို့ပြင် ဗိုလ်ချုပ် ညီညီဆွေနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ ရဲမှူးချုပ် သူရစန်းလွင်တို့ကိုလည်း အရေးယူမှုများ ရှိခဲ့သည်။
ယခု ဗြိတိန် အစိုးရက ပိတ်ဆို့မှု သက်တမ်းတိုးကြောင်း ကြေညာချက်တွင် ပါဝင်သူများမှာ ယခင် အရေးယူခဲ့သူများ သာ ဖြစ်ပြီး အသစ်ထပ်တိုး၍ အရေးယူသူ မရှိကြောင်း၊ တပ်မတော်ကလည်း ရခိုင်ဖြစ်စဉ်အပြီးတွင် ယခု ပိတ်ဆို့ခံရသူ စာရင်းတွင် ပါဝင်သူတချို့ကို အရေးယူမှုများ ရှိခဲ့ကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ ၏ ဒါရိုက်တာ ဦးသိန်း ထွန်းဦးက ပြောသည်။
“တချို့ လူတွေလည်း ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီး အရေးယူခံထားရတာတွေ ရှိတယ်။ သူတို့ (ဗြိတိန်) အနေနဲ့က တိုး တာက တိုးတာပဲ။ ထူးထူးခြားခြား သိပ်သက်ရောက်မှု ရှိမယ်လို့ မထင်ဘူး”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
သို့သော် တခုသတိထားရမည်မှာ ယခုရက်ပိုင်းတွင် ARSA လှုပ်ရှားသည့် မေယုတောင်တန်း အနောက်ဘက်ခြမ်းတွင် ပါ ရက္ခိုင့် တပ်မတော် (AA) လှုပ်ရှားလာကြောင်း၊ ARSA ပါ ပြန်လှုပ်ရှားပါက နိုင်ငံတကာ ဖိအားများကြောင့် တပ်မတော် အနေဖြင့် သတိထားရမည့် အခြေအနေတွင် ရှိကြောင်း ၎င်းက ထောက်ပြသည်။
“ARSA ကလည်း ကျနော်တို့ သိရသလောက် အင်အားစုပြီးတော့ ပြန်လှုပ်လာဖို့ ရှိတယ်။ နောက်တခုထပ် သတင်း ကြားတာက အတည်တော့ ပြုလို့ မရသေးဘူး။ AA နဲ့တောင် နည်းနည်း ပေါင်းသွားတဲ့သဘော ရှိတယ်လို့ ကြားတယ်။ ဒါကတော့ လက်ရှိရထားတဲ့ အခြေအနေပါ”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
အနောက်နိုင်ငံတချို့က တပ်မတော်အပေါ် ယခုလို ပိတ်ဆို့ အရေးယူမှုသည် အကျိုးမရှိသည့် အပြင် နောက်ဆက်တွဲ အနေဖြင့် ၎င်းနိုင်ငံများနှင့်အဝေးသို့ တွန်းပို့လိုက်သလို ဖြစ်သွားပြီး နိုင်ငံတကာ တပ်မတော်၏ အစဉ်အလာ၊ နည်းနာ များနှင့် ပိုဝေးသွားစေကြောင်း နိုင်ငံရေးသုတေသီ၊ တပ်မတော်အရာရှိဟောင်း ဒေါက်တာ အောင်မျိုးက ပြောသည်။
ဒေါက်တာ အောင်မျိုး “ကျနော်တို့နိုင်ငံက ပွင့်လင်းမြင်သာမှုနည်းတယ်။ တပ်မတော်မှာ အစဉ်အလာကို မရှိတာ။ ဒါကို အစဉ်အလာ ဖြစ်လာအောင် လက်ခံလာအောင် သိမ်သွင်းဖို့ ဖျောင်းဖျဖို့က သူတို့ အလုပ်ဗျ။ ဝိုင်းပယ်ဖို့ မဟုတ်ဘူး။
အခုက ဝိုင်းပယ်လေ အဲဒီ အစဉ်အလာတွေနဲ့ ဝေးလေ။ သူတို့လိုချင်သလို မဖြစ်လေပဲ”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
ဗြိတိန်အစိုးရသည် ပြဿနာကို ဖြေရှင်းလိုသည့် သဘောထက် ယခုလို လုပ်ရပ်များကို အရေးယူနေကြောင်း ပြချင် သည့် သဘောဖြစ်ကြောင်း၊ ကမာ္ဘကို အပြကောင်းအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
ဒေါက်တာ အောင်မျိုးက “ရာဇဝတ်မှု ကျူးလွန်မိတဲ့ တပ်ကလူတွေကိုလည်း အရေးယူမှု အပိုင်းတွေ ရှိလာတယ်။ ဒါ က ကောင်းတဲ့အလုပ်ပါ။ ကျနော်တို့က စစ်တပ်အပေါ်မှာ ဘာနားလည်ဖို့ လိုလဲဆိုတော့ ကျနော်တို့ကသာ လူ့အခွင့် အရေး ပြောနေပေမယ့် AA က အရပ်ဝတ်နဲ့ ထွက်ပစ်တဲ့အခါကျတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲ”ဟု မေးခွန်း ထုတ်သည်။
ယခု ပိတ်ဆို့မှု ခံရသူများကိုလည်း အမေရိကန် ပြည်ထောင်စုက ဗြိတိန်နိုင်ငံ နည်းတူ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့ထားပြီး ဖြစ်သည်။
သို့သော် ထိုအရာရှိများသည် အမေရိကန် ပြည်ထောင်စုသို့သွားရောက်မည့် အစီအစဉ် မရှိသကဲ့သို့ ပိတ်ဆို့ခံရသူ အရာရှိများသည်လည်း အမေရိကန်ပြည်ထောင်စုတွင် မည်သည့် ပိုင်ဆိုင်မှုမျှ မရှိသောကြောင့် ယခုလို အရေးယူခြင်း သည် မည်သည့် သက်ရောက်မှုမျှ မရှိကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ် လစ်တနာက၂၀၁၈ ခုနှစ်က Asia Times တွင် သုံးသပ်ရေးသားထားသည်။
၎င်းက ယခုလို ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ ကာကွယ်မှုအတွင်း တွန်းပို့ရာရောက်သည့် ပထဝီ နိုင်ငံရေး အန္တရာယ် ရှိသည်ဟု ရေးသားခဲ့သည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော်ရဲ့ လက်နက်ခဲယမ်းစနစ်က သူတို့ စိတ်ချရတဲ့ နိုင်ငံတွေကနေ ဝယ်ရတာပဲ။ အဲဒါကြောင့် တပ်မတော်ရဲ့ လက်နက်ခဲယမ်းတွေက အရှေ့ အုပ်စု နိုင်ငံတွေရဲ့ လက်နက် ခဲယမ်းတွေ ဖြစ်နေတာပဲ”ဟု ဧရာဝတီသို့ ပြောဆိုသည်။