ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA)တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသော စစ်ဘေး ရှောင် ဒုက္ခသည်များ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ အစိုးရ အသိအမှတ်ပြု ဒုက္ခသည်စခန်းသို့ လာရောက်လျက် ရှိကြောင်း အဆိုပါ ဒုက္ခသည်များထံမှ သိရသည်။
ပလက်ဝမြို့နယ် မွန်ထောင်းရွာဘက်မှ အများစုဖြစ်ပြီး ကျောက်တော်မြို့နယ် ကန်စောက်ရွာရှိ ဒုက္ခသည် စခန်းသို့ ရောက်ရှိ လာသည့်လူဦးရေ ၁၂ဝ ကျော်ရှိနေကာ လက်ရှိအချိန်အထိ လူဦးရေ ရာနှင့်ချီ ဆက်လက်လာရောက်နေကြောင်း၊ လေယာဉ် များဖြင့် နေအိမ်များကို ပစ်ခတ်မှုများ ပြုလုပ်နေ၍ ယခုကဲ့သို့ တိမ်းရှောင် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်ဖြစ်သူ ပလက်ဝမြို့နယ် စိမ်းစမ်းရွာမှ ဦးဇော်ဇော်က ပြောသည်။
ဦးဇော်ဇော်က“ကျနော်တို့ရွာမှာတော့ အိမ်တွေကို လေယာဉ်တွေနဲ့ ပစ်နေတာ။ အိမ်တော်တော် များများက မီးလောင်ကုန်ပြီ။ ရှိတဲ့ အိမ်တွေပေါ်လည်း တပ်မတော်သားတွေက တက်နေတော့ ကျနော်တို့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ ပထမ ဗုံးကျဲတုန်း က အိမ်က ၉ လုံး။ နောက်ထပ်လည်း စစ်ဖြစ်နေတော့ ကျနော်တို့ ပြေးလာတာ”ဟု ပြောပြသည်။
၎င်းတို့သည် ကျောက်တော်မြို့နယ် အပေါက်ဝရွာရှိ စာသင်ကျောင်းသို့ ရောက်ရှိခဲ့သော်လည်း အစိုးရ တရားဝင် အသိအမှတ် ပြု ဒုက္ခသည်စခန်း မဟုတ်သည့်အတွက် ကန်စောက်ရွာရှိ အစိုးရ အသိအမှတ်ပြု ဒုက္ခသည်စခန်းသို့ ထပ်မံ လာရောက် ခဲ့ရ ကြောင်း သိရသည်။
ထို့ပြင် ပလက်ဝမြို့နယ် မွန်ထောင်းရွာ၊ စိမ်းစမ်းရွာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည် ၄ဝဝ ကျော် လည်း လမ်းတွင်ပင် ရှိနေသေးကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များက ပြောသည်။
ထိုသို့ ကျောက်တော်မြို့နယ် အပေါက်ဝရွာရှိ ဒုက္ခသည်များခိုလှုံရာ စခန်းများကို မည်သည့် အတွက်ကြောင့် ပြည်နယ် အစိုးရ အနေဖြင့် ဒုက္ခသည်စခန်းအဖြစ် အသိအမှတ်မပြုရခြင်း အကြောင်းရင်းကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံ ရေး ဝန်ကြီး ဗိုလ်မှူးကြီး မင်းသိုက်ထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထို့ပြင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံသို့ လည်း ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို အသိအမှတ်မပြုရခြင်းနှင့် ပတ်သက်ပြီး ၂ ရက်ဆက်၍ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ထိုကဲ့သို့ အစိုးရအဖွဲ့မှ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသည့် ဒုက္ခသည်စခန်းများ ရှိနေသည့်အတွက် စစ်ဘေးရှောင် များကို အစိုးရ၏ အထောက်အပံ့များ၊ လူမှုရေးအဖွဲ့၏ အကူအညီများနှင့် ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများ၏ အကူ အညီများ ပေးရန် အခက်အခဲရှိကြောင်း ရခိုင်ပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက“ကျနော်တို့လည်း ဘာ့ကြောင့်ဆိုတာ မသိဘူး။ နောက်တခုက ပြည်နယ်အစိုးရ အနေနဲ့လည်း ပြည်ထောင်စုရဲ့ လမ်းညွှန်မှုအတိုင်းပဲ လုပ်တာ။ ကျန်တာတော့ ကျနော် မသိသေးဘူး”ဟု ပြောဆိုသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကျပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း မည် သည့် အတွက်ကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာစခန်းများကို အသိအမှတ်မပြုသည်ကို မိမိတို့မသိကြောင်း၊ သို့ရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မည်သည့် စစ်ဘေးရှောင်များကိုမဆို ထောက်ပံ့ကူညီရေး ပြုလုပ်ပေးလျက် ရှိကြောင်း ပြော သည်။
ဒေါက်တာ ဝင်းမြတ်အေးက“ကျနော် အဲ့ဒီ ပလက်ဝကနေ ကျောက်တော်၊ အပေါက်ဝအထိ ဆင်းလာတဲ့ စစ်ဘေးရှောင် သတင်း မသိသေးဘူးဗျ။ ကျနော်မေးပေးမယ်။ ကျနော်တို့က အခု ပလက်ဝအထိ ရိက္ခာတွေ ရောက်အောင်တော့ ပို့နေ တယ်။ တချို့နေရာတွေမှာ စုပုံတာတွေလည်း ရှိတော့ရှိတယ်။ ကျနော်တို့က တိုက်ပွဲရှောင်တွေကို ထောက်ပံ့ပေးဖို့ တာဝန်ပဲ ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတာ သက်ဆိုင်ရာ နယ်မြေ အုပ်ချုပ်ရေးတွေကို မေးမှရမယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး“ကျနော်တို့ကတော့ စဉ်ဆက်မပြတ် သတင်းကြိုတင်ရယူပြီး ရိက္ခာတွေ ပို့နေတာပါပဲ။ အဲ့ဒီ စခန်းတွေ ကို တရားဝင် အသိအမှတ်ပြုလား မပြုလားဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။ ကျနော် မသိဘူး”ဟုလည်း ပြောဆို သည်။
၂ဝ၂ဝ ပြည့်နှစ်အတွင်း နှစ်ဆန်းပိုင်းမှစတင်ပြီး ယခုလအထိ ရခိုင်ပြည်နယ်အတွင်း အနယ်နယ် အရပ်ရပ်မှ စစ်ဘေးရှောင် လာသော ဒုက္ခသည်များ ၁ သိန်း ၇ သောင်း ကျော်အထိ ရောက်ရှိလာ နေပြီဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ဒုက္ခသည် စခန်းပေါင်း ၁၄ဝ ကျော်အထိ ရှိနေ သည်ဟု ရခိုင် တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (Rakhine Ethnic Congress ) ၏ စာရင်းများအရ သိရသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း ၃ သောင်း ၆ ထောင်ကျော် ရှိနေသည်။
စစ်ဘေးဒဏ် သင့်သူပေါင်း ၆ သောင်းခန့် ရှိကြောင်းလည်း ချင်းပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၅ ရက်မှ စ၍ မတ်လ အထိ တပ်မတော်နှင့် AA တို့ကြား ကုလားတန်မြစ်ကြော တလျှောက်တွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားရာ ပလက်ဝနှင့် ကျောက်တော်သို့ ဆက်သွယ်သည့် ရေလမ်း၊ ကုန်းလမ်း အားလုံးလည်း ပြတ်တောက် သွားခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
ပလက်ဝက စစ်ဘေးရှောင် ၃ ထောင်ကျော် ဆန်ပြတ်နေပြီ
စစ်ရှောင်များ အတွက် ဆန်အိတ် ၈၀၀ ကျော် ပလက်ဝ ရောက်ပြီ