ကူးစက်မြန် ကပ်ရောဂါ COVID-19 ကြောင့် မြန်မာ့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှ အလုပ်လက်မဲ့ဦးရေသည် ၅ သိန်းကျော်အထိ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) က သိရသည်။
လက်ရှိအချိန်တွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ အားလုံးလိုလိုသည် ရပ်ဆိုင်းထားလျက်ရှိခြင်းကြောင့် ဝန်ထမ်း ဦးရေကို ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခြင်းနှင့် ဆက်လက် ခန့်အပ်ထားသည့် ဝန်ထမ်းများ၏ လစာနှုန်း ထားများကို လျှော့ကာ လုပ်ငန်း ရပ်တည်ရေး ကြိုးစားနေရကြောင်း UMTA ၏ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဧရာ ဝတီသို့ ပြောသည်။
၎င်းက “လုပ်ငန်း မသေသွားအောင် ဆက်ရပ်တည်နိုင်ဖို့ အတွက်ပဲ လုပ်ကြတဲ့အတွက် ဝန်ထမ်းဦးရေ များတဲ့ ကုမ္ပဏီသည် ပိုလျှော့တယ်။ နဂိုကတည်းက ၁၀ ယောက်လောက်ပဲ ရှိတဲ့ ကုမ္ပဏီကျတော့လည်း ထပ်လျှော့လို့ကို မရတော့တာကြောင့် လစာကို လျှော့ပေါ့” ဟု ဆိုသည်။
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ပါဝင်သော လေကြောင်းလိုင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဧည့်လမ်းညွှန်၊ ခရီး သွား ကုမ္ပဏီ အစရှိသည့် လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသော (Direct Employment)လုပ်သား ဦးရေသည် ၈ သိန်း ဝန်းကျင်ရှိပြီး ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ်နေသော မြင်းလှည်း၊ စက်လှေနှင့် ရက်ကန်း လုပ်ငန်းများမှ (Indirect Employment) လုပ်သားများကိုပါ ထည့်သွင်း တွက်ချက်ပါက လုပ်သားဦးရေသည် ၁၂ သိန်းမှ ၁၅ သိန်း ဝန်းကျင်အထိ ရှိကြောင်း UMTA က ခန့်မှန်းထားသည်။
ဦးနောင်းနောင်းဟန်က “ဒီကြားထဲမှာ မတောင့်နိုင်တဲ့ သူတွေကတော့ ဒီလိုပဲ တဖြုတ်ဖြုတ်နဲ့ ဆင်းသွားကြမှာပဲ။ ၄ လပိုင်း ကုန်ပြီလို့ ဒီ ၅ လပိုင်း ၆ လပိုင်းဆိုရင် စောင့်ရင်းစောင့်ရင်းနဲ့ ဒီထက်ပိုပြီး အခြေအနေ ဆိုးလာတော့မယ်” ဟု ပြောဆို သည်။
လက်ရှိ အချိန်တွင် COVID-19 ရိုက်ခတ်မှုကြောင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ၌ အလုပ်လုပ်ကိုင်နေသော လုပ်သားဦးရေ၏ ထက်ဝက်ခန့်သည့် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်း က “ မတ်လတုန်းကတော့ တော်တော်များများက ၇၀ ရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်းကြား လစာပေးကြသေးတယ်။ ဧပြီရောက်တော့ တချို့လည်း၂၀ နဲ့ ၅၀ ကြားပဲ ပေးနိုင်တော့ တယ်။ အခု လာမယ့် မေလလောက်ဆိုရင် အခြေအနေတွေ ပိုပေါ်လာနိုင်တယ်” ဟု ပြောသည်။
COVID-19 သည် မြန်မာနိုင်ငံ သာမက တကမ္ဘာလုံးသို့ ရိုက်ခတ်နေခြင်းကြောင့် ရောဂါကို လာမည့် သုံးလအတွင်း ထိန်း ချုပ်နိုင်လိုက်သည့်တိုင် မြန်မာ့ခရီးသွား လုပ်ငန်းသည် ၂၀၂၃ ခုနှစ်မှသာ ပုံမှန်ကဲ့သို့သော အခြေအနေမျိုး ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။
ဦးခင်အောင်ထွန်းက “လူတွေက ကျန်းမာရေးနဲ့ စားဝတ်နေရေးကို ဦးစားပေးပြီးတော့မှ ခရီးထွက်ကြမှာကို အရင်လို အစု အဖွဲ့လိုက် ခရီးသွားတွေကတော့ သိသိသာသာကို လျှော့ကျသွားမှာတော့ အမှန်ပဲ” ဟု ဆိုသည်။
မြန်မာနိုင်ငံသို့ ခရီးသွား အဓိက ဝင်ရောက်နေသော ဥရောပနိုင်ငံတွင် COVID-19 ကူးစက် ပြန့်ပွားမှု မြင့်တက်ခြင်း၊ ထို နိုင်ငံများတွင် အလုပ်လက်မဲ့လူဦးရေ များပြားလာခြင်းတို့ကြောင့် လာမည့်နှစ်များအတွက် ထိုနိုင်ငံများမှ ခရီးသွား ဝင် ရောက်မှုများ ဆက်လက် ကျဆင်းနေမည်ဖြစ်သလို ပြည်တွင်း၌လည်း အလားတူ စီးပွားရေး ရိုက်ခတ်မှုများနှင့် အလုပ် လက်မဲ့ပြဿနာများကြောင့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်ရန် မမျှော်မှန်းနိုင်သေးကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ ခန့်မှန်း တွက်ချက်ထားမှုအရ ရောဂါထိန်းချုပ်မှုသည် အချိန်တိုအတွင်း ပြီးစီး သွားပါက နောက် ၆ လတွင် ခရီးသွားလုပ်ငန်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြန်လည် စတင်နိုင်လာမည် ဖြစ်ပြီး ၉ လ ကြာ ချိန်မှာသာ ခရီးသွားလုပ်ငန်း အားလုံးလိုလိုသည် လုပ်ငန်းပြန်လည် စတင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ခရီးသွား လုပ်ငန်း အခြေပြု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ပုဂံမြန်မာ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးမျိုးမင်းဦးက “ကျနော်တို့ ကတော့ ဒီလိုအချိန်မှာ အရှုံးထဲက အမြတ်ထွက်အောင် လာမယ့် ရာသီတွေမှာ ပိုပြီးကောင်းအောင်ဆိုပြီး လုပ်ငန်းကို ရပ် နားထားတယ်လို့ သဘောမထားဘဲ လုပ်ငန်း အသစ်စဖို့ ကြိုပြင်ဆင်တဲ့ သဘောမျိုးလုပ်ပြီး အစီအစဉ် အသစ်တွေ ပြန်ဆွဲ၊ ဝန်ထမ်းတွေကို ကျွမ်းကျင်မှု သင်တန်းတွေ ပေးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကုမ္ပဏီ အနေဖြင့် လတ်တလောတွင် ဝန်ထမ်းများ လျှော့ချခြင်းနှင့် ဝန်ထမ်းလစာများ လျှော့ချခြင်းမျိုး မရှိသေး ကြောင်း၊ ဝန်ထမ်းများကို ၁၅ ရက်ဆင်း ၁၅ ရက်နားသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဦးမျိုးမင်းဦးက “နိုင်ငံတော်ကလည်း လုပ်ငန်းတွေ ပြန်တောင့်တင်းလာဖို့ သူလည်း လုပ်တော့ လုပ်ပေးနေတာပဲ။ ဒါပေမယ့် သူ့ ဘက်မှာလည်း လုပ်ရမယ့်ဟာတွေ အရမ်းများတယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုကြိုပြီးတော့ ပြင်ဆင်မလဲဆို တဲ့ ခေါင်းစဉ်နဲ့ ချနေရတာပေါ့” ဟု ဆိုသည်။
လက်ရှိ အချိန်တွင် အစိုးရအနေဖြင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ လက်ခစား CMP လုပ်ငန်းနှင့် အသေးစား အလတ် စား လုပ်ငန်းများအတွက် ကျပ် ၁၀၀ ဘီလီယံကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး လတ်တလောတွင် လုပ်ငန်း ၂၀၀ ကျော်ကို ထုတ်ချေးပေးထားလျက် ရှိသည်။
သို့သော်လည်း လုပ်ငန်းရှင်များ အမှန်တကယ် လိုအပ်သော ချေးငွေပမာဏ မရရှိဘဲ လျှောက်ထားသည့် ပမာဏထက် လွန်စွာ နည်းပါးသည့် ပမာဏကိုသာ ပြန်လည် ချထားပေးခြင်းကြောင့် တချို့ခရီးသွား လုပ်ငန်းများသည် ၎င်းတို့ လျှောက်ထားရရှိသော ချေးငွေကို မယူတော့ဘဲ ပြန်လည် အပ်ခြင်းများ ရှိနေသည်။
ပြီးခဲ့သည့်၂၀၁၉ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၀ ကျော်မှ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု သည် နယ်စပ်အပါအဝင် လေကြောင်း၊ အပျော်စီး သင်္ဘောနှင့် ဗီဇာတို့ဖြင့် ဝင်ရောက်ခဲ့သည် ခရီးသွားဦးရေသည် ၄ သန်း ကျော်အထိ ရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်-
မြန်မာ့စီးပွားရေး ကုစားရန် အစိုးရချေးငွေ ဒုတိယအသုတ် ထပ်ချေးပေးမည်
ပြည်တွင်းဘဏ်များအပေါ် ကန့်သတ်ချက် အချို့ ဗဟိုဘဏ် ဖြေလျှော့ပေး