ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကားပစ်ခတ်ခံမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ယနေ့ ဧပြီလ ၂၈ ရက်နေ့ ရက်စွဲဖြင့် စုံစမ်း စစ်ဆေးရေး ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ရာ လေ့လာစောင့်ကြည့်သူများက အပြုသဘောဆောင်ကြိုဆိုကြသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်မတီတွင် ဥက္ကဌအဖြစ် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်ရေးဆိုင်ရာကော်မတီမှ ဦးစော ကတာဝန်ယူထားပြီး၊ အဖွဲ့ဝင်များ အဖြစ် ကမ္ဘာ့ကုလ အကြီးတန်း အကြံပေး ပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာစုစုသာထွန်း၊ လူမှုဝန်ထမ်း ကယ်ဆေးရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်၊ အတွင်းရေးမှူး အဖြစ် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးကြီး ထိန်လင်းတို့ ပါဝင်သည်။
ရခိုင်အမျိုးသားပါတီ (ANP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခု ဖွဲ့စည်းလိုက် သည့် ကော်မတီတွင် လွတ်တော်ကိုယ်စားလှယ်က ဥက္ကဌ အဖြစ် ပါဝင်သည့်အတွက် ဖွင့်လင်း မြင်သာမှုရှိနိုင်သည်ဟု ယူဆရကြောင်း ဧရာဝတီသို့ ပြောသည်။ သို့သော် အစိုးရနှင့် တပ်မတော်က ပစ်ခတ်မှုမှာ AA လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ပြီး ဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် နိုင်ငံတကာ ဖိအား လျှော့သွားအောင် ဟန်ပြသဘောပဲ လုပ်မလား ဆိုသည်ကို သတိထားစောင့်ကြည့်ရန် လိုအပ် ကြောင်း ပြောသည်။ ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်အနေဖြင့် မွတ်ဆလင်များကို ပြုကျင့်ခဲ့သည့်အတိုင်း စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီက မကြာသေးခင်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ ပထမတုန်းကတော့ အစိုးရနဲ့ တပ်မတော်တို့က AA ပစ်တာလို့ ထုတ်ပြန်ပြီးသား ဖြစ်တယ်။ အခုမှ စုံစမ်း စစ်ဆေးရေး လုပ်မယ်ဆိုတာက နိုင်ငံတကာ ဖိအားကို ဖြေရှင်းချင်လို့ ၊ ဖိအားကို ချောင်လွဲချင်လို့ သက်ရောက်မှု အားနည်းအောင် လုပ်တာလို့ ယူဆတယ်။ ကျောက်တန်း( ရသေ့တောင် ) ကိစ္စမှာလည်း အစိုးရက ကော်မရှင် ဖွဲ့စည်းပြီးတော့ စစ်တယ်။ နောက်ဆုံးမှာ အဖြေလည်း မရ။ ရွာသားတွေ ဘက်ကပဲ အမှားဖြစ်တယ်။ အခုကိစ္စမှာတော့ လွှတ်တော် ကိုယ်စားလှယ် က ဦးဆောင်ပါဝင်တယ်ဆိုတော့ အနည်းအကျဉ်းတော့ ပွင့်လင်း မြင်သာ မှုရှိမယ် လို့ ယူဆရတဲ့ အတွက် ကော်မရှင် ဖွဲ့စည်းတာကို ကြိုဆိုတယ်။ သို့သော်လည်း ဟန်ပြပဲ လုပ်မှာလား ဆိုတာတော့ ကျနော်တို့က သတိကြီးကြီးထားပြီးတော့ စောင့်ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ၎င်းကော်မတီတွင် အတွင်းရေးမှူး အဖြစ်ပါဝင်သော ဗိုလ်မှူးကြီး ထိန်လင်းနှင့် လူ/ ကယ်ပြန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့မှာ ရခိုင်ပြည်နယ်အတွင်း နှစ်ရှည် တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေမှန်များနှင့် အများပြည်သူများ ယုံကြည်လက်ခံနိုင်လောက်သည့် အစီရင်ခံစာ တခုထွက်ပေါ် လာမည်လားဆိုသည်ကို စောင့်ကြည့် ရမည်ဟုလည်း ဝေဖန်မှုများ ရှိသည်။
ထိုပစ်ခတ်မှုကို တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲကြသော်လည်း ကုလသမဂ္ဂအနေဖြင့် အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးရန် တောင်းဆိုထားကြသည်။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းမီဒီယာများနှင့် တပ်မတော်က ပစ်ခတ်မှုမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ကျူးလွန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တပ်မတော်၏ အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA အဖွဲ့က ကျူးလွန်ကြောင်း ထပ်မံ အခိုင်အမာ ပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့ပြီး များမကြာမီ ယခု စုံစမ်းရေးကော်မတီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေး သုတေသီ ဒေါက်တာအောင်မျိုးက “ ဒီကိစ္စကတော့ အဖြစ်မှန် ပေါ်နေပြီးသား WHO ကား ပစ်ခတ်ခံရတာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂက ပါလာတဲ့အခါကျတော့ တတ်နိုင်သမျှ တပ်က စကား ကိုပဲ နားထောင်တာမဟုတ်ဘဲနဲ့ တခြားလူတွေ ပါ ပါလာပြီးတော့ ဒီ အဖြစ်မှန်ကို Confirmation လုပ်တဲ့သဘောပါပဲ ။ ပိုပြီးတော့ သေချာအောင် သက်သေ အထောက်အထားနဲ့ ခိုင်မာအောင် လုပ်တဲ့ သဘောပါပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ဖြစ်စဉ် ၊ ဖြစ်ပွားခဲ့သည့် နေရာ၏ နောက်ခံ အခြေအနေ ၊ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်း ၊ ဖြစ်စဉ် အသေးစိတ် စသည်တို့ကို သိရှိနိုင်ရန် ဖြစ်စဉ်နေရာသို့ သွားရောက်၍ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခြင်း ၊ WHO မော်တော်ယာဉ် တိုက်ခိုက်ခံရခြင်း များအတွက် ၊ မျက်မြင်သက်သေများ ၊ အထောက်အထားများ ၊ ရှာဖွေ စုံစမ်း၍ ထွက်ဆိုချက်များ ရယူခြင်း စသည့် တို့ ပါဝင်သည်။
ယင်းအပြင် စုံစမ်း စစ်ဆေးမှုများ မှန်ကန်ပြည့်စုံရေးအတွက် ရင်ခွဲ စစ်ဆေးချက်များ ၊ မှုခင်းကျွမ်းကျင် သူများ ၊ စစ်လက်နက် ဆိုင်ရာ ကျွမ်းကျင်သူများ ၊ အခြားကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက် သဘောထားများကို ရယူုခြင်း ၊ WHO ကားပစ်ခတ် တိုက်ခိုက်ခံရခြင်းနှင့် အရပ်သား ပြည်သူများ မထိခိုက်စေရေး အတွက် အကြံပြုချက်များ တင်ပြရမည်ဟု ဖော်ပြပါရှိသည်။
နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်သည့် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မတီ အနေဖြင့် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်ရွာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ၊ သက်သေခံ ဥပဒေတို့နှင့်အညီ စုံစမ်း စစ်ဆေးနိုင်သည့်အပြင် တပ်မတော် ၊ ရဲတပ်ဖွဲ့ ၊ အထွေထွေ အုပ်ချုပ်ရေး အရာရှိသူများ အပြင် လိုအပ် သော ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်း ၊ စာရွက် စာတမ်း တောင်းယူခြင်းနှင့် လိုအပ်သည့် နေရာများ သို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက် ခွင့် ရှိကြောင်း ၎င်းကော်မတီ၏ လုပ်ပိုင်ခွင့်ထဲတွင် ဖော်ပြပါရှိသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မတီ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတထံ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ တင်သွင်းပြီးချိန်ထိ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧပြီလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း မင်းပြားမြို့နယ် ရာမောင်တံ တားအနီးဝန်းကျင်တွင် ကမ္ဘာ့ကျန်းမာရေးဌာနအဖွဲ့ (WHO) ကားတစီး ပစ်ခတ်ခံရသည့်အတွက် ဝန်ထမ်းဖြစ်သူ ကားဒရိုင်ဘာ ကို ပြည့်စုံဝင်းမောင် မင်းပြားဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးပြီး ကျန်းမားရေး ဝန်ထမ်း ကိုအောင်မျိုးဦး မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံတွင် တက်ရောက် ကုသနေရသည်။
အဆိုပါ ပစ်ခတ်ခံရသည့် WHO ကားမှာ ရခိုင်ပြည်နယ်အတွင်းမှ ကိုဗစ် ၁၉ သံသယ လူနာများ၏ ဆေးစစ်ချက်နမူနာများကို စစ်တွေမှနေ ရန်ကုန်သို့ သွားရောက်ပို့ဆောင်စဉ် ထိုသို့ ပစ်ခတ်ခံရ ခြင်း ဖြစ်သည်။
နောက် တနေ့ ဧပြီလ ၂၁ ရက် နေ့လည်ပိုင်းကတည်း ရန်ကုန်မှနေ စစ်တွေသို့ လာရောက်သည့် CPS ပိုးသတ်ဆေးကုမ္ပဏီမှ ကားတစီးမှာ အဆိုပါ မင်းပြားမြို့နယ် ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွက် ထပ်မံ အပစ်ခံရသည့်အတွက် ကားပေါ်တွင် လိုက်ပါလာသည့် ဝန် ထမ်း၂ ဦးတွင် ကိုနွယ်နွယ်မောင်မှာ ယင်းနေရာတွင် သေဆုံးခဲ့ပြီး ကိုဟိန်းထက်ဦးမှာ စစ်တွေ ဆေးရုံတွင် ကုသမှုခံယူနေရင်း ဧပြီလ ၂၆ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
WHO ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်မှုသက်သက်မျှသာ
ရခိုင်မြောက်ပိုင်းအရေး သက်သေအထောက်အထားများ မဖျက်ဆီးရန် သမ္မတရုံး ညွှန်ကြားထား