COVID-19 ကပ်ရောဂါ ရင်ဆိုင်နေရသော မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ကို ကော်မရှင်(UEC) နှင့် အစိုးရကပဲ တဖက်သတ် ဆုံးဖြတ်ခြင်းထက် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်း၍ သဘော တူညီ ချက် ယူပြီးမှသာ ဆုံးဖြတ်စေချင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနေသူများနှင့် ပါတီများက ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အချိန်ဇယားများ အတိုင်း ကျင်းပသွားနိုင် ဖွယ် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ ရက် မြန်မာ့ အသံနှင့် မေးမြန်းချက်တွင် ထည့်သွင်း ပြောကြားထားသည်။
ယခု ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် တတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမ နှင့် ဒုတိယ အကြိမ်ဖြစ်သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇၊ ၈ ရက်တို့တွင် ကျင်းပခဲ့ကြောင်း၊ ထိုစဉ်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာရာ၌ ၂၀၁၀ တွင် ၂ လနှင့် ၄ ရက် အလို၊ ၂၀၁၅ တွင် ၄ လ အလိုတို့၌ ကြေညာ ပေးခဲ့ကြောင်း ဦးမြင့်နိုင်က ရှင်းပြထားသည်။
၎င်းက “အခုလည်းပဲ ၂၀၂၀ အတွက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှာကို ကြေညာမယ့်ရက်ကတော့ အရင်က ကြေညာ ခဲ့တာတွေ နမူနာယူပြီး အဲဒီအတိုင်း လိုက်နာပြီး ကြေညာမှာပေါ့” ဟု ဆိုသည်။
UEC မှ ပြောရေးဆိုခွင့်ရှိသူ တဦး၏ ယခုလို ထုတ်ဖော်ပြောဆိုချက်သည် မည်သို့ခန့်မှန်းရမည် မသိကြောင်း၊ ရွေး ကောက်ပွဲဟူသည် တိုင်းပြည်တပြည်၏ ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးနှင့် အခြေခံ အကျဆုံးဖြစ်သော လုပ်ငန်းစဉ် ဖြစ်ရာ အရိပ်အယောင် ပေးခြင်းထက် တိကျသည့် လုပ်ငန်းစဉ်များကို ပိုမိုရှင်းလင်းစွာ ထုတ်ဖော်ပြောဆို သင့်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ ဖြစ်သည့် PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က “ဒီလုပ်ငန်း စဉ်ကို တနိုင်ငံလုံးမှာရှိတဲ့ ပါဝင်ပတ်သက်ကြမယ့် သူတွေအားလုံးက ခန့်မှန်းနေရတယ် ဆိုကတည်းက ပြဿနာ ရှိ တယ်။ အမှန်ဆို ကျနော်တို့ အခု လုပ်ဖို့စဉ်းစားနေတယ်။ စပြီးတော့မှ လုပ်မယ် စသဖြင့် ဒီလို မက်ဆေ့မျိုး ပေးတာ ပိုကောင်း တာပေါ့။ ဘာတွေလုပ်နေပါပြီ ဆိုတဲ့ တိကျတဲ့ လုပ်ငန်းစဉ်ပေါ့”ဟု ပြောသည်။
ကော်မရှင်အနေဖြင့် COVID-19 ကပ်ရောဂါကာလအတွက် မည်သို့ တုံ့ပြန် ဆောင်ရွက်မည်၊ စီစဉ်ထားသည် ဟူသော လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်း ပြောဆိုသွားခြင်း မရှိကြောင်း ၎င်းက ထောက်ပြသည်။
အကယ်၍ ကပ်ရောဂါ ကာလအတွင်း ရွေးကောက်ပွဲကို ဆက်လက် ကျင်းပမည်ဆိုလျှင် လူစုလူဝေး ဖြစ်စေနိုင်သည့် မဲစာရင်း ကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းကစ၍ မည်သို့ စီစဉ်ထားပြီးပြီ၊ အသိပညာပေးခြင်းကအစ အွန်လိုင်းပေါ်ကနေ ပြုလုပ်ရမည်ဆိုလျှင် ထိုအရာများအတွက် မည်သို့ပြင်ဆင်ထားပြီ ဆိုသည်တို့ကို အသိပေးသင့် ကြောင်းလည်း စိုင်းရဲကျော်စွာမြင့်က ပြောသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း အစိုးရ အနေဖြင့် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို မည်မျှအထိ အာမခံချက်ရှိရန်၊ လုံခြုံမှုရှိရန် ပြင်ဆင် ထားနိုင်ပြီလဲ ဆိုသည်ကို လူထုအား ချပြရန် လိုအပ်သည်ဟု ပြောဆိုသည်။
၎င်းက “အဲဒီလို ကြိုတင်ပြင်ဆင်မှုတွေ မလုံလောက်ဘဲနဲ့ ရွေးကောက်ပွဲကာလ ရောက်လို့ တခြား နိုင်ငံရေး ပါတီများနဲ့လည်း တိုင်ပင်နှီးနှောခြင်း မရှိဘဲနဲ့ အာဏာရ အစိုးရ သဘောတခုတည်းနဲ့ လုပ်ဆောင်သွားမယ်ဆို ဝေဖန်ပိုင်းခြားစရာတွေ ဝိဝါဒ ကွဲပြားစရာတွေ အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်” ဟု ဆိုသည်။
လက်ရှိ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းကို ကြည့်ပါက အားရကျေနပ်ဖွယ်ရာ အနေအထားမျိုး မတွေ့ရ သေးဘဲ လူထုသည် စားဝတ်နေရေး အတွက်ရော၊ ကပ်ရောဂါ အန္တရာယ်အတွက်ပါ နှစ်ခုစလုံးကို တပြိုင်နက်တည်း ခံစားနေရသည်ဟုလည်း ဦးစိုင်းလိတ်က ပြောသည်။
၎င်းက “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အချိန်အတိုင်းအတာရ လုပ်ကိုလုပ်ရမှာပဲလေ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ ပြ ယုဂ်ထဲမှာ အင်မတန်အရေးကြီးတဲ့ သရုပ်သကန် တခုအနေနဲ့ ပါနေတာကိုး။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရေးအရကိုပဲ စဉ်းစားမလား။ နိုင်ငံတခုလုံးရဲ့ အကျိုးစီးပွားကို ထည့်တွက်မလားဆိုတာ ချိန်ညှိဖို့ လိုအပ်ပါတယ်” ဟု ပြောဆို သည်။
စိုင်းရဲကျော်စွာမြင့်ကလည်း ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကတည်းက စတင်ကာ ကနဦး ဆွေးနွေးမှု များ လုပ်ဆောင်သင့်နေပြီဟု အကြံပြုသည်။
အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း ပြင်ဆင်စရာများရှိရာ PACE အဖွဲ့အနေဖြင့် UEC နှင့် တွေ့ဆုံရန် ဧပြီ ၂၈ ရက်နေ့က ရက်ချိန်း တောင်းဆိုထားသည်ဟုလည်း ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကလည်း ယခင် UEC ဥက္ကဋ္ဌ ဦးတင်အေး လက်ထက်က၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာတွင် ကျင်းပပေးမည်ကို ၂၀၁၄ ဒီဇင်ဘာလ ကတည်း က နိုင်ငံရေးပါတီများနှင့် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုပြီး ပါတီများ ကြိုတင်ပြင်ဆင်ထားရန် အသိပေးခဲ့သည်ဟု ပြောသည်။
သို့သော် လက်ရှိ ကော်မရှင် ဥက္ကဋ္ဌ သည် နိုင်ငံရေးပါတီများကို ဘာမျှ မပြောသလို အစည်းအဝေးလည်း မခေါ်ကြောင်း၊ ရွေးကောက်ပွဲရက်ကို ဥပဒေနှင့်အညီ တရားဝင် ကြေညာရမည် ဖြစ်သော်လည်း အရိပ်အမြွက် သဘောပင် မပြောသည့် အခါနိုင်ငံရေး ပါတီများက ခန့်မှန်းခြေဖြင့်သာ ပြင်ဆင်နေရကြောင်း ၎င်းက ရှင်းပြသည်။
ဒေါက်တာ နန္ဒာလှမြင့် က “အခုလို ကိုဗစ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံသားတွေထက် အရေးကြီးတာ ဘာမှမရှိဘူး။ ကိုယ့်နိုင်ငံသားတွေရဲ့ ကျန်းမာရေး စီးပွားရေးထက် ဘာမှအရေးကြီးတာ မရှိဘူး။ ဒီရွေးကောက်ပွဲ လုပ်ခြင်း မလုပ်ခြင်းကလည်း အဓိက မကျဘူး။ ကျနော်တို့ နိုင်ငံသားတွေ အသက်အိုးအိမ် စည်းစိမ်နဲ့ စီးပွားရေးက အရေးကြီးတယ်။ ဒါကို နားလည်ပါတယ်” ဟု ပြောသည်။
UEC ၏ ထုတ်ဖော်ပြောဆိုမှုကို ကြိုဆိုပြီး ယခုလို ရွေးကောက်ပွဲ လုပ်ပါမည်ဆိုသော သဘောမျိုး ထွက်လာသည့် အခါ ပြည်သူများ၊ နိုင်ငံရေး ပါတီများ၊ လေ့လာစောင့်ကြည့်သူများ အနေဖြင့် သိခွင့်ရသွားပြီး ပြင်ဆင်စရာရှိသည်များ ဆောင်ရွက်ရေး ပိုမို အဆင်ပြေသွားကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း “ကော်မရှင် အနေနဲ့က သူ့ရဲ့မှန်းဆချက်ပေါ့လေ။ လုပ်နိုင်တယ်လို့ ယူဆတယ်ဆိုရင်တော့ ကြေညာရမှာပါပဲ။ အရေးကြီး တာက အဲဒီကိစ္စအပေါ်မှာ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီများနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်လို့ ယုံကြည်တယ်။ မညှိနှိုင်း ဘဲနဲ့တော့ လုပ်လို့မရဘူး” ဟု ၎င်း၏ တဦးတည်း သဘောထားကို ပြောပြသည်။
ဆက်လက်၍ မုံရွာ အောင်ရှင်က ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ သဘောထားကို ယူသင့်ကြောင်း၊ မတိုင်ပင် မဆွေးနွေးဘဲ ဆောင်ရွက်မည်ဆိုပါက စိန်ခေါ်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲသည် ယနေ့ ရင်ဆိုင်နေရသည့် ကပ်ရောဂါဘေး မည်သည့်အချိန်တွင် ပြီးဆုံးမလဲ၊ သက်သာနိုင်မလဲ ဆိုသည့်အပေါ် အခြေခံ ကာ စဉ်းစားရမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ အားလုံးကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အပေါ်မှာပဲ ယေဘုယျအားဖြင့် လိုက်လုပ်ကြရ မှာပဲ။ သို့သော်လည်း ဒီညွှန်ကြားချက်များသည် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီများနဲ့ မညှိနှိုင်းဘဲနဲ့တော့ မလုပ် သင့်ဘူးလို့ ပြောချင်ပါတယ်” ဟုလည်း မုံရွာ အောင်ရှင်က ပြောဆိုသည်။
လက်ရှိ UEC သည် ရွေးကောက်ပွဲ ကျင်းပမှု ဆိုင်ရာဖြစ်စေ၊ အခြားသော မူဝါဒများကို ဆွေးနွေးရေး ဆိုင်ရာဖြစ်စေ နိုင်ငံရေး ပါတီများနှင့် ထိတွေ့မှု အလွန်အားနည်းသည်ဟုလည်း နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်လျက် ရှိသည်။
UEC အနေဖြင့် မည်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သည်ဖြစ်စေ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း ဆွေးနွေးပြီးမှ ဆုံးဖြတ်ခြင်းကသာ ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက တိုက်တွန်းမှု ရှိကြောင်း လည်း သိရသည်။
မြန်မာနိုင်ငံ၌ လက်ရှိ မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေး ပါတီပေါင်း ၁၂၈ ပါတီရှိပြီး တည်ဆဲပါတီ ၉၇ ပါတီ ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ အတွင်း မတ်လ ၂၃ ရက်မှ စတင်ကာ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ပြီး ဧပြီ ၃၀ ရက် နံနက် ၇ နာရီအထိ ရောဂါပိုး ကူးစက်ခံရသူ ၁၅၀ ရှိကြောင်း၊ ၆ ဦးသေဆုံး၍ ၂၇ ဦး ရောဂါပိုး ကင်းစင်ကာ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် အသွားအလာ ကန့်သတ်ချက်များ၊ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များ၊ လိုက်နာရမည့် ဒေသန္တရ အမိန့် ထုတ်ပြန်ချက်များအား သက်ဆိုင်ရာက ပြုလုပ်ထားပြီး ယင်း အမိန့် ညွှန်ကြားချက်များ ကာလကို မေလ ၁၅ ရက်အထိ တိုးမြှင့်ထားသည်။
You may also like these stories:
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း
ဗြိတိန်အစိုးရ၏ တပ်အရာရှိများကို ထပ်မံ ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ဟု ဆို
မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ရုံးအနီး စစ်ဆေးရေးဂိတ်ဟောင်းတွင် မီးရှို့ဖောက်ခွဲမှုဖြစ်ဟုဆို