ရွှေ့ပြောင်းလုပ်သား ၄ သောင်းကျော်အတွက် ပြင်ဆင်ထားပြီးဟု မန္တလေးတိုင်းအစိုးရပြော
မေလမှ စ၍ နယ်စပ်မှ တဆင့်ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဦးရေ ၄ သောင်းကျော် Quarantine ဝင်နိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့က သတင်း ထုတ်ပြန်လိုက်သည်။
မန္တလေးတိုင်း အစိုးရ အဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က “လူကြီးများရဲ့မေတ္တာရပ်ခံ ချက်အရ ဧပြီ ၃၀ ရက် နောက် ပိုင်းမှာ ပြည်ပရောက် မြန်မာလုပ်သားတွေက အုံနဲ့ကျင်းနဲ့ လာဖို့အနေအထားမှာ ရှိပါတယ်။ အခု လောလောဆယ်မှာ လည်း တရုတ်နဲ့ ထိုင်းကရော နေ့စဉ်နဲ့အမျှ မြန်မာနိုင်ငံသားများ ဝင်ရောက် နေပါတယ်” ဟု ယနေ့ နံနက် တိုင်းအစိုးရ အဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောသည်။
၎င်းသည် မန္တလေးတိုင်း၏ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဖြစ်သကဲ့သို့ မန္တလေး တိုင်း COVID-19 သတင်းမှား ဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ရေးနှင့် သတင်း စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အဖြစ် လက်ရှိတာဝန်ယူ ထားသူလည်း ဖြစ်သည်။
မန္တလေးခရိုင်တွင် Quarantine စင်တာ ၈ ခု စီစဉ်ထားပြီး သံဃာ့ဆေးရုံ၊ အားကစားသိပ္ပံ၊ မန္တလာ ဒီဂရီ ကောလိပ်၊ သူနာပြု တက္ကသိုလ်၊ သွားဆေးတက္ကသိုလ်တို့ အပါအဝင် Hotel Quarantine အဖြစ် ရွှေပြည်သာ၊ ရွိုင်ရယ်မင်္ဂလာနှင့် နဒီမြန်မာ ဟိုတယ်တို့တွင် ပြင်ဆင်ထားရှိသည်ဟု သိရသည်။
ထို့ပြင် မန္တလေးတိုင်းရှိ ခရိုင် အသီးသီးတွင် Quarantine စင်တာ ၁ ထောင်ကျော်ကို ပြင်ဆင်ထားပြီး လူဦးရေ ၃၉၀၀၀ ကျော် ဝင်ဆန့်နိုင်မည့် အနေအထားရှိကာ ပြည်ပပြန် အရေအတွက် များလာပါက ထပ်တိုးထားရှိနိုင်ရန် အတွက် ပြင်ဦးလွင်ခရိုင်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် လူဦးရေ ၁၅၀၀ အတွက် လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ စက်မှု လက်မှု တက္ကသိုလ်တွင် လူဦးရေ ၈၄ ဦးဆံ့ ကွာရန်တင်း စင်တာများလည်း အရန်သင့် ပြင်ဆင်ထားပြီး ဖြစ်သည် ဟု ဆိုသည်။
တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ စာရင်းများ အရ မန္တလေးတိုင်းမှ ပြည်ပသို့ သွား ရောက် အလုပ် လုပ်ကိုင်နေသူ စုစုပေါင်းမှာ ၃ သောင်း ၆ ထောင်ကျော် ရှိပြီး တရုတ်နိုင်ငံ၌ ၈ ထောင်ကျော်နှင့် ထိုင်း နိုင်ငံ၌ ၂ သောင်း ၈ ထောင်ကျော် ဖြစ်ကြောင်း သိရသည်။
ဧပြီ၂၉ ရက်အထိ မန္တလေးတိုင်းသို့ ပြည်ပမှ ပြန်ရောက်လာရှိသူ လုပ်သားအရေအတွက်မှာ ၃ ထောင် နီးပါးရှိကာ ၎င်း တို့သည် သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်မှု (Facility Quarantine) ဝင်ရောက်နေပြီ ဖြစ်သည်ဟု ဝန် ကြီးက ပြောသည်။
တရုတ်၊ ထိုင်း စသည့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား မေလမှ စတင် ပြန်လာခွင့်ပြုထားသလို ပြန်လည် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများသည် နယ်စပ်မှ တဆင့် မိမိနေထိုင် ရာ ဇာတိဖြစ်သော သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်တို့ရှိ Quarantine စင်တာများတွင် ၂၁ ရက် အသွားအလာ ကန့် သတ်မှု ခံယူခြင်း၊ နေအိမ်တွင် ၇ ရက် အသွားအလာ ကန့်သတ်မှု ခံယူခြင်း တို့ကို မဖြစ်မနေ ခံယူရမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ကြေညာထားသည်။
ထို့အတွက်ကြောင့် သက်ဆိုင်ရာတိုင်း၊ ပြည်နယ် အစိုးရများက မိမိတို့ ဒေသသို့ နယ်စပ်မှ ပြန်ဝင်လာမည့် မြန်မာနိုင်ငံ သားများ အတွက် လိုအပ်သော ကျန်းမာရေး စောင့်ကြည့်ခြင်းဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်လျက်ရှိပြီး မန္တလေးတိုင်းရှိ ခရိုင် ၇ ခုတွင် လူဦးရေ ၄ သောင်းကျော် ဆန့်မည့် ကွာရန်တင်းစင်တာများ ပြင်ဆင်ပြီး ဖြစ်သည်ဟု ဝန်ကြီး ဦးစိုင်းပန်း ဆိုင် က ဆိုသည်။
ဧပြီ၂၉ ရက်အထိ မန္တလေးတိုင်းအတွင်း သက်ဆိုင်ရာ Quarantine စင်တာများ၌ Factility Quarantine ဖြင့် အသွား အလာ ကန့်သတ်မှု ခံယူနေသူဦးရေ စုစုပေါင်း ၂၈၀၀ ခန့် ရှိကြောင်း မန္တလေးတိုင်း အစိုးရက သတင်းထုတ်ပြန်ချက် အရ သိရသည်။
ယနေ့ နံနက်ပိုင်း အထိ မန္တလေးတိုင်းအတွင်း COVID-19 ရောဂါပိုး တွေ့ရှိသူ ၃ ဦး ရှိကာ နှစ်ဦးသည် ကန်တော်နဒီ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်တဦးမှာ ရောဂါပိုးကင်းစင်သူ အဖြစ် ဆေးရုံမှ ဆင်းခွင့်ရရှိပြီးနောက် အ သွားအလာ ကန့်သတ်မှု ဆက်လက် ခံယူနေဆဲ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်