စစ်ဘေးရှောင်များနှင့် ပလက်ဝဒေသခံများအတွက် အထောက်အပံ့ပစ္စည်းများအဖြစ် ဆန်အိတ်နှင့် အခြားစားသောက်ကုန် ပစ္စည်းများ ပလက်ဝမြို့သို့ ဧပြီ ၂၈ ရက်နေ့က ထပ်မံရောက်ရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရောက်ရှိလာသည့် ပစ္စည်းများမှာ ဆန်အိတ် ၂၀၀၀ နှင့် အခြားစားသောက်ကုန်ပစ္စည်းများဖြစ်ပြီး ယင်းနေ့တွင်ပင် တပ်မတော်ရဟတ်ယာဉ်နှင့် ကြက်ဥနှင့်ကြက်သွန်နီများကို ပလက်ဝသို့ ပို့ဆောင်ပေးခဲ့သည်ဟု တပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“နောက်ထပ်ပို့ဖို့လည်းရှိသေးတယ်။ WFP ရဲ့ဟာတွေထပ်ပို့မယ်။ မနေ့က ညနေက ပို့ရင်းတောင်မှပဲ WFP ကား အပစ်ခံရ တာရှိသေးတယ်။ ယာဉ်တန်းနဲ့ပို့တာမှာ WFP ကားတွေလည်းပါတယ်” ဟု ၎င်းကပြောသည်။
ထိုပစ်ခတ်မှုတွင် ကားအနည်းငယ် ထိခိုက်ပြီး ယာဉ်မောင်းမှာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယခု ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများတင်ဆောင်လာသော ယာဉ်တန်းသည် ဧပြီလ ၂၅ ရက်နေ့က မတူပီမြို့မှ စတင် ထွက်ခွာလာရာ ဆမီးသို့ ရောက်ရှိပြီးနောက် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်းမှု အခြေအနေများအပြင် ပစ်ခတ်မှုများလည်း ဖြစ်ခဲ့ပေါ်ခဲ့၍ ဆမီးတွင် ရပ်နားနေခဲ့ရသေးသည်။
ပလက်ဝမြို့အနီးတဝိုက်တွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားသောတိုက်ပွဲများကြောင့်လည်း ကုန်စည်စီးဆင်းမှု မရှိသဖြင့် ဈေးနှုန်းများ အဆမတန်မြင့်တက်ပြီး ဒေသခံပြည်သူ၊ အစိုးရဝန်ထမ်းများနှင့် စစ်ဘေးရှောင်များမှာ စားသောက်ရေး အခက်အခဲများကြုံတွေ့နေရသည်မှာ လအတန်ကြာပြီဖြစ်သည်။
ပလက်ဝမြို့သို့ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ သယ်ယူသုံးစွဲနေရသော်လည်း ဖေဖော်ဝါရီနှင့်မတ်လများအတွင်း တပ်မတော်နှင့် AA တို့ ကုလားတန်မြစ်ကြောင်းတလျှောက် တိုက်ပွဲများဖြစ်ပွားသောကြောင့် ထိုလမ်းကြောင်းမှာလည်း ပြတ်တောက်ခဲ့ရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က “အခုက အားလုံးက ဝယ်စရာလည်းမရှိ၊ စားစရာလည်း မရှိ ဖြစ်နေတာလေ၊ အဲတာကြောင့် ကျနော်တို့က IDP Camp မှာတင်ရှိတဲ့သူတွေတင် အဆင်မပြေတော့ဘူး။ မြို့ပေါ် ရပ်ကွက်လေးခုရှိတယ်၊ နောက်တခါ ဝန်ထမ်းတွေရှိတယ်။ အဲဒါတွေကိုပါ ဒီတခေါက်ပို့တဲ့ဟာကတော့ ပြည်သူတွေ လှူဒါန်းတာဖြစ်တဲ့အတွက် အခမဲ့ တပတ်စာပေးခိုင်းထားပါတယ်။ ဒီနေ့စပေးနေပြီခင်ဗျ”ဟုပြောသည်။
ပလက်ဝသို့ ဆန်နှင့် အခြားအခြေခံစားသောက်ကုန်များ ပို့ဆောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေများဖြင့် ပခုက္ကူမြို့မှ ဆန်အိတ်များဝယ်ယူကာ ဆမီးထိ သယ်စောင့် စုပုံထားပြီး ပလက်ဝသို့ မိုးမကျမီ ထပ်မံပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်း နှင့်စစ်ဘေးရှောင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်းများက လှူဒါန်းသည့် ဆန်အိတ် ၈၃၀၊ ဆီပိဿာ ၂၀၀၊ ကြက်သွန်နီ ပိဿာ ၇၅၀၊ အာလူး ပိဿာ ၃၀၀ နှင့်ဆေးဝါးပစ္စည်းများကို ဧပြီလ ၁၉ ရက်နေ့တွင် ပလက်ဝသို့ ပို့ဆောင်ရောက်ရှိခဲ့ကြောင်းသိရသည်။
တပ်မတော်သားများ၊ မိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စားသုံးရန် ဆန်အိတ် ၄၀၀၀ကျော်နှင့် အခြားစား သောက်ကုန်ရိက္ခာများကိုလည်း ဧပြီလ ၂၄ ရက်နေ့က ပလက်ဝမြို့သို့ရောက်ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပလက်၀ စစ်ဘေးရှောင်များအတွက် ဆန်အိတ် ၁၀၀ သယ်ဆောင်လာသော ကားကို AA အဖွဲ့က တောတွင်းသို့ခေါ်ဆောင်သွားပြီး နောက် ဆန်အိတ် ၂၀ ယူထားလိုက်ပြီးနောက်ပိုင်းတွင် ယူထားလိုက်သည့် ဆန်အိတ်များကို ကာလပေါက်ဈေးအတိုင်း ငွေပေးချေလိုက်သည်ဟု AA ကထုတ်ပြန်ပြောဆိုခဲ့သည်။
ပလက်ဝမြို့နယ်အတွင်း အရပ်သားများ၏ ဆန်နှင့်ရိက္ခာများ သယ်ယူပါက ၎င်းတို့မြေပြင်တပ်ဖွဲ့ကို အကြောင်းကြားရမည်ဖြစ်ပြီး ထိုသို့သယ်ဆောင်လာသည့် ယာဉ်တွင် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါလာလျှင် ပစ်ခတ်မည်ဟု AAက သတင်းထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်တွင်း မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ကလေး ၂ ဦးနှင့် ဘဏ်ဝန်ထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရသေးသည်။
ပလက်ဝမြို့နယ်သည် ရပ်ကွက်နှင့်ကျေးရွာပေါင်း ၄၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ချင်းတိုင်းရင်းသားများအပြင် ရခိုင်တိုင်းရင်းသားများအချို့ပါ နေထိုင်ပြီး လူဦးရေ ၁ သိန်းကျော်ရှိကြောင်း သိရသည်။
တပ်မတော်နှင့်AA တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက်ခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူ ၃၆၀၀ ခန့်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားသောတိုက်ပွဲများကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားများ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုများလည်းရှိခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၁ သိန်းကျော်ရှိပြီဖြစ်ကြောင်းသိရသည်။
You may also like these stories:
ပလက်ဝမှ စစ်ဘေးရှောင်များ ကျောက်တော် ဘက်သို့ ပြေးရ
COVID-19 ကြောင့် ရှမ်းမြောက် ပလောင် ၈ ရွာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ