ကချင်ပြည်နယ် မြစ်ကြီးနားတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူများ ကုသရန်အတွက် လူနာ ၄၀ စာ ပြင်ဆင် ထားသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဧရာဝတီ ကို ပြောသည်။
ကချင်ပြည်နယ်တွင်း မည်သည့်မြို့နယ်မှ ဖြစ်စေ Covid-19 ရောဂါပိုး ကူးစက်ခံရသူ ရှိလာပါက မြစ်ကြီးနားမြို့ ဆေးရုံသို့ ပို့ဆောင် ကုသရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်နယ် အစိုးရ အဖွဲ့ကို ညွှန်ကြားထားသည်ဟု သိရသည်။
ဦးဇော်ဇော် က “မြစ်ကြီးနားက ဆေးရုံက ရန်ကုန်တို့လိုပါပဲ။ အားလုံးလည်း ဒီပုံအတိုင်းပဲ ပြင်ဆင် ထားကြတာပါ။ အားလုံး လူ ၄၀ စာလောက် လုပ်ထားတာ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြစ်ကြီးဆေးရုံ၌ ရောဂါပိုး ကူးစက်ခံထားရသူ တဦး ဆေးကုသမှုခံယူနေပြီး ၎င်းမှာ မိုးညှင်းမြို့မှ ဖြစ်သည်။
ကချင်ပြည်နယ်တွင်း မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းနှင့် ပူတာအို ဟူသည့် ခရိုင် ၄ ခု ၊ မြို့နယ် နှင့် မြို့နယ်ခွဲပေါင်း ၂၉ ခု ရှိပြီး လူဦးရေ ၁ သန်းကျော်နေထိုင်သည်။
ဦးဇော်ဇော် က ကချင်ပြည်နယ်တွင်းရှိ ခရိုင် ၄ ခုလုံးတွင် ကိုဗစ်လူနာများ ထားနိုင်သည့် Isolation Ward များ ပြင်ဆင်ထားသော်လည်း မြစ်ကြီးနားမြို့ ဆေးရုံတွင် ကျွမ်းကျင်သည့် သမားတော်များ၊ ဆေးပစ္စည်းကိရိယာများမှာ မြစ်ကြီးနားမြို့တွင်သာ ပိုပြည့်စုံသည်ဟု ပြောသည်။
ဦးဇော်ဇော်ထွန်း က “ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေ ဆိုရင်လည်း အကုန်လုံးကတော့ တိုင်းနဲ့ ပြည်နယ် ဆေးရုံတွေကို ထားကြတာ ဖြစ်ပါတယ်။ အဲ့တာက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်” ဟုပြောသည်။
ကချင်ပြည်နယ်တွင်း Covid-19 ရောဂါကုသနိုင်ရေးအတွက် ခရိုင်အလိုက် ဆေးရုံများတွင် ကိုဗစ်လူနာ ထားနိုင်သည့် အခြေအနေမရှိဘဲ မြစ်ကြီးနားမြို့သို့သာ ပို့ရမည့် အခြေအနေအပေါ် ကချင်နိုင်ငံရေး ပါတီများက ဝေဖန်နေကြသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့သည် Covid-19 အတွက် အလှူရှင်များ လှူဒါန်းနိုင်ရန် ရံပုံငွေ ကောက်ခံရေး အဖွဲ့တခုကို ထူထောင်ထားပြီး လက်ရှိတွင် သိန်း ၃၀၀၀ ခန့် အလှူငွေများ ရရှိထားပြီ ဖြစ်သည်ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။
တရုတ်နိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများကို ထားသည့် Quarantine Center များတွင် လိုအပ်သည့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဆပ်ပြာ နှင့် ဆန်များ ကို အဆိုပါ သိန်း ၃၀၀၀ ထဲမှ ဝယ်ယူကျခံပေးနေခြင်း ဖြစ်သည်ဟုလည်း ဦးဇော်ဇော်ထွန်း က ပြောသည်။
တရုတ်နိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၃၈၀၀ ရှိရာ ထိုထဲမှ လူဦးရေ ၂၈၀၀ ကျော်မှာ ကချင်ပြည်နယ်မှ ဒေသခံများ ဖြစ်ကြသည်။ တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများမှာလည်း နေရပ်သို့ ပြန်လာနေကြဆဲ ဖြစ်သည်။
ထို့ပြင် မတ်လ အတွင်းကလည်း ထိုင်း၊ စင်ကာပူ၊ တရုတ်နိုင်ငံတို့မှ အလုပ်လုပ်ပြီး မြစ်ကြီးနားမြို့သို့ ပြန်ရောက်လာသူ ၂၆၀ ခန့် ရှိခဲ့သည်။
တရုတ်နိုင်ငံနယ်စပ်နှင့် နီးကပ်ပြီး အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်ပြီး ပြန်လာသူများ အများအပြားပြီး ကချင်ပြည်နယ်အစိုးရ၏ Covid-19 ရောဂါ အတွက် ပြင်ဆင်မှုများသည် အားရစရာ မရှိဟု ကချင်နိုင်ငံရေးပါတီများမှ ဝေဖန်မှုများလည်း ရှိနေသည်။
ကချင်နိုင်ငံရေးပါတီ ၄ ပါတီ ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း က အစိုးရဘက်မှ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် ပတ်သတ်၍ အသိပညာပေးသည့် အပိုင်းများ၊ ပြင်ဆင်မှုများ လုပ်ဆောင်ရာတွင် တတ်တတ်ကြွကြွ မရှိဘဲ အားနည်းနေသည်ဟု မြင်ပြီး ပြည်သူလူထုဘက်မှ စိုးရိမ်မှုများနှင့် နေနေကြရသည်ဟု ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်း က “နယ်စပ်ဂိတ်ဆိုလည်း တရုတ်ဘက်က ပိတ်လိုက်လို့ ပိတ်တာ အရင်က တရုတ်တွေ ဥဒဟိုဝင်နေတာ ကျနော်တို့ ဘယ်လောက်ပဲ တင်ပြတင်ပြ မပိတ်ဘဲ ဒီတိုင်း ဖွင့်ထားတော့ အမြဲစိုးရိမ်နေရတာ။ ရောဂါဖြစ်တာ မဖြစ်တာထက် စိတ်ထဲမှာ စိုးရိမ်နေ ရတာပဲ ဖြစ်နေတော့ အစိုးရနဲ့ ပတ်သတ်လာရင် ပြောစရာပဲ ဖြစ်နေတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ရှာဖွေထားသည့် ရံပုံငွေများနှင့် အစိုးရတွင် ရှိသည့် ဘတ်ဂျတ်များကို အသုံးချသည့် အပိုင်းများတွင်လည်း ကချင်လူထုကို ထုတ်ဖော်ရှင်းပြခြင်းများ မရှိဘဲ ပွင့်လင်းမြင်သာမှု မရှိဟု ဦးကွမ်ဂေါင်အောင်ခမ်း က ဆိုသည်။
ကချင်ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်ရေးမှ ပြည်ထောင်စုအစိုးရအတွက် နှစ်စဉ် ဒေါ်လာ သန်းနှင့်ချီ ရရှိသော်လည်း ကချင်ပြည်နယ်၏ ကျန်းမာရေးဘတ်ဂျတ်တွင် ရင်းနှီးမြှုပ်နှံမှုက အားရစရာ မရှိဟုလည်း ပြောသည်။
ဦးကွမ်ဂေါင်အောင်ခမ်းက “မြစ်ကြီးနားဆေးရုံမှာလည်း ဒီလိုပဲ ကျနော်တို့က စိုးရိမ်မှု ရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်ရင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက ဒီတိုင်းပါပဲ။ ကျန်းမာရေးအတွက် ဘာမှ လုံခြုံတယ်လို့ မမြင်ရပါဘူး။ အစိုးရရဲ့လုပ်ပုံကိုင်ပုံကို ပြောချင်တာ ဒါပါပဲ” ဟု ဆိုသည်။
ဦးကွမ်ဂေါင်အောင်ခမ်း၏ KSPP ပါတီ အပါအဝင် ကချင်နိုင်ငံရေးသမားများ၊ ကချင်လူငယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများလည်း ပူးပေါင်းကာ ကွန်ရက်တခု ဖွဲ့ထားပြီး အစိုးရ၏ Quarantine Center များတွင် Volunteer များ လွှတ်ကာ ကူညီလျက် ရှိသည်။
Volunteer များသည် Quarantine Center များကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ အသိပညာပေး မှုများ ပြုလုပ်ခြင်း၊ အပူချိန်တိုင်းခြင်း၊ ရောဂါခြေချုပ်နေရမည့် သူများ၏ နေ့စဉ် စားသောက်ရေး အတွက် အလှူရှင်များနှင့် ဆက်သွယ်ပေးခြင်းများ လုပ်ပေးနေကြသည်။
ကချင်ပြည်နယ် အခြေစိုက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ကလည်း အစိုးရအနေဖြင့် ကိုဗစ်ကာကွယ်ရေးအတွက် လုပ်ဆောင်မှုများမှာ အားနည်းသည်ဟု ဝေဖန်သည်။
KNC သည် မိုးညှင်းမြို့မှ လူနာကို သက်ဆိုင်ရာ မိုးညှင်းခရိုင် ဆေးရုံကြီး တွင် ကုသနိုင်ခြင်း မရှိဘဲ မြစ်ကြီးနားမြို့ ဆေးရုံသို့ လွှဲပြောင်းရသည့် အပေါ်တွင် ထုတ်ပြန်ချက် ကြေငြာချက် တစောင်ထုတ်ကာ ကချင်ပြည်နယ်အစိုးရကို ဝေဖန်ထားသည်။
KNC ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က “မြစ်ကြီးနားက ကချင်ပြည်နယ်ရဲ့ ဗဟိုဆုံချက်လို ဖြစ်နေတော့ အများကြီးကူးစက်သွားတာ ဖြစ်နိုင်တယ်။ မိုးညှင်းမှာသာ ဖိဖိစီးစီးလေး ဆေးဝန်ထမ်းတွေ ပို့မယ်ဆိုရင်ရောပေါ့ ။ ဝူဟန်မှာ ဆိုရင် သူတို့ဖြစ်တော့ အဲ့က လူနာကို တခြားကို မပို့ပါဘူး။ ဝူဟန်ကိုပဲ ဆေးဝန်ထမ်းတွေပို့တယ်။ မြို့ကိုပဲ Lockdown လုပ်ပါတယ်။ ဒါက ကျနော့်အမြင်ပါ” ဟုပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရရှိထားသည့် ရံပုံငွေများကို မြစ်ကြီးနား မြို့ ဆေးရုံ တခုတည်းအတွက် အသုံးမပြုဘဲ ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခုလုံး၏ ဆေးရုံများ တွင်လည်း ခွဲဝေသုံးစွဲပြီး ဒေသအသီးသီးမှ အရပ်သားများက အနီးစပ်ဆုံး ဆေးရုံကို အားကိုး နိုင်ရန် ဆောင်ရွက်ပေးသင့်သည်ဟုလည်း KNC က ကချင်ပြည်နယ်အစိုးရကို ပေးသည့် အိတ်ဖွင့် ပေးစာတွင် ရေးသားထားသည်။
ဖားကန့်မြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့် က ကချင်နိုင်ငံရေးပါတီ များက ဝေဖန်မှုမှာ ကျိုးကြောင်း ဆီလျော်မှု မရှိဘဲ အစိုးရကို အဖျက်သဘော ပြောဆိုနေခြင်း ဖြစ်သည်ဟု တုန့်ပြန်သည်။
ဦးခင်မောင်မြင့် က “ကပ်ဖဲ့ရက်ဖဲ့နဲ့ ပြောနေမယ့်အစား အစိုးရကို လာကူပါ။ သူတို့ ဘာတွေ လှူနေလဲ။ သူတို့ပါတီတွေ ဘာတွေ လှူနေလို့လဲ။ လျှောက်ကန့်ကွက်နေတာ အလကားပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပရဟိတ ဦးဆောင်မယ် ပြောထားတယ်။ အားလုံးကို ကြိုဆိုတယ်။ ကျနော်တို့ မပိတ်ထားဘူး” ဟု ပြောသည်။
ကချင်ပြည်နယ် အစိုးရအနေဖြင့် လက်ရှိအချိန်ထိ နိုင်နိုင်နင်းနင်း ကိုင်တွယ်ထားနိုင်ဆဲဖြစ်ပြီး လူအများအပြား ကူးစက်ခြင်း၊ သေဆုံးခြင်းများလည်း မရှိသေးသဖြင့် ရလာဒ်ကိုသာ ကြည့်ရန် လိုသည်ဟု ဦးခင်မောင်မြင့်က ပြောသည်။
တဖက်တွင်လည်း ကချင်နိုင်ငံရေးပါတီများ ပြောဆိုနေသကဲ့သို့ အခြားပြည်နယ်နှင့် တိုင်းများတွင် ရောဂါပိုးကူးစက်ခံထားရသူ တွေ့ပါက ပြည်နယ်၏ မြို့တော်များသို့သာ ပို့ဆောင်ပြီး ကုသမှု ပြုလုပ်လျက် ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ တဦး တွေ့ရှိစဉ် ကလည်း ကျောက်မဲဆေးရုံတွင် မထားဘဲ လားရှိုးမြို့ ဆေးရုံသို့ အစိုးရဘက်မှ လွှဲပြောင်း ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင်လည်း ရောဂါပိုး ကူးစက်ခံထားရသူ ၄ ဦး တွေ့ရှိစဉ် က ပြည်မြို့သို့ လွှဲပြောင်းခဲ့ရသည်။
ပြည်မြို့ဆေးရုံသို့ လူနာ ၄ ဦး လွှဲပြောင်းပြီးနောက် ဖခင်ဖြစ်သူမှာ ပန်းနာရင်ကြပ်ရောဂါ အခံရှိသဖြင့် သေဆုံးသွားခဲ့သည်။ ဖခင်သေဆုံးပြီးနောက် ကျန်ရှိသည့် ကလေးများ၏ မိခင်မှ ပြည်မြို့တွင် ဆေးပစ္စည်းကိရိယာများ မစုံလင်သဖြင့် ၎င်း၏ ကလေးများကို ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းပေးရန် တောင်းဆိုသဖြင့် အစိုးရက လွှဲပြောင်းပေးခဲ့ရသည်။
ထို့ပြင် ပြည်မြို့မှ ဆရာဝန် ဒေါ်မြင့်မြင့်ခင် ရောဂါပိုး ကူးစက်ခံရရာတွင်လည်း ပြည်မြို့ဆေးရုံတွင် မကုသဘဲ ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသ ခဲ့ရသည်။
Covid-19 ရောဂါနှင့် ပတ်သတ်၍ ပိုးရှိမရှိ စစ်ဆေးရန်အတွက်လည်း မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ ၌သာ ဓါတ်ခွဲခန်းများ ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စစ်ဆေးလိုလျှင် တို့ဖတ်နမူနာကို ရန်ကုန်သို့ ပို့ဆောင်ကာ စစ်ဆေးရသည်။
ဆက်စပ်လင့်
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်
မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်