မတရားအသင်းအဖြစ် သတ်မှတ်ထားသော ရက္ခိုင်စစ်တပ် (AA) ၏ သတင်းကို ဖော်ပြခဲ့သည့်အတွက် မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား အရေးယူပေးရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားကြောင်း ကောင်စီအတွင်းရေးမှုး ဦးကျော်စွာမင်းက ဧရာဝတီကို ပြောသည်။
သတင်းမီဒီယာဥပဒေ ပုဒ်မ ၉/ဇ တွင် ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတမျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်းဟု ပါရှိထားပြီး အဆိုပါပုဒ်မဖြင့် အရေးယူရန်အတွက် မန္တလေး တိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးခင်မောင်ဝင်း က တရားလိုပြုလုပ်ကာ ဧပြီ ၁၂ ရက်က သတင်းမီဒီယာကောင်စီသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကောင်စီအတွင်းရေးမှုး ဦးကျော်စွာမင်း က “ကိုနေမျိုးလင်းက တိုင်ကြားခံရသူဖြစ်တော့ အစက ကိုဗစ် ကာလမှာ သွားရေးလာရေး အခက်အခဲကြောင့် အီးမေးလ်နဲ့ပဲ ကြားနာမှုကို အကြောင်းပြန်ဖို့ပြောထားပေမဲ့ သူဘက်ကလဲ ဒီကိစ္စနဲ့ ပက်သက်ပြီး သူဖမ်းဆီးထိန်းသိမ်းခံရစဉ်က နစ်နာမှုတွေကိုလဲ ကောင်စီကို ပြန်တိုင်ထားတာ ရှိတဲ့အတွက် မေလ ၅ ရက် မှာ ကောင်စီကိုလာရောက်ကြားနာဖို့ ဆင့်ခေါ်ထားတာပါ” ဟု ရှင်းပြသည်။
အဆိုပါတိုင်ကြားမှုအတွက် ကိုနေမျိုးလင်းသည် မေလ ၅ ရက်တွင် သတင်းမီဒီယာကောင်စီသို့ သွားရောက် ကာ AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူနှင့် မေးမြန်းထားသော အင်တာဗျူးအား ၎င်း၏ သတင်း ဌာန၌ ဖော်ပြခဲ့ရခြင်းနှင့် ပက်သက်ပြီး ကောင်စီမှ တာဝန်ရှိသူများနှင့် အပြန်အလှန်ကြားနာမှု ပြုလုပ်ရန် ဆင့်ခေါ်ထားသည်ဟု ကောင်စီမှ သိရသည်။
တိုင်ကြားခံရသူ Voice of Myanmar သတင်းဌာန တည်ထောင်သူ ဦးနေမျိုးလင်း က “အဓိကကတော့ တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းစေတာရယ်၊ ဒေသတည်ငြိမ်ရေးကို ပျက်ပြားစေတယ်ဆိုတဲ့ အကြောင်းပြချက် နှစ်ခုနဲ့ ကောင်စီကို တိုင်တန်းထားတာပါ။ ကျနော်အနေနဲ့ကတော့ ကောင်စီရဲ့ရပ် တည်မှုကို အသိအမှတ် ပြုတဲ့အတွက် ဒီကြားနာမှုကို သွားတက်ဖို့ စီစဉ်ထားသော်လဲ အခုလို ကိုဗစ်ကာလမှာ ခရီးသွားလာဖို့ အခက်အခဲရှိနိုင်တဲ့အတွက် ကောင်စီကိုတော့ အကျိုးအကြောင်း ပြန်မေးထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သတင်းမီဒီယာ ကောင်စီလက်အောက်ရှိ ညှိနှိုင်းဖြေရှင်းကော်မတီသည် တိုင်တန်းသူ မန္တလေး တိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးခင်မောင်ဝင်းနှင့် ဧပြီ ၂၈ ရက်က တွေ့ဆုံမေးမြန်းမှုများ ပြုပြီးဖြစ်၍ ယခုအခါ တိုင်ကြားခံရသူ ကိုနေမျိုးလင်းနှင့် ကောင်စီတွေ့ဆုံ မေးမြန်းပြီး မီဒီယာဥပဒေအား ဖောက်ဖျက် ခြင်းရှိ/မရှိအား အပြန်အလှန်ကြားနာမှုဖြင့် ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်း က ပြောသည်။
မတရားအသင်းအဖြစ် သတ်မှတ်ထားသော AA အဖွဲ့ ၏ ပြောဆိုခွင့်ရှိသူ ခိုင်သုခနှင့် ဆက်သွယ်ပြီး VOM သတင်းဌာန၌ သတင်းဖော်ပြခဲ့မှုကြောင့် မတ်လ ၃၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နှင့် ၅၂ (က) တို့ဖြင့် ဦးနေမျိုးလင်းအား မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီး ထိမ်းသိမ်း ထားခဲ့ပြီး ဧပြီ ၉ ရက်ညပိုင်းက အမှုမမြောက်သဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
မန္တလေးမြို့ခံ သတင်းစာဆရာ ကိုစန်းယုကျော် က “တရားစွဲအရာရှိတွေကိုယ်တိုင်က အမှုမမြောက်ပါဘူးလို့ ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးပြီးသားကိစ္စတခု အပေါ် ထပ်ပြီးတိုင်တန်းတဲ့ကိစ္စက နောင်မှာ သတင်း မီဒီယာ သမားတွေကို ဒီလိုကိစ္စတွေမှာ မရေးရဲအောင် လုပ်တယ်လို့မြင်ပါတယ်။ ဒါအပြင် အများ ပြည်သူရဲ့ သတင်း သိပိုင်ခွင့်၊ သတင်းစာဆရာတွေရဲ့ဘက်မျှမှု အပေါ် အနှောင့်အယှက် ဖြစ်စေပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။
ကိုနေမျိုးလင်းသည် ယခင်က ဘီဘီစီ မြန်မာပိုင်းသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်နှစ်မှ စတင်၍ မန္တလေးအခြေစိုက်ကာ Voice of Myanmar သတင်းဌာနအား တည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်အဖြစ် လက်ရှိလုပ်ကိုင်နေသူတဦးဖြစ်သည်။
ဆက်စပ်လင့်
AA သတင်းရေးသည့် သတင်းအယ်ဒီတာချုပ်နှင့်သတင်းထောက်များကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်
VOM သတင်းဌာန အယ်ဒီတာချူပ် ပြန်လွတ်လာ
AA နှင့် ဆက်သွယ်သည့် သတင်းသမားများကို ဖမ်းဆီးနေမှုအပေါ် သဘောထားအမြင်များ
အကြမ်းဖက်ဥပဒေဖြင့် သတင်းသမားများကို တရားစွဲနေခြင်းအား ပြန်သုံးသပ်ရန် EPRN တောင်းဆို