သတင်း

COVID-19 ကုသရေးဆေးရုံများ သုံးရန် စက်ရုပ်များ နည်းပညာတက္ကသိုလ်များ တီထွင်

Want create site? Find Free WordPress Themes and plugins.

COVID-19 ပြန့်ပွားမှုကို ကာကွယ်ရန် ပြည်တွင်းတွင် ဒီဇိုင်း ရေးဆွဲ၍ ထုတ်လုပ်သည့် စက်ရုပ် ၂ ရုပ်ကို ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ဖောင်ကြီးတွင် အရေးပေါ် ပြုလုပ်ထားသော COVID-19 ဆေးဘက်ဆိုင်ရာ စင်တာတွင် အသုံးပြုထားသည်။

စက်ရုပ်များကို ဆေးကုသရေး စင်တာတွင် အစားအစာ၊ ဆေးဝါးနှင့် အမှိုက်များအား သယ်ဆောင်ရန် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများနှင့် လူနာများကြားမှ ထိတွေ့မှုကို လျှော့ချပေး၍ ကိုရိုနာဗိုင်းရပ် ပြန့်ပွားနိုင်သည့် အန္တရာယ် နည်းပါးသွားစေနိုင်မည် ဖြစ်သည်။

တွန်းလှည်းစက်ရုပ် သို့မဟုတ် TR 201 ဟုခေါ်သော စက်ရုပ်ကို ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ရှိ Mechatronic အင်ဂျင်နီယာဌာနမှ တီထွင်ခဲ့ပြီး အာရုံခံကိရိယာတပ်ဆင်ထားသည့် လိမ့်နိုင်သော တွန်းလှည်းတခု ဖြစ်သည်။ ထို့ကြောင့် ၎င်းက လမ်းကြောင်းတခုပေါ် အလိုအလျှောက် ရွေ့လျားနိုင်ပြီး လူ တဦးနှင့် တဦး ထိတွေ့ရန် လိုအပ်ချက်ကို လျော့ချပေးသည်။ နောက်ထပ် စက်ရုပ်ဖြစ်သော ကွန်တိန်နာ စက်ရုပ် သို့မဟုတ် CR 201 ကို မန္တလေး နည်းပညာတက္ကသိုလ် (MTU) ရှိ Mechatronic အင်ဂျင်နီယာဌာနမှ တီထွင် ပေးခဲ့ပြီး ပစ္စည်းများကို ကွန်တိန်နာ သို့မဟုတ် ခြင်းတောင်းထဲသို့ ထည့်၍ သယ်ဆောင်နိုင်သည်။

စက်ရုပ်များ တီထွင်ရန် စိတ်ကူးက လူနာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အချင်းချင်း ထိတွေ့ဆက်ဆံရမည့် အကြိမ်အရေအတွက်ကို လျှော့ရေး နည်းလမ်းတခု အနေဖြင့် ရန်ကုန်ရှိ ဝေဘာဂီဆေးရုံမှ ပါမောက္ခ ဒေါက်တာ စပယ်ဖြူက န်ိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဆိုပြုခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“ဒီစက်ရုပ်ကို သုံးပြီး လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကြား ထိတွေရတဲ့ အခြေအနေတွေကို လျှော့ချဖို့ ကျမတို့က အဓိကရည်ရွယ်ပါတယ်” ဟု YTU တွင် Trolley စက်ရုပ်တီထွင်မှုကို ဦးဆောင်ခဲ့သော ဒေါက်တာ ဒေါ်ဖြူဖြူထွန်းက ပြော သည်။

COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ကျန်းမာရေး ဝန်ကြီးဌာနအား ကူညီရေးအတွက် ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့သောကြောင့် စက်ရုပ် စီမံကိန်းကို စတင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာ ဒေါ်ဖြူဖြူထွန်းက ဧရာဝတီသို့ ပြောသည်။ ဧပြီလ ၂၇ ရက် နေ့တွင် ပညာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာန သို့ နောက်ထပ် တွန်းလှည်း စက်ရုပ် ၃ ခု နှင့် အဝေးမှ ထိန်းချုပ်နိုင်သော ဆေးဖြန်း သန့်ရှင်းရေးစက်ရုပ်တရုပ် လှူဒါန်းခဲ့သည်။

ယခုအခါ ပညာရေးဝန်ကြီးဌာနက ဆေးရုံများအတွက် စက်ရုပ်များ တီထွင်ပေးရန် န်ိုင်ငံတွင်းရှိ နည်းပညာတက္ကသိုလ်များသို့ နောက်ထပ် ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ ပြီးဖြစ်သည်။

ဖောင်ကြီးရှိ COVID-19 ယာယီ ဆေးဘက်ဆိုင်ရာ စင်တာမှ ဒေါက်တာ ကိုကိုနိုင်က“ ဒီစက်ရုပ်တွေကို အသုံးပြုခြင်းအားဖြင့် လူနာတွေနဲ့ ထိတွေ့ဆက်ဆံရမယ့် အခြေအနေတွေကို ကျနော်တို့က လျှော့ချနိုင်မယ် ဆိုရင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို လျော့ကျသွားပါ လိမ့်မယ်” ဟု ပြောသည်။

ကုသရေး စင်တာကို ရန်ကုန်တိုင်း အစိုးရက လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် မကြာသေးမီက တည်ထောင်ခဲ့သည်။

အဆိုပါ စင်တာတွင် လူနာများ မရှိသေးသော်လည်း လက်ရှိ၌ ရန်ကုန်တွင် COVID-19 လူနာများကို ကုသနေသော ဆေးရုံ ၂ ခု က ၎င်းတို့၏ စွမ်းဆောင်နိုင်သော အရေအတွက်သို့ ရောက်ရှိသည့် အချိန်တွင် လူနာ ၂၀၀ အထိ လက်ခံပေးနိုင်ရန် စီစဉ်ထားသည်။

ပညာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာနသို့ အဝေးသို့ သတင်းစကား ပေးပို့ နိုင်ရန် Speaker drone တခုနှင့် မောင်းသူမဲ့ ဆေးဖြန်း drone တခု ကိုလည်း လှူဒါန်းခဲ့သည်။ အဆိုပါ drone များကိုလည်း နည်းပညာတက္ကသိုလ်များမှ ဆရာ/ဆရာမ များနှင့် ကျောင်းသူကျောင်းသားများက တီထွင်ခဲ့ကြခြင်း ဖြစ်သည်။

(Zaw Zaw Htwe ၏ Myanmar Universities Invent Robots to Prevent Spread of COVID-19 in Hospitals ကို ဘာသာပြန်သည်။)

ဆက်စပ်လင့်

 မြစ်ကြီးနားဆေးရုံတွင် COVID-19 လူနာ ၄၀ ကုသနိုင်ရန် ပြင်ဆင်ထား

Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်

COVID-19 ရောဂါပိုး တွေ့ ရှိထားသည့် တပ်အရာရှိ ၃ ဦး ရုရှားတွင် ဆက်လက် ကုသမည်

Did you find apk for android? You can find new Free Android Games and apps.
Loading